ဆီးချိုရောဂါတွင် အသုံးပြုသော ထိုးဆေးကုထုံးများ ဆိုသည်မှာ အင်ဆူလင် (insulin) နှင့် အင်ဆူလင် ထွက်စေရန်အားပေးသော GLP 1 receptor agonist ထိုးဆေးများ ထိုး၍ ကုသခြင်း ဖြစ်ပါသည်။
အင်ဆူလင်
အင်ဆူလင်ထိုးဆေးသည် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည့် အရေးကြီးသောကုသမှု တစ်မျိုး ဖြစ်သည်။ အင်ဆူလင်ဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိပန်ကရိယမှ ထုတ်လုပ်သော ဟော်မုန်းတစ်မျိုးဖြစ်ပြီး အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သည်။
- အင်ဆူလင်သည် သကြားဓာတ်ကို ချေဖျက်အသုံးပြုခြင်းဖြင့် ထိန်းချုပ်ပေးခြင်း
အစာစားသောအခါ ခန္ဓာကိုယ်မှ ကာဘိုဟိုက်ဒရိတ်ကို သကြားဓာတ် (Glucose) အဖြစ် ဖြိုခွဲလိုက်သည်။ သကြားဓာတ်များ သွေးကြောထဲရောက်သောအခါ အင်ဆူလင်မှ သကြားဓာတ်ကို ဆဲလ်များမှ ယူသုံးပြီး စွမ်းအင်ထုတ်လုပ်နိုင်ရန် ကူညီခြင်းဖြင့် သကြားဓာတ်ကို ထိန်းပေးသည်။ - အင်ဆူလင်သည် ပိုနေသောသကြားဓာတ်ကို သိုလှောင် သိမ်းဆည်းခြင်း
အင်ဆူလင်သည် ပိုလျှံသောသကြားဓာတ်များကို အသည်းတွင် ဂလိုက်ကိုဂျင် (glycogen) အနေဖြင့် သိမ်းဆည်းသည်။ ထိုဂလိုက်ကိုဂျင်သည် ခန္ဓာကိုယ်တွင်းတွင် သကြားဓာတ် နည်းသောအခါတွင် သကြားဓာတ်အနေဖြင့် ပြန်လည်အသုံးပြုပေးသည်။
GLP-1 receptor agonists (Liraglutide, Semaglutide, Dulaglutide, Exenatide)
ဆီးချိုရောဂါတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် အင်ဆူလင်ကဲ့သို့ပင် ထိုးဆေးအနေဖြင့် အသုံးပြုနိုင်သည့် ဆေးတစ်မျိုးမှာ GLP-1 receptor agonists ဖြစ်ပါသည်။ ထိုဆေးကို အမျိုးအစား (၂) ဆီးချိုသမားများတွင် အသုံးပြုနိုင်ပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါသည်။ ထို့ကြောင့် အဝလွန်ရောဂါများတွင်လည်း အသုံးပြုကြသည်။
GLP-1 receptor agonists အလုပ်လုပ်ပုံ
GLP-1 receptor agonists များသည် အစာစားပြီးနောက်တွင် ပန်ကရိယ(pancreas) မှ အင်ဆူလင် (insulin)ပိုမိုထုတ်လုပ်ရန် အားပေးပြီး သကြားဓာတ်ကို ကျစေသည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
အင်ဆူလင် ထိုးဆေးထိုးရသော အကြောင်းရင်း
- အမျိုးအစား (၁) ဆီးချိုရောဂါ
