Diabetes mellitus – oral hypoglycemic agents (ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ)

Diabetes mellitus – oral hypoglycemic agents (ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ)
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

အမျိုးအစား(၂) ဆီးချိုရောဂါတွင် အသုံးပြုသောသောက်ဆေးများသည် သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းချုပ်ပေးသော (သို့မဟုတ်) ကျစေသောဆေးဝါးများ ဖြစ်ကြသည်။ ထိုဆေးဝါးများကိုတတ်ကျွမ်းသော ဆရာဝန်၏ လမ်းညွှန်ချက်ဖြင့် အသုံးပြုရန် လိုအပ်သည်။

ဆီးချိုရောဂါတွင် အသုံးပြုသော သောက်သုံးသည့်ဆေးဝါးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အသုံးပြုမှုများသောဆေးဝါးအုပ်စုများ

  • Biguanides (metformin)
  • Sulphonylureas
  • Thiazolidinediones
  • DPP-4 inhibitors
  • SGLT2 inhibitors

အသုံးပြုမှုနည်းသောဆေးဝါးအုပ်စုများ

  • Alpha glucosidase inhibitors
  • Meglitinides
သုံးစွဲပုံ နည်းလမ်းများ

Biguanides (Metformin)

မက်ဖော်မင် (Metformin) ဆေးသည် Biguanides အုပ်စုတွင် လက်ရှိအသုံးပြုသည့် တစ်မျိုးတည်းသော ဆေးဖြစ်သည်။ မက်ဖော်မင်သည် အမျိုးအစား (၂) ဆီးချိုရောဂါတွင် စတင်အသုံးပြုလေ့ရှိသော အသုံးအများဆုံး ဆေးဝါးလည်း ဖြစ်သည်။ မက်ဖော်မင်ကို လူနာ၏ဆီးချိုရောဂါ  အခြေအနေပေါ် မူတည်၍ တစ်မျိုးတည်းဖြစ်စေ၊ အခြားသောဆီးချိုဆေး အုပ်စုများ (သို့မဟုတ်) အင်ဆူလင်တို့နှင့် တွဲဖက်၍ဖြစ်စေ အသုံးပြုနိုင်သည်။ မက်ဖော်မင်၏ လုပ်ဆောင်ချက်များမှာ  အောက်ပါအတိုင်းဖြစ်သည်။

  • သွေးတွင်းရှိ အင်ဆူလင်၏ အစွမ်းသတ္တိကို ထက်မြက်အောင် ပြုလုပ်ပေးခြင်း
  • အသည်းမှ ဂလူးကိုစ့် ထုတ်လုပ်မှုကို လျော့ကျစေခြင်း
  • သွေးတွင်းရှိ သကြားဓာတ်များကို ဆဲလ်များက ယူသုံးနိုင်အောင် အားပေးခြင်း
  • အစာအိမ် နှင့် အူလမ်းကြောင်းမှ ဂလူးကိုစ့် စုပ်ယူမှု ကို လျှော့ချပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးသည်။

ရရှိနိုင်သော မက်ဖော်မင် ဆေး ပုံစံ အမျိုးအစား များ ၊ ဆေးပမာဏ နှင့် ပြင်းအားများ

မက်ဖော်မင် ဆေးအလုံးကို ပုံစံ အမျိုးအစား (၂) မျိုးဖြင့် ရရှိနိုင်သည်။

  • Standard tablet
    ထိုအမျိုးအစားမှာ ခန္ဓာကိုယ်ထဲတွင် မက်ဖော်မင်၏ လုပ်ဆောင်ချက်ကို လျင်မြန်စွာ ထုတ်လွှတ်ပေးသဖြင့် တစ်ရက်တွင် အကြိမ်ရေ များစွာသောက်ရန် လိုအပ်သည်။
  • Extended release tablet
    ထိုအမျိုးအစားမှာ မက်ဖော်မင်၏လုပ်ဆောင်ချက်ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသဖြင့် standard tablet ကဲ့သို့ အကြိမ်ရေများစွာသောက်ရန် မလိုပါ။ တစ်ရက်တွင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်မျှသာသောက်ရန် လိုအပ်သည်။
    မက်ဖော်မင် ဆေးအလုံးများကို ဆေးတစ်လုံးတွင် ၅၀၀ မီလီဂရမ်မှ စတင်ပြီး ပြင်းအားအမျိုးမျိုးဖြင့် ထုတ်လုပ်ထားကြသည်။ တစ်ရက်တွင် အများဆုံး သောက်သုံးနိုင်သည့် မက်ဖော်မင် ဆေးပမာဏမှာ ၂၀၀၀ မီလီဂရမ်ဖြစ်သည်။

