စတီးရွိုက်ဆေးဆိုသည်မှာ ခန္ဓာကိုယ်တွင် ကျောက်ကပ်၏အပေါ်ပိုင်းတွင်ရှိသော အက်ဒရီနယ်ဂလင်း (Adrenal Gland) မှ သဘာဝအလျောက် ထုတ်လုပ်သော ကော်တီစောဟော်မုန်း (Cortisol) နှင့် အနီးစပ်ဆုံး တူအောင် ထုတ်လုပ်ထားသောဆေးဖြစ်သည်။ ကော်တီစော ဟော်မုန်းမှာ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်၊ ခုခံအား တုံ့ပြန်မှုနှင့် စိတ်ဖိစီးမှု အစရှိသည်တို့အတွက် အရေးကြီးသောဟော်မုန်းဖြစ်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
- ပန်းနာရင်ကျပ်ရောဂါ နှင့် နာတာရှည် အဆုတ်ပွပန်းနာ ရောဂါ (Asthma and COPD)
- ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis)
- အက်စ်အယ်လ်အီး ရောဂါ (SLE)
- ပြင်းထန်သော အင်ပြင်ဖုထွက်ခြင်း (Severe Urticaria)
- ဓာတ်မတည့်ခြင်း (Allergies, Anaphylaxis)
- နှင်းခူရောဂါ (Eczema) ၊ ဆိုရီယားစစ် ရောဂါ (Psoriasis)
- အဆစ်နှင့် ကြွက်သားများ နာကျင်ရောင်ရမ်းခြင်း (Arthritis and Myositis)
- အာရုံကြော ညှပ်ခြင်း (Pinched Nerve)
- အူရောင်ရောဂါ (Inflammatory bowel disease – Ulcerative Colitis and Crohn’s disease)
- အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသည့် အဆီလွှာ ပျက်စီးသည့် ရောဂါ (Multiple Sclerosis)
- ကိုယ်တွင်းအင်္ဂါ အစားထိုးကုသသူများ (Organ Transplant)
- ကော်တီစော ဟော်မုန်း လုံလောက်စွာ မထုတ်နိုင်သော အက်ဒီဆင် ရောဂါ (Addison’s Disease) အစရှိသော အခြေအနေများတွင် အသုံးပြုနိုင်သည်။
စတီးရွိုက်ဆေးများကို အသုံးပြုရာတွင် လူနာ၏ အသက်အရွယ်၊ ရောဂါပြင်းထန်မှု ၊ အခြားသော ရောဂါ အခံများ နှင့် လက်ရှိသောက်သုံးနေသော ဆေးဝါးများအပေါ်တွင် မူတည်သည်။ စတီးရွိုက်ဆေးများကို စတင်အသုံးမပြုမီ စတီးရွက်ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးနှင့် ဘေးထွက်ဆိုးကျိုးများကို သေချာစွာ နားလည်သိရှိရန် လိုအပ်သည်။
သုံးစွဲပုံ နည်းလမ်းများ
စတီးရွိုက် ကို အသုံးပြုနိုင်သော ပုံစံများမှာ
- ဆေး အလုံး (tablets)
- ဆေး အရည် (liquids)
- ရှူဆေး (inhalers)
- နှာခေါင်းတွင်းဖြန်းဆေး (intranasal spray)
- လိမ်းဆေး (creams, lotion, ointments or gels)
- ထိုးဆေး (injections)
- မျက်စဥ်းဆေး (eye drops) စသည်တို့ဖြစ်သည်။
အသုံးများသော စတီးရွိုက်များမှာ
- Prednisolone
- Hydrocortisone
- Triamcinolone
- Dexamethasone
- Betamethasone
- Methylprednisolone စသည်တို့ဖြစ်သည်။
စတီးရွိုက် ၏ အလုပ်လုပ်ပုံ