အမျိုးအစား (၁) ဆီးချိုတွင် အင်ဆူလင်ကို ပန်ကရိယမှ မထုတ်လုပ်နိုင်သောကြောင့် ရောဂါစတင် ဖြစ်ချိန်မှစ၍ တစ်သက်လုံး အင်ဆူလင် ထိုးဆေးထိုးပေးခြင်းဖြင့် သကြားဓာတ်ကို ထိန်းသိမ်းနိုင်ပြီး ကျန်းမာစွာ နေထိုင်နိုင်မည်ဖြစ်သည်။ - အမျိုးအစား (၂) ဆီးချိုရောဂါ
အမျိုးအစား (၂) ဆီးချိုသမားများတွင် အောက်ပါ အခြေအနေများတွင် အင်ဆူလင်ထိုးရန် လိုအပ်ပါသည်။- ကျန်းမာသောနေထိုင်စားသောက်မှုပုံစံနှင့် ဆီးချိုသောက်ဆေးများသည် သွေးတွင်း သကြားဓာတ်ကို လုံလောက်အောင် မထိန်းနိုင်သောအချိန်
- ရောဂါဝေဒနာတစ်ခုခု ပြင်းပြင်းထန်ထန်ခံစားနေရချိန် (ဥပမာ – နှလုံးသွေးကြောပိတ်ခြင်း ၊ လေဖြတ်ခြင်း)
- ပြင်းထန်သောပိုးဝင်ခြင်း (သို့မဟုတ်) ပိုးဆိပ်ပျံ့ခြင်း (ဥပမာ – ပြင်းထန် အဆုတ်ရောင် နမိုးနီးယားဖြစ်ခြင်း)
- ခွဲစိတ်မှုတစ်ခုခု ပြုလုပ်မည့်အချိန်တို့ တွင် အင်ဆူလင်ထိုးဆေး ထိုးပေးရန်လိုအပ်သည်။
- ဆီးချိုဆိပ်တက်သည့် အရေးပေါ်အခြေအနေများ [ဒီကေအေ (DKA) နှင့် အိပ်ချ်အိပ်ချ်အက်စ် (HHS)] တို့တွင်လည်း သွေးတွင်း သကြားဓာတ်အလွန်အမင်း တက်နေသည့်အတွက် အင်ဆူလင်ထိုးဆေးကို အသုံးပြုရသည်။
- ကိုယ်ဝန်ဆောင်ဆီးချိုများတွင်လည်း အင်ဆူလင် ထိုးဆေးသည် အကောင်းဆုံးသောကုသမှုဖြစ်သည်။
သုံးစွဲပုံ နည်းလမ်းများ
အင်ဆူလင်အမျိုးအစားများ
မည်သည့် အင်ဆူလင်အမျိုးအစားမဆို သကြားဓာတ်ကိုလျှော့ချပေးနိုင်သည်။ အင်ဆူလင်များသည် ၎င်းတို့၏ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းထားနိုင်သည့် ကြာချိန်ကာလနှင့် လျင်မြန်စွာ အာနိသင်ပြနိုင်မှုတို့ပေါ် မူတည်၍ အမျိုးအစားခွဲခြားထားသည်။
- လျင်မြန်စွာ အာနိသင်ပြသော အင်ဆူလင်အမျိုးအစား (Rapid-acting insulin – Insulin Glulisine,Insulin lispro, inhaled insulin)
လျင်မြန်စွာ အာနိသင်ပြသော အင်ဆူလင်အမျိုးအစားသည် အသုံးပြုလိုက်သည်နှင့် (၅) မိနစ် မှ (၂၀) မိနစ်အတွင်း အာနိသင်ပြပြီး (၃ – ၆) နာရီကြာသည်အထိ ခန္ဓာကိုယ်ထဲတွင် ဆေး၏အာနိသင် ရှိသည်။ ၎င်းတို့၏ အာနိသင်အမြင့်ဆုံးအချိန်မှာ ဆေးထိုးပြီးနောက် (၁) နာရီ မှ (၂) နာရီအတွင်း ဖြစ်သည်။ လျင်မြန်စွာ အာနိသင်ပြသော အင်ဆူလင်ကို အစာမစားမီ (၁၅) မိနစ်ခန့်တွင် ထိုးပေးရမည်။ - ပုံမှန်အင်ဆူလင်အမျိုးအစား (Regular insulin or short acting insulin – Soluble insulin- Novolin R , Humulin R)
