စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးဆိုသည်မှာ အဖျားကျစေရန်၊ အနာသက်သာစေရန်နှင့် ရောင်ရမ်းမှုကို လျော့ကျစေရန် အတွက် အသုံးပြုသော ဆေးဖြစ်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
- အပြင်းအထန်ဖျားနာခြင်း၊
- အကိုက်အခဲအမျိုးမျိုး – ခေါင်းကိုက်ခြင်း၊ အဆစ်ရောင်ရမ်း နာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရ၍ ရောင်ရမ်းနာကျင်ခြင်း၊ ကြွက်သားနာခြင်း၊ ခါးနာခြင်း၊ သွားနာခြင်း၊ ရာသီလာစဥ် ဗိုက်နာခြင်း ၊ တုပ်ကွေးမိ၍ ကိုယ်လက် နာကျင်ခြင်း၊
- အချို့သော ခုခံအားဆိုင်ရာရောဂါများတွင် ခုခံအားစနစ်မှ တိုက်ခိုက်သောကြောင့် ရောင်ရမ်းခြင်း (ဥပမာ – လေးဘက်နာရောဂါ) အစရှိသော အခြေအနေများတွင် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးကို အသုံးပြုနိုင်သည်။
သို့သော် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများကို ရေရှည်သောက်ပါက အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သောကြောင့် မိမိသဘောနှင့်သောက်ပါက အဖျားအတွက် (၃)ရက်နှင့် နာကျင်မှုအတွက် (၁၀) ရက် ထက်ပို၍ မသောက်သုံးရပါ။ မသက်သာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပြီးဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများကိုလည်း မှတ်သားထားရမည်။ အကိုက်အခဲပျောက်ဆေးသောက်ပြီး ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခဲ့လျှင်လည်း ဆရာဝန်ကို ချက်ချင်းအသိပေးရမည်။
ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သတိထား၍ သောက်သုံးသင့်သူများ
အောက်တွင်ဖော်ပြထားသောသူများသည် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နိုင်ခြေ များသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။
- အသက် ၆၅ နှစ် နှင့် အထက်
- နို့တိုက်မိခင်များ
- ရင်ကျပ်ရောဂါရှိသူများ
- အရက်သောက်သူများ
- ယခင်က အစာအိမ် အနာဖြစ်ဖူးသူများ
- နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အူရောင်ရောဂါ ရှိသူများ
- အခြားသော ဆေးများသောက်သုံးနေရသူများ ( ဥပမာ – သွေးကျဲဆေး၊ သွေးမခဲဆေး၊ စတီးရွိုက်၊ ဆီးဆေး၊ ဘီတာဘလော့ကာ (beta blockers)၊ အေစီအီးအိုင် (ACEI) ၊ အေအာဘီ (ARB) ၊ ကိုယ်ခံအားချသော ဆေးများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများတွင် အသုံးပြုသောဆေးများ) အစရှိသော ဆေးများသောက်သုံးနေရပါက စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများနှင့် ဓာတ်ပြုပြီး မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သဖြင့် ဆရာဝန်ကို ကြိုတင်အသိပေးရန် လိုအပ်သည်။ အထက်ဖော်ပြပါအခြေအနေများတွင် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးပေးရန် မသင့်တော်ပါက ဆရာဝန်များမှ အနာသက်သာစေရန် ပါရာစီတမော ကဲ့သို့သော ဆေးများပေးခြင်း၊ လိမ်းဆေးများကို အစားထိုးပေးခြင်းများ ပြုလုပ်ပေးလိမ့်မည်။
မသောက်သုံးသင့်သည့် အခြေအနေများ
- အစာအိမ် အနာ (သို့မဟုတ်) အစာအိမ်သွေးကြောပေါက်ခြင်း
- သွေးယိုစီးထွက်ရောဂါ (bleeding disorders)
- စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးနှင့် ဓာတ်မတည့်ခြင်း
- ကိုယ်ဝန်ဆောင်များ (သို့မဟုတ်) ကလေးယူရန် ကြိုးစားနေသူများ
- ထိန်းရခက်သော သွေးတိုးရောဂါ အစရှိသော အခြေအနေများတွင် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး မသောက်သုံးသင့်ပါ။
သုံးစွဲပုံ နည်းလမ်းများ
စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးကို အသုံးပြုနိုင်သောပုံစံများမှာ
- ဆေး အလုံး (tablets or capsules)
- ဆေး အရည် (liquids)
- လိမ်းဆေး (Creams or gels)
- ထိုးဆေး (injections)
- စအိုထဲ ထည့်သည့်ဆေး (suppositories) ပုံစံ အနေဖြင့် အသုံးပြုနိုင်သည်။
အသုံးများသော စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများမှာ
- Ibuprofen
- Naproxen
- Diclofenac
- Celecoxib
- Mefenamic acid
- Etoricoxib
- Indomethacin
- Aspirin တို့ဖြစ်ကြသည်။
စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး၏ အလုပ်လုပ်ပုံ
စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးသည် ခန္ဓာကိုယ်တွင်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသည့် ဟော်မုန်းကဲ့သို့သော ဓာတုပစ္စည်း (Prostaglandin) ကို လျော့နည်းစေခြင်းဖြင့် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေသည်။ ထို Prostaglandin ကြောင့် အပူချိန် မြင့်တက်ပြီး သွေးကြောများကျယ်လာသဖြင့် ရောင်ရမ်းခြင်း၊ ဖျားခြင်း၊ နာခြင်းကို ဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်၏ ဆဲလ်များအတွင်းတွင် Prostaglandin ကို Cyclooxygenase (COX) ခေါ် အင်ဇိုင်းအကူအညီဖြင့် ထုတ်လုပ်သည်။ စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများသည် COX အင်ဇိုင်းများကို တားဆီးပြီး ခန္ဓာကိုယ်တွင်း Prostaglandin ကို လျော့ကျစေခြင်းဖြင့် ရောင်ရမ်း နာကျင် ဖျားနာခြင်းကို သက်သာစေနိုင်သည်။ Prostagladin ဓာတုပစ္စည်းသည် အခြားတစ်ဖက်တွင် သွေးဥမွှားများ၏ သွေးခဲလုပ်ငန်းကို ထောက်ပံ့ပေးခြင်းနှင့် အစာအိမ်ကို အက်ဆစ်ကြောင့် ထိခိုက်ခြင်းကို ကာကွယ်ခြင်း တို့ကိုလည်း လုပ်ဆောင်ပေးသည်။ စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးသည် သွေးဥမွှား၏ သွေးခဲလုပ်ငန်းကိုပါ တားဆီးသဖြင့် သွေးမခဲစေနိုင်သောကြောင့် Aspirin ကဲ့သို့သော စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးကို နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။ သို့သော် Prostagladin ဓာတုပစ္စည်း၏ ကောင်းသောလုပ်ငန်းများကို တားဆီးသောကြောင့် အကိုက်အခဲပျောက်ဆေး သောက်လျှင် သွေးထွက်များနိုင်သည်။ အစာအိမ်ကို အက်ဆစ်ဒဏ်မှ မကာကွယ်နိုင်ဘဲ အစာအိမ်အနာများ ဖြစ်ပေါ်စေနိုင်သည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
- အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း
- အစာအိမ် အနာဖြစ်ခြင်း
- အစာအိမ်သွေးကြောပေါက်ခြင်း (ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း)
- ဝမ်းလျှောခြင်း
- ခေါင်းမူးခြင်း
- ခေါင်းကိုက်ခြင်း
- နားအူခြင်း
- ဓာတ်မတည့်ခြင်း (အနီကွက်ထွက်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ အသက်ရှူကျပ်ခြင်း)
- အရည်များစုမိပြီး ဖောရောင်လာခြင်း
- သွေးပေါင်တက်ခြင်း
- အသည်းအင်ဇိုင်း တက်ခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း ( ဆီးနည်းသွားခြင်း၊ ဆီးထဲတွင် အနည်ပါခြင်း)
- နှလုံး အမောဖောက်ခြင်း
- လေဖြတ်ခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
သတိပြုသင့်သည့် အချက်များ
အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည် အကိုက်အခဲပျောက်ဆေးများကို ကာလ ကြာရှည်စွာ ပမာဏများများသောက်သုံးသူများ၊ အသက်ကြီးသူများနှင့် ရောဂါအခံတစ်ခုခုရှိသူများတွင် ပို၍ အဖြစ်များသည်။ အချို့သော ဘေးထွက်ဆိုးကျိုးများမှာ သာမန်သာဖြစ်ပြီး ဆေးလျှော့လိုက်လျှင် သို့မဟုတ် သူ့အလိုအလျောက် သက်သာသွားနိုင်သော်လည်း အချို့မှာ ပြင်းထန်နိုင်ပြီး ဆေးကုသမှု ခံယူရန်လိုအပ်သည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများနည်းစေရန် အကိုက်အခဲပျောက်ဆေး များစွာကို သောက်ခြင်း၊ သတ်မှတ်ထားသော ဆေးပမာဏထက်ပိုသောက်ခြင်း၊ ဆရာဝန် ညွှန်ကြားထားသည့် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးအပြင် အခြားသော စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများကို မိမိသဘောနှင့် ထည့်သောက်ခြင်း၊ အချိန်ကာလကြာရှည်စွာ သောက်ခြင်းတို့ကို ရှောင်ကြဥ်ရမည်။ အစာအိမ်နှင့် ပတ်သက်သော ဘေးထွက်ဆိုးကျိုးများသက်သာစေရန် အစာနှင့်တွဲသောက်ခြင်း၊ အစာကြေဆေးများ သောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
References:
- Professional, C. C. M. (2024). NSAIDs (Nonsteroidal Anti-Inflammatory Drugs). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/treatments/11086-non-steroidal-anti-inflammatory-medicines-nsaids
- Website, N. (2024). NSAIDs. nhs.uk. Retrieved June 26, 2024, from https://www.nhs.uk/conditions/nsaids/
- Department of Health & Human Services. (n.d.). Medications – non-steroidal anti-inflammatory drugs. Better Health Channel. Retrieved June 26, 2024, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/medications-non-steroidal-anti-inflammatory-drugs
- Worth, T. (2023). NSAIDs: How safe are they? WebMD. Retrieved June 26, 2024, from https://www.webmd.com/arthritis/anti-inflammatory-drugs
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.