စတီးရွိုက်သည် ခုခံအားစနစ်၏ လုပ်ဆောင်မှုကိုလျော့ကျစေခြင်း၊ ရောင်ရမ်းမှု ဖြစ်ပေါ်စေသော ဓာတုပစ္စည်း ထုတ်လုပ်မှုကို လျော့ကျစေခြင်းဖြင့် ပုံမမှန်တုံ့ပြန်မှုများနှင့် ရောင်ရမ်းမှုကိုသက်သာစေသည်။ ခန္ဓာကိုယ်ထဲသို့ ရောဂါဝင်ရောက်သည့်အချိန် ခုခံအားစနစ်မှ တိုက်ခိုက်သဖြင့် ရောင်ရမ်းခြင်း၊ ခုခံအားစနစ်မှ ခန္ဓာကိုယ်အား မှားယွင်းတိုက်ခိုက်မှုကြောင့် ရောင်ရမ်းခြင်းနှင့် ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများကို သက်သာစေရန် စတီးရွိုက်ကို အသုံးပြုကြသည်။ စတီးရွိုက်သည် ကော်တီစော ဟော်မုန်း (Cortisol) ၏ လုပ်ဆောင်ချက်ကို မြင့်တက်စေနိုင်သောကြောင့် ခန္ဓာကိုယ်မှ ကော်တီစောဟော်မုန်း လုံလောက်စွာ မထုတ်လုပ်နိုင်သော ရောဂါများတွင်လည်း အသုံးပြုနိုင်သည်။
စတီးရွိုက်ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူး ဥပမာများမှာ
- ရောင်ရမ်းခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်သောအခါ စတီးရွိုက်ကို သုံးခြင်းဖြင့် ကိုယ်တွင်းအင်္ဂါ ပျက်စီးမှုကို လျှော့ချကာကွယ်ပေးနိုင်ပြီး အချို့သော အခြေအနေများတွင် အသက်အန္တရာယ် ထိခိုက်ခြင်းကိုပင် ကာကွယ်ပေးနိုင်သည်။
- စတီးရွိုက်သည် ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ အာနိသင်ပြနိုင်သောကြောင့် ဓာတ်မတည့်ခြင်းကဲ့သို့သော ရုတ်တရက် ပြင်းထန်သော လက္ခဏာများကို ထိရောက်စွာ သက်သာစေနိုင်သည်။
- ကျောက်ကပ်ရောင် ရောဂါများတွင် ကျောက်ကပ်ထိခိုက် ပျက်စီးခြင်းဖြစ်ပေါ်ပြီး ကျောက်ကပ်ဆေးရသည့် အဆင့်သို့မရောက်အောင် စတီးရွိုက်ကို ပေးခြင်းဖြင့် တားဆီကာကွယ်ပေးနိုင်သည်။
- အချို့သော နာတာရှည်ရောဂါများတွင် ရောဂါလက္ခဏာများမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်ပြီး ရုတ်တရက်ရောဂါကြွသည့်အချိန် (Disease Activity – Flare Up) တွင် စတီးရွိုက် ပေးခြင်းဖြင့် လျင်မြန်စွာသက်သာနိုင်သည်။
- ကိုယ်တွင်းအင်္ဂါအစားထိုးကုသသူများတွင် အစားထိုးထည့်လိုက်သော အခြားသူ၏ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းကို မိမိ၏ခန္ဓာကိုယ်မှ တုံ့ပြန်တိုက်ခိုက်မှု (Rejection) မရှိစေရန် စတီးရွိုက်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
- ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် ကျနေသူများတွင် စတီးရွိုက်ပေးခြင်းဖြင့် သေဆုံးမှုကို လျှော့ချပေးနိုင်သည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်နိုင်မှုသည် အသုံးပြုသည့် စတီးရွိုက်အမျိုးအစား၊ ဆေးပမာဏ နှင့် သောက်သုံးသည့် အချိန်ကာလ ပေါ်မူတည်၍ ဖြစ်ပေါ်သည်။
- စတီးရွိုက်ကို သောက်ဆေး အနေနှင့် အသုံးပြုသောအခါ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများမှာ
- အစာစားချင်စိတ်အလွန် များခြင်း
- ကိုယ်အလေးချိန် တိုးလာခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း
- ကြွက်သားအားနည်းခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- ခန္ဓာကိုယ်ရှိ အမွေးအမှင်များ ထူလာခြင်း
- အလွယ်တကူသွေးခြည်ဥခြင်း
- ရောဂါပိုး အဝင်လွယ်ခြင်း
- မျက်နှာဖောရောင်ခြင်း
- ဝက်ခြံထွက်ခြင်း
- အရိုးပွပြီး အလွယ်တကူ အရိုးကျိုးနိုင်ခြင်း