ပုံမှန်အင်ဆူလင်အမျိုးအစားတို့သည် ဆေးထိုးပြီးသည်နှင့် (၃၀) မိနစ် မှ (၄၅) မိနစ်ကြားတွင် အာနိသင်စပြပြီး (၅-၈) နာရီကြာသည်အထိ ဆေး၏အာနိသင်ရှိသည်။ ၎င်းတို့၏ အာနိသင်အမြင့်ဆုံးအချိန်မှာ ဆေးထိုးပြီးနောက် (၂) နာရီနှင့် (၄) နာရီအတွင်းဖြစ်သည်။ ပုံမှန်အင်ဆူလင်အမျိုးအစားကို အစာမစားမီ မိနစ် (၃၀) အလိုတွင်ထိုးပေးရပါမည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ မစားမီအချိန်များတွင် ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်း အရေပြားအောက် (Subcutaneous Injection) တွင် ထိုးနိုင်သည်။ ဆီးချိုဆိပ်တက်သည့် အရေးပေါ် အခြေအနေများတွင် သွေးကြောထဲသို့ သွင်း၍ကုသရသည်။ - အလယ်အလတ် အာနိသင်ပြသော အင်ဆူလင် (Intermediate-acting insulin – Isophane insulin (NPH)
ထိုအင်ဆူလင် အမျိုးအစားသည် ဆေးထိုးပြီး (၂) နာရီအတွင်း စတင်အလုပ်လုပ်၍ (၁၄)နာရီ မှ (၁၆) နာရီကာလအထိ အာနိသင်ရှိသည်။ အာနိသင်အမြင့်ဆုံးအချိန်မှာ ဆေးထိုးပြီး (၄) နာရီနှင့် (၁၂) နာရီ ကြား အချိန်တွင်ဖြစ်သည်။ အစာမစားမီ မိနစ် (၃၀) အချိန်ခန့်တွင်ထိုးရသည်။ တစ်ရက်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် (မနက်စာမစားမီ နှင့် ညစာမစားမီ) ဆရာဝန်ညွှန်ကြားသည့်အတိုင်း အရေပြားအောက်သို့ ထိုးပေးနိုင်သည်။ - ကြာရှည်စွာ အာနိသင်ပြသော အင်ဆူလင် (Long-lasting insulin – Insulin Glargine, Insulin Detemir)
ကြာရှည်စွာ အာနိသင်ပြသော အင်ဆူလင်သည် စတင်ဆေးထိုးပြီး တစ်နာရီအကြာခန့်တွင် အာနိသင်စပြပြီး တစ်ရက် (၂၄) နာရီမျှ ခန္ဓာကိုယ်ထဲတွင် အာနိသင်ရှိသည်။ အာနိသင်အမြင့်ဆုံးအချိန်မှာ ဆေးထိုးပြီးနောက် (၃) နာရီကြားနှင့် (၁၄) နာရီကြားတွင် ဖြစ်သည်။ ကြာရှည်စွာ အာနိသင်ပြသော အင်ဆူလင်သည် (၂၄) နာရီလုံးတွင် အာနိသင်ရှိသောကြောင့် အစားအသောက်များ စားချိန်နှင့်ချိန်ပြီး အသုံးပြုရန်မလိုအပ်ပါ။ တစ်နေ့တွင် တစ်ကြိမ်သာ ထိုးရန်လိုအပ်ပြီး ဆေးထိုးမည့်အချိန်ကို ပုံမှန် သတ်မှတ်ထားပြီး နောက်ရက်များတွင်လည်း သတ်မှတ်ထားသောအချိန်တွင်သာ ပြန်လည်ထိုးပေးရမည် (ဥပမာ – ယနေ့ ည (၆) နာရီထိုးလျှင် မနက်ဖြန် ည (၆) နာရီတွင် ပုံမှန်ထိုးရန်လိုအပ်သည်)။ - အကြာရှည်ဆုံး အာနိသင်ပြသော အင်ဆူလင် (Ultra long-acting insulin – Insulin Degludec)