ဆေးအသုံးပြုပုံ

မက်ဖော်မင်ဆေးကို စတင်အသုံးမပြုမီ ကျောက်ကပ်ဓာတ်အပါအဝင် သွေးအားနည်းခြင်းရှိ ၊ မရှိ ကိုကြိုတင်စစ်ဆေးရမည်။ မိမိတွင် လက်ရှိသောက်သုံးနေသော အခြားဆေးများရှိလျှင်လည်း မက်ဖော်မင်နှင့် ဓာတ်ပြုခြင်းများရှိနိုင်သောကြောင့် ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်။ မက်ဖော်မင်ကို သောက်သုံးရာတွင် ‌ဘေးထွက်ဆိုးကျိုးနည်းစေရန် အစာနှင့်တွဲ၍ဖြစ်စေ အစာစားပြီးပြီးချင်းတွင်ဖြစ်စေ သောက်သုံးနိုင်သည်။ ဆေးကို ရေဖြင့်မျိုချ၍ သောက်သုံးရန်လိုအပ်သည်။ ဝါးစားခြင်း မပြုလုပ်ရပါ။ သောက်ရမည့်ဆေးပုံစံအမျိုးအစား၊ ဆေး၏ပမာဏနှင့် အကြိမ်အရေအတွက်တို့ကို လူနာ၏ရောဂါ အခြေအနေပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးရန် လိုအပ်သည်။

ဆေး၏ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်နာခြင်း
  • မအီမသာဖြစ်ခြင်း
  • အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
  • ပါးစပ်ထဲတွင် အရသာပြောင်းခြင်း
  • ခန္ဓာကိုယ်အားအင်ကုန်ခန်းခြင်းများ ခံစားရနိုင်သည်။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည် သာမန်မျှသာ ဖြစ်ပြီး အများအားဖြင့် ဆေးကို စတင်သောက်သုံးသူများတွင်သာ အတွေ့ရများပါသည်။အချိန် အနည်းငယ်အကြာတွင် သူ့အလိုအလျောက် သက်သာလေ့ရှိသည်။ သို့သော်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ဆက်တိုက် ခံစားနေရပါက လိုအပ်လျှင် ဆေး၏ပမာဏနှင့် ပြင်းအားကိုလျှော့ချခြင်း၊ မက်ဖော်မင် (extended release preparation) ဆေးများကို ပြောင်းလဲပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သည်။ မက်ဖော်မင် ဆေးကို ကြာရှည်စွာ သောက်သုံးသူများတွင် ဗိုက်တာမင် ဘီ-၁၂ ဓာတ်ချို့တဲ့ပြီး သွေးအားနည်းနိုင်သဖြင့် လိုအပ်လျှင် ဗိုက်တာမင် ဘီ-၁၂ ဖြည့်ပေးရသည်။

ရှားပါး၍ ပြင်းထန်သောဘေးထွက်ဆိုးကျိုးမှာ လက်တစ်အက်ဆစ် အလွန်များပြားခြင်း (Lactic Acidosis) ဖြစ်သည်။ လက်တစ်အက်စစ်များသည် အသက်ကြီးလျှင်ဖြစ်စေ၊ ခန္ဓာကိုယ်တွင်းတွင် ပြင်းထန်သောရောဂါ ( ဥပမာ- ကျောက်ကပ်မကောင်းခြင်း၊ အသည်းမကောင်းခြင်း၊ နှလုံးမကောင်းခြင်းကြောင့် ရှော့ဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းကြောင့် ရှော့ဖြစ်ခြင်း) ဖြစ်လျှင် ထွက်ပေါ်လာသော ဓာတ်တစ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော ရောဂါအခံတစ်ခုခုတွင် လက်တစ်အက်ဆစ် များနေသဖြင့် မက်ဖော်မင်ကြောင့် ပိုမိုဆိုးရွားသွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ဆေးသောက်ခြင်းကိုရပ်နားရန် လိုအပ်သည့်အခြေအနေများ