- ဆီးချိုရောဂါ စတင်ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ဆီးချိုရောဂါ ထိန်းရခက်ခြင်း
- သွေးတိုးရောဂါ စတင်ဖြစ်ပေါ်ခြင်း (သို့မဟုတ်) သွေးပေါင်ချိန်ထိန်းရခက်ခြင်း
- အစာအိမ်ရောင်ပြီး နာခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- အိပ်ပျော်ရန် ခက်ခဲခြင်း
- အတွင်းတိမ် (သို့မဟုတ်) ရေတိမ် ဖြစ်ခြင်း
- အရည်များစုမိပြီး ဖောရောင်ခြင်း တို့ဖြစ်ကြသည်။
- စတီးရွိုက်ကို ရှူဆေးအဖြစ် အသုံးပြုသောအခါ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ
စတီးရွိုက်ကို ရှူသွင်းလိုက်သောအခါ ဆေးအချို့မှာ ပါးစပ်နှင့် နှာခေါင်း တို့တွင် ကျန်ခဲ့နိုင်ပြီး- ပါးစပ်တွင်း မှိုပိုးဖြစ်ပေါ်၍ အဖြူဖတ်များဖြစ်ခြင်း (fungal infection in mouth– oral thrush)
- အသံဝင်ခြင်း ( hoarseness of voice) တို့ဖြစ်နိုင်သည်။
ထိုသို့ မဖြစ်စေရန် စတီးရွိုက်ရှူဆေးကို အသုံးပြုပြီးတိုင်း ပါးစပ်ကို ရေဖြင့်သေချာစွာ ပလုတ်ကျင်းပါ။ ပလုတ်ကျင်းသောရေကို မြိုမချမိစေရန် သတိထားရမည်။
- စတီးရွိုက်ကို လိမ်းဆေးအနေနှင့် အသုံးပြုသောအခါ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ
- အရေပြားပါးခြင်း၊ အရေပြားအနာဖြစ်ခြင်း နှင့် ဝက်ခြံထွက်ခြင်း ဖြစ်ပေါ်နိုင်သည်။
- စတီးရွိုက်ကို ထိုးဆေးအနေနှင့် အသုံးပြုသောအခါ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ
- ထိုးသည့်နေရာတွင် နာကျင်ခြင်း၊ အရေပြား အရောင်ပြောင်းခြင်းတို့ ခဏတာဖြစ်ပေါ်ခြင်း
- မျက်နှာရဲခြင်း၊ အိပ်မပျော်ခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း တို့ကိုလည်းဖြစ်ပေါ်စေနိုင်သည်။
သတိပြုသင့်သည့် အချက်များ
အထက်တွင်ဖော်ပြခဲ့သည့် ဘေးထွက်ဆိုးကျိုးများသည် လူတိုင်းတွင် ဖြစ်ပေါ်ခြင်း မဟုတ်ပါ။ စတီးရွိုက်ကို ပမာဏများများနှင့် အချိန်ကာလကြာရှည်စွာ သောက်သုံးသူများတွင် ဖြစ်နိုင်ချေများသည်။ စတီးရွိုက်ကို ကာလကြာရှည်စွာ အသုံးပြုလျှင် ခန္ဓာကိုယ်မှ ကော်တီစော ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်စေသည်။ စတီးရွိုက်ပေးခြင်းကို ရပ်တန့်လိုက်သောအခါ ခန္ဓာကိုယ်မှ ကော်တီစောကို ပြန်ထုတ်ရန် အချိန် အတိုင်းအတာတစ်ခုအထိ အချိန်ယူရသည်။ ထို့ကြောင့် စတီးရွိုက်ကို အချိန်ကာလကြာရှည်စွာ (၃ ပတ်နှင့် အထက်) အသုံးပြုပြီးလျှင် စတီးရွိုက်ကို ချက်ချင်းမရပ်ဘဲ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့၍ ခန္ဓာကိုယ်ထဲရှိ ကော်တီစော ပမာဏ ပုံမှန်ဖြစ်စေရန် အချိန်ယူရသည်။ ထိုသို့မဟုတ်ဘဲ ရုတ်တရက်ရပ်လိုက်ပါက မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ စတီးရွိုက် ဆေးများကို ကြာရှည်စွာ အသုံးပြုနေသော သူများသည် ကိုယ်ခံအားနည်းသော အခြေအနေတွင် ရှိနေသောကြောင့် ဗိုင်းရပ်စ်ပိုး အရှင်၏ အစိတ်အပိုင်းအချို့ကို ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Vaccine) (ဥပမာ – ရေကျောက်ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး) တို့ကို မထိုးသင့်ပါ။
စတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
- အမှန်တကယ် မလိုအပ်ဘဲ စတီးရွိုက်ပါသောဆေးဝါးများကို အသုံးမပြုပါနှင့်။
- စတီးရွိုက်သောက်ရန်လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန်လိုသည်။ (မိမိသဘောဆန္ဒဖြင့်ဆေးတိုးသောက်ခြင်း၊ လျှော့သောက်ခြင်း၊ ဆေးရပ်ခြင်း လုံးဝမပြုလုပ်ရပါ)
- ဘေးထွက်ဆိုးကျိုးများကို စောစီးစွာသိရှိနိုင်ရန် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို မှတ်သား စောင့်ကြည့်ရန် လိုအပ်သည်။
- ဖြစ်နိုင်လျှင် လိမ်းဆေးဖြင့် အသုံးပြု၍ ရနိုင်သော အခြေအနေများတွင် ဘေးထွက်ဆိုးကျိုးနည်းသော လိမ်းဆေးကိုသာ အသုံးပြုပါ။
- ရောဂါကို ထိန်းချုပ်ရန် လိုအပ်သော အနိမ့်ဆုံးဆေးပမာဏကိုသာ အသုံးပြုပါ။
- ရောဂါ လက္ခဏာ သက်သာလာသည်နှင့် တစ်ပြိုင်နက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို တဖြည်းဖြည်းချင်း လျှော့ရပါမည်။
- သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာပြီး လိုအပ်လျှင် ကုသမှု ခံယူပါ။
- စတီးရွိုက်ကို ကာလကြာရှည်စွာ အသုံးပြုပါက အရိုးပွရောဂါဖြစ်နိုင်သဖြင့် အရိုးသိပ်သည်းဆကို တိုင်းတာပြီး အရိုးကျန်းမာရေးအတွက် လိုအပ်သော ဆေးများနှင့် ဖြည့်စွက်စာများစားပါ။
- မိမိတွင် ရောဂါအခံများနှင့် သောက်သုံးနေရသော ဆေးများရှိပါက ဆရာဝန်ကို အသိပေးရမည်။
- စတီးရွိုက်ကို ကာလကြာရှည်စွာ သောက်သုံးနေရသူများဖြစ်လျှင် ဆရာဝန်နှင့် ရက်ချိန်းမှန်မှန် ပြန်ပြရန်လိုအပ်သည်။
- ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ဖြစ်စေနိုင်သောကြောင့် အချိုများသော ၊ အငန်များသော ၊ အဆီများသော အစားအသောက်များကိုရှောင်ကြဥ်ပါ
- ရောဂါပိုး အလွယ်တကူ ဝင်ရောက်နိုင်သောကြောင့် ကိုယ်ခံအားကောင်းစေရန် အာဟာရပြည့်ဝအောင် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် အိပ်ရေးဝအောင်အိပ်ခြင်း တို့ကို ပြုလုပ်ရမည်။
References:
- Dresden, D. (2024). What to know about corticosteroids. Retrieved June 29, 2024, from https://www.medicalnewstoday.com/articles/corticosteroids
- Gotter, A. (2023). Corticosteroids: Uses, Types, Side Effects and Interactions. Healthline. Retrieved June 29, 2024, from https://www.healthline.com/health/corticosteroids-what-are-they
- Prednisone and other corticosteroids. (2022). Mayo Clinic. Retrieved June 29, 2024, from https://www.mayoclinic.org/steroids/art-20045692
- Cleveland Clinic. (n.d.). Corticosteroids. Retrieved June 29, 2024, from https://my.clevelandclinic.org/health/drugs/4812-corticosteroids
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.