ထိုအင်ဆူလင်အမျိုးအစားသည် စတင်အသုံးပြုပြီး (၆) နာရီအကြာတွင် အာနိသင်စပြီး ခန္ဓာကိုယ်ထဲတွင် (၂)ရက်အထိ အာနိသင်ရှိသည်။ အာနိသင် အမြင့်ဆုံးအချိန်ဟူ၍ မရှိဘဲ ထိုအင်ဆူလင် ခန္ဓာကိုယ်တွင်း ရှိချိန်တစ်လျှောက်တွင် တူညီသောပြင်းအား အာနိသင်ရှိသည်။ ထိုအင်ဆူလင်သည်လည်း ကြာရှည်စွာ အာနိသင်ပြသော အင်ဆူလင် (long acting insulin) ကဲ့သို့ပင် အစားအသောက်များစားချိန်နှင့် ချိန်၍ အသုံးပြုရန်မလိုအပ်ပါ။ တစ်နေ့လျှင်တစ်ကြိမ် သတ်မှတ်ထားသောအချိန်တွင်သာ နေ့စဥ်ပုံမှန်ထိုးရန် လိုအပ်သည်။ - ရောထားသော အင်ဆူလင် အမျိုးအစား (Premixed insulin – combination of short acting and intermediate acting (30% regular insulin and 70% NPH))
ထိုအင်ဆူလင် အမျိုးအစားတွင် ပုံမှန် အင်ဆူလင် အမျိုးအစား (regular or short-acting insulin) နှင့် အလယ်အလတ်အာနိသင်ပြသော အင်ဆူလင် (intermediate acting insulin – NPH) တို့ ရောထားလေ့ ရှိသည် (ဥပမာ_ပုံမှန် (၃၀) ရာခိုင်နှုန်း နှင့် အလယ်အလတ် (၇၀) ရာခိုင်နှုန်းတို့ ပေါင်းစပ်ထားသော အင်ဆူလင် အမျိုးအစားဖြစ်သည်)။ ဆေးထိုးပြီး မိနစ် (၃၀) မှ (၆၀) အကြာတွင် အာနိသင်စပြပြီး (၁၀) နာရီ မှ (၁၆)နာရီ ကြာသည်အထိ ဆေးအာနိသင်ရှိသည်။ အစာမစားမီ နာရီဝက် မှ တစ်နာရီ အလိုတွင် ဆေးထိုးပေးရန် လိုအပ် သည်။
အင်ဆူလင်ကို လူနာ၏ဆီးချိုရောဂါအမျိုးအစား၊ သကြားဓာတ်ပမာဏ၊ လူနာ၏နေထိုင်စားသောက်မှု ပုံစံအပေါ် မူတည်၍ သင့်တော်သော အင်ဆူလင်အမျိုးအစား၊ ပမာဏနှင့် ထိုးရမည့် အကြိမ်အရေအတွက်ကို ဆရာဝန်မှ သတ်မှတ်ပေးသည်။ ဆရာဝန် သတ်မှတ်ပေးထားသော အင်ဆူလင်အမျိုးအစား၊ ပမာဏနှင့် ထိုးရမည့်အကြိမ်အရေအတွက်အတိုင်းအသုံးပြုရန် အရေးကြီးသည်။
အင်ဆူလင် ထိုးဆေး ထိုးနှံနိုင်သောနေရာများ
အင်ဆူလင်ကို ခန္ဓာကိုယ်တွင် ထိုးနှံနိုင်သော နေရာများစွာရှိသည်။ အထူးသဖြင့် အဆီရှိသောနေရာ တွင်ထိုးလျှင် အကောင်းဆုံးဖြစ်သည်။
- ဝမ်းဗိုက်ရှိ ချက်၏ လက်သုံးလုံးပတ်လည်နေရာများ
- ပေါင်အပေါ်ပိုင်းနှင့်ဘေးပိုင်း
- လက်မောင်းအပေါ် နှင့် အနောက်ဘက်
- တင်ပါး အပေါ်ပိုင်း တို့ဖြစ်သည်။
ထိုးဆေးများကို အရေပြားအောက်အဆီလွှာ (subcutaneous layer) ကိုထိုးသွင်း၍ အသုံးပြုကြသည်။ သကြားဓာတ်တက်၍ အရေးပေါ် အသက်အန္တရာယ်ရှိသော အခြေအနေမှသာ သွေးကြောထဲထိုးသော ကုထုံးကို အသုံးပြုကြသည်။
ဆေးထိုးလျှင် တစ်ကြိမ်နှင့်တစ်ကြိမ် လက်တစ်လုံးခြား (၁ စင်တီမီတာ) ခွာထိုးပါက ဆေး၏ အရေပြားကိုထိခိုက်စေသော ဘေးထွက်ဆိုးကျိုးများမှ ရှောင်ရှားနိုင်သည်။