  • လက်တစ်အက်ဆစ်များပြားသော အခြေအနေများ
  • ခွဲစိတ်ရန်လိုအပ်သည့် အခြေအနေများ
  • မေ့ဆေး အသုံးပြုရန်လိုအပ်သည့် အခြေအနေများ
  • အိုင်အိုဒင်းပါဝင်သော ထိုးဆေးများအသုံးပြု၍ ရောဂါရှာဖွေရန်လိုအပ်သည့် အခြေအနေများ
  • ကျောက်ကပ်မကောင်းသော အခြေအနေများတွင် ရပ်နားထားရန်လိုအပ်သည်။

မက်ဖော်မင်သောက်သုံးခြင်းတွင်သိထားသင့်သောအရာများ

  • မက်ဖော်မင်သည် ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးများသောဆေး ဖြစ်ပါသည်။ အများစုသော ဆေးသောက်သုံးသူများတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရပါ။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သောဆေးလည်းဖြစ်သည်။
  • မက်ဖော်မင်ကြောင့် သွေးတွင်းသကြားဓာတ်ကျခြင်း (hypoglycemia) ဖြစ်ပေါ်လေ့မရှိဘဲ အခြားသော ဆီးချိုဆေးများနှင့် တွဲသုံးသောအခါမှသာ သကြားဓာတ်ကျသည့် လက္ခဏာများ ပေါ်လာနိုင်သည်။
  • မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်စီးခြင်း မဟုတ်ပါ။ သို့သော် မက်ဖော်မင်ဆေးကို ကျောက်ကပ်မှတဆင့် စွန့်ထုတ်သဖြင့် ကျောက်ကပ်အားနည်းသောအခြေအနေများတွင် မက်ဖော်မင်ပေးခြင်းဖြင့် ကျောက်ကပ် ပိုမိုထိခိုက်နိုင်သောကြောင့် ဆေးပမာဏ လျှော့ခြင်း သို့မဟုတ် ရပ်ထားခြင်းများကို ပြုလုပ်ရမည်။

ဆေးသောက်ချိန်ကျော်ခြင်း

Sulphonylurea များသည် ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်အောင် အားပေးကူညီသော ဆေးဝါးများဖြစ်ကြသည်။ အမျိုးအစား (၂) ဆီးချိုရောဂါတွင် တစ်မျိုးတည်း အသုံးပြုနိုင်သကဲ့သို့ အခြားသော ဆီးချိုဆေးများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

Sulphonylureas

Sulphonylurea များသည် ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်အောင် အားပေးကူညီသော ဆေးဝါးများ ဖြစ်ကြသည်။ အမျိုးအစား (၂) ဆီးချို ရောဂါတွင် တစ်မျိုးတည်းအသုံးပြုနိုင်သကဲ့သို့ အခြားသော ဆီးချိုဆေးများနှင့်လည်း တွဲဖက် အသုံးပြုနိုင်သည်။

စျေးကွက်ထဲတွင် အသုံးပြုနေသော Sulphonylurea များမှာ

  • Gliclazide (ဂလစ်ဂလယ်ဇိုက်)
  • Glipizide (ဂလစ်ပီဇိုက်)
  • Glimepiride (ဂလစ်မီပီရိုက်)
  • Tolbutamide (တိုလ်ဗျုးတစ်မိုက်)
  • Glibenclamide (ဂလစ်ဘန်ကလာမိုက်)
  • Glyburide (ဂလိုင်ဗျုရိုက်) တို့ဖြစ်ကြသည်။