အင်ဆူလင်ထိုးဆေးအသုံးပြုပုံ
- အင်ဆူလင်ပင်န် (Insulin pen – ထိုးဆေးကြိုဖြည့်ထားသောဆေးထိုးအပ်) ဖြင့် ဆေးထိုးခြင်း
အင်ဆူလင်ပင်န် ဆိုသည်မှာ အင်ဆူလင် ထိုးဆေးကို လွယ်ကူစွာထိုးနိုင်စေရန် ဘောလ်ပင်ပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။
- အင်ဆူလင်ပင်န်၏ အဖုံးကိုဖွင့်ပါ
- အပ်ကို ပိတ်ထားသော စက္ကူကို ပုံအတိုင်း ခွာပါ
အပ်အဖုံးနှင့်အုပ်ထားသောအပ်ကို အင်ဆူလင်ပင်န်တွင် ပုံအတိုင်း ဝက်အူရစ်ကဲ့သို့လှည့်၍ တပ်ပါ၊
ပုံအတိုင်းအပြင်အပ်အဖုံးနှင့် အတွင်းအပ်အဖုံးကိုဖယ်ပါ - ပုံအတိုင်း ပင်န်ကိုထောင်မတ်၍ ဆေးပုလင်းထဲရှိ လေများထုတ်ပေးပါ၊ ပင်န်အောက်ခြေရှိ ခလုတ်ကို တစ်ယူနစ် သို့မဟုတ် နှစ်ယူနစ်သို့ ရောက်အောင် လှည့်ပါ။ ပင်န်ကို ထောင်မတ်ထားပြီး ပင်န်အောက်ခြေရှိ ဆေးထိုးသည့် ခလုတ်ကိုဖိပြီး ဆေးထွက်၊ မထွက် ကြည့်ပါ
- ဆရာဝန် သတ်မှတ်ပေးထားသော မိမိထိုးရမည့် အင်ဆူလင် ပမာဏကို ရောက်အောင် ပင်န်အောက်ခြေရှိ ခလုတ်ကို လှည့်ပါ
- ဆေးထိုးမည့်နေရာကို ရွေးချယ်ပြီး အရက်ပြန်နှင့်သုတ်၍ သန့်ရှင်းရေးလုပ်ပါ
- ပုံအတိုင်း လက်မကို ဆေးထိုးမည့်ခလုတ်ပေါ်တင်ပြီး ကျန်လက်ချောင်းများနှင့် ပင်န်ကို ဆုပ်ကိုင်လိုက်ပါ၊ ဆေးထိုးမည့်နေရာရှိ အရေပြားနှင့်အသားကို လက်မနှင့်လက်ညှိုးကြားတွင် တင်းအောင်ဆွဲပြီးကိုင်ပါ၊ အပ်ကို (၉၀) ဒီဂရီ ထားပြီး လျင်မြန်စွာထိုးပါ၊ ဆေးထိုးသည့် ခလုတ်ကို လက်မနှင့်ဖိပြီး သုည ယူနစ်ရောက်သည်အထိ ထိုးပြီး ဆယ်စက္ကန့်မျှအကြာတွင် အပ်ကို ဖယ်လိုက်ပါ၊ ဆေးထိုးထားသည့်နေရာကို လက်ဖြင့်ချေခြင်း၊ ဖိချင်း မပြုလုပ်ရပါ
- အပြင်အပ်အဖုံးကို အပ်တွင်ပြန်တပ်ပြီး အင်ဆူလင်ပင်န်မှ အပ်ကို ပြန်လှည့်ပြီးဖြုတ်ပါ
- အင်ဆူလင်ပင်န်၏ အဖုံးကိုဖွင့်ပါ
- အင်ဆူလင်ဆေးပုလင်းမှစုပ်ယူ၍ ဆေးထိုးအပ်ဖြင့်ဆေးထိုးခြင်း
- အင်ဆူလင်ထိုးရန် အင်ဆူလင်ဆေးဗူး၊ ဆေးထိုးအပ် နှင့် အရက်ပြန်၊ ဂွမ်းတို့ကိုစုဆောင်းပါ
- လက်ကိုဆပ်ပြာဖြင့် ဆေးကြောပါ
- ထိုးမည့် အင်ဆူလင်ပုလင်း အေးနေပါက အခန်းအပူချိန်ရရှိအောင် ဆေးပုလင်းကို လက်နှစ်ဖက်ဖြင့်အုပ်၍ လှိမ့်ပေးပါ
- ဆရာဝန်ညွှန်ကြားထားသော ဆေးပမာဏကို စုပ်ယူပါ
- ဆေးထိုးမည့်နေရာကို အရက်ပြန်နှင့်သုတ်၍ သန့်ရှင်းရေးလုပ်ပြီး ဆေးထိုးမည့်နေရာရှိ အရေပြားနှင့်အသားကို လက်မနှင့်လက်ညှိုးကြားတွင် တင်းအောင်ဆွဲ၍ ဆေးထိုးအပ်ကို (၉၀) ဒီဂရီ စောင်းကာ ဖြည်းဖြည်းချင်းထိုးပါ
- အသုံးပြုပြီးသော ဆေးထိုးအပ်ကို ချွန်ထက်သောအရာများစွန့်ပစ်သည့် အမှိုက်ပုံးထဲသို့ သေချာစွာထည့်ပါ
- ဆေးထိုးထားသည့်နေရာကို ချေခြင်း ပွတ်ခြင်း မပြုရ
- အင်ဆူလင်ကို စက်ဖြင့် ပေးခြင်း (Insulin pump)
ခန္ဓာကိုယ်တွင် စက်ကလေးတစ်ခုတပ်ဆင်ပြီး အရေပြားအောက် မှတစ်ဆင့် အင်ဆူလင်ကို အလိုအလျောက်ထိုးပေးခြင်းဖြစ်သည်။ ထိုနည်းလမ်းကို အင်ဆူလင်ကို တစ်နေ့လျှင် အကြိမ်များစွာထိုးရန် လိုအပ်သော ဆီးချိုသမားများတွင် အသုံးပြုကြသည်။
GLP-1 receptor agonists ထိုးဆေးအသုံးပြုပုံ
အထက်ဖော်ပြပါ အင်ဆူလင်ထိုးဆေး အသုံးပြုပုံနှင့်တူညီသည်။ အရေပြားအောက်အဆီလွှာကို ထိုးသွင်း၍ အသုံးပြုသည်။ နားလည်တတ်ကျွမ်းသော ဆရာဝန်များမှ သတ်မှတ်ပေးထားသော ဆေးအမျိုးအစား၊ ပမာဏနှင့် ထိုးရမည့်အကြိမ်အရေအတွက် အတိုင်း ထိုးရမည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
အင်ဆူလင်၏ဘေးထွက်ဆိုးကျိုးများ
အင်ဆူလင်၏ အဓိကဘေးထွက်ဆိုးကျိုးမှာ သွေးတွင်းသကြားဓာတ်ကျခြင်း (Hypoglycemia) ဖြစ်သည်။ လိုအပ်သော အင်ဆူလင်ပမာဏထက် ပို၍အသုံးပြုမိသောအခါ သွေးတွင်းသကြားဓာတ် ကျခြင်းကိုဖြစ်စေသည်။
အခြားသော အင်ဆူလင်ကုထုံး၏ ဘေးထွက်ဆိုးကျိုးများမှာ
- အင်ဆူလင်ထိုးဆေးကို အရေပြားမှ တုံ့ပြန်ခြင်း (skin reaction with injected insulin)
အင်ဆူလင်ထိုးဆေးကို အရေပြားအောက် အဆီလွှာနေရာ တစ်နေရာတည်းတွင် ထပ်ခါထပ်ခါ ထိုးခြင်းကြောင့် ထိုနေရာတွင် အဆီအလုံးများပေါ်လာပြီး ထိုအဆီများကြေဖျက်ကာ အရေပြားတွင်ချိုင့်ခွက် ပေါ်လာခြင်း (lipodystrophy) ဖြစ်နိုင်သည်။ ထိုအခါ ထိုးလိုက်သောအင်ဆူလင်ကို စုပ်ယူမှု လျော့ကျစေသဖြင့် မကြာခဏ နေရာပြောင်းထိုးပေးရန် အရေးကြီးသည်။ - အင်ဆူလင်နှင့် ဓာတ်မတည့်ခြင်း
တစ်ချို့သောသူများတွင် အင်ဆူလင်နှင့်ဓာတ်မတည့်၍ ဆေထိုးထားသောနေရာတွင် အရေပြား အရောင်ပြောင်းခြင်း၊ နာကျင်ခြင်း၊ ပူခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်။ - အင်ဆူလင် ပဋိပစ္စည်း ထွက်လာခြင်း (Developing insulin antibodies)
အလွန်ရှားပါးသော ဘေးထွက်ဆိုးကျိုးတစ်မျိုးဖြစ်ပြီး အချို့သောသူများတွင် ထိုးလိုက်သော အင်ဆူလင်ကို ခန္ဓာကိုယ်က အသိအမှတ်မပြုဘဲ ပဋိပစ္စည်းများထုတ်လုပ်ကာ တိုက်ခိုက်ခြင်း ဖြစ်သည်။
GLP-1 receptor agonists၏ဘေးထွက်ဆိုးကျိုးများ
- ခေါင်းမူးခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း တို့ဖြစ်သည်။
သတိပြုသင့်သည့် အချက်များ
အင်ဆူလင်ထိုးဆေးကို သိမ်းဆည်းနည်း
- အင်ဆူလင်ပုလင်းများကို အေးသောနေရာတွင် သိမ်းဆည်းထားရန်လိုအပ်သည်။ သို့သော် ရေခဲသော အခဲခန်းတွင် မသိမ်းဆည်းရပါ။
- အင်ဆူလင်ကိုအသုံးမပြုမီ ပြင်ပအခန်းအပူချိန်တွင် ခဏတာထားပြီးမှသာ ထိုးရန် လိုအပ်သည်။
- စတင်အသုံးပြုပြီးသော အင်ဆူလင်ပုလင်းကို ပြင်ပအခန်းအပူချိန်တွင် တစ်လတာ ထားနိုင်သည်။ အပြင်တွင် တစ်လကြာပြီးနောက်တွင် စွန့်ပစ်ရန်လိုအပ်သည်။
- အင်ဆူလင်ပုလင်းများသည် နေရောင်နှင့်ထိတွေ့ခြင်း၊ အလွန်ပူသော အပူချိန်နှင့်ထိတွေ့ခြင်း ဖြစ်လျှင် အာနိသင်လျော့သောကြောင့် ရှောင်ရှားရန်လိုသည်။
အင်ဆူလင်ထိုးဆေးကုထုံးတွင် သတိထားရမည့်အချက်များ
အင်ဆူလင်သည် အရောင်ပြောင်းနေခြင်း၊ အမှုန်အစက်အပြောက်များရှိနေခြင်း၊ အနည်များ ရှိနေ ခြင်း၊ ခဲနေခြင်း များဖြစ်နေပါက အသုံးမပြုရပါ။
GLP-1 receptor agonists ထိုးဆေးကို သိမ်းဆည်းနည်း
GLP-1 receptor agonists သိမ်းဆည်းနည်းသည် အထက်ဖော်ပြပါ အင်ဆူလင် သိမ်းဆည်းနည်းနှင့် တူညီသည်။
ဆီးချိုရောဂါနှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန်
Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes mellitus – oral hypoglycemic agents ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)
References:
- GLP-1 agonists: Diabetes drugs and weight loss. (2022). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/type-2-diabetes/expert-answers/byetta/faq-20057955#:~:text=Diabetes%20drugs%20in%20the%20GLP,(Byetta)%20(twice%20daily)
- Insulin (parenteral route). (2024). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/drugs-supplements/insulin-parenteral-route/description/drg-20069501
- Elizabeth Ward, M.S., RDN. (n.d.). EatingWell. Retrieved June 17, 2024, from https://www.eatingwell.com/author/elizabeth-ward/
- Professional, C. C. M. (2024). Insulin. Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/body/22601-insulin
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.