ဆေး၏လုပ်ဆောင်ချက်များ

Sulphonylureas သည် ပန်ကရိယတွင်ရှိသော ဘီတာဆဲလ် (beta cell) ကိုလှုံ့ဆော်ခြင်းဖြင့် အင်ဆူလင်ထွက်ခြင်းကို အားပေးသည်။ ထွက်လာသောအင်ဆူလင်သည် သွေးတွင်းမြင့်တက်နေသော သကြားဓာတ်ကို ကျစေသည်။

ဆေးအသုံးပြုပုံ

Sulphonylurea များသည် ဆေးအမျိုးအစားပေါ်မူတည်ကာ ဆေး၏ခန္ဓာကိုယ်တွင်း အာနိသင် ကြာချိန်ကွာခြားမှု၊ ဘေးထွက်ဆိုးကျိုးများကွာခြားမှု၊ အခြားသောဆေးများနှင့် ဓာတ်ပြုခြင်းကွာခြားမှုများ ရှိနိုင်သည်။ ထို့ကြောင့် လူနာ၏ ဆီးချိုရောဂါအခြေအနေပေါ်မူတည်၍ နားလည်တတ်ကျွမ်းသော ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သောက်ရန်လိုအပ်သည်။ ဆေးများကို အစာနှင့်ဖြစ်စေ အစာမစားခင်ဖြစ်စေ သောက်သုံးနိုင်သည်။

Sulphonylurea အသုံးမပြုသင့်သော အခြေအနေများ

  • သွေးတွင်းကီတုံးနှင့် အက်ဆစ်ဓာတ်များခြင်း (Diabetes Ketoacidosis)
  • နာတာရှည် ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်း
  • အသည်းရောဂါများ
  • ကိုယ်ဝန်ဆောင်များ
  • ခွဲစိတ်ရန်လိုအပ်သည့် အခြေအနေများ ဖြစ်ကြသည်။

ဆေး၏ဘေးထွက်ဆိုးကျိုးများ

Sulphonylurea များတွင် ‌ဘေးထွက်ဆိုးကျိုးများစွာ ရှိသည့်အနက် အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများမှာ သွေးတွင်းသကြားဓာတ် ကျခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းဖြစ်သည်။ သွေးတွင်းသကြားဓာတ်ကျခြင်း၏ လက္ခဏာများမှာ အမြင်ဝေဝါးခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ ဆာလောင်ခြင်း၊ သတိလျော့နည်းခြင်းနှင့် တက်ခြင်းများဖြစ်နိုင်သည်။

Thiazolidinediones (Pioglitazone)

Thiazolidinediones သည် အင်ဆူလင်၏ လုပ်ငန်းဆောင်တာများကို အားပေးကူညီခြင်း၊ အသည်းမှ သကြားဓာတ်ထုတ်လုပ်ခြင်းကို လျော့နည်းစေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။ ဆေးများကို အစာနှင့်သော် လည်းကောင်း၊ အစာမရှိဘဲ သော်လည်းကောင်း သောက်သုံးနိုင်သည်။ Thiazolidinediones ကို တစ်မျိုးတည်းသော်လည်းကောင်း၊ အခြားသော ဆီးချိုကျဆေးများနှင့် သော်လည်းကောင်း တွဲဖက် အသုံးပြုနိုင်သည်။ သွေးတွင်း သကြားဓာတ် လျှော့ချပေးခြင်းဖြင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို လျှော့ချပေးနိုင်သည်။

Thiazolidinediones ၏ ဘေးထွက်ဆိုးကျိုးမှာ

  • နှလုံးကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်း
  • ခန္ဓာကိုယ်တွင် ရေများစုမိပြီး ဖောရောင်ခြင်း
  • အရိုးများ ကျိုးလွယ်ခြင်း
  • ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ချေမြင့်ခြင်း
  • သွေးအားနည်းခြင်း
  • ကိုယ်အလေးချိန် တိုးလာခြင်း များဖြစ်နိုင်သည်။

Thiazolidinediones သည် အချို့သော နှလုံး ပြဿနာများကို ပိုဆိုးစေနိုင်သဖြင့် နှလုံးအမောဖောက်ခြင်း ၏ လက္ခဏာများဖြစ်သော အသက်ရှူမဝခြင်း၊ မောခြင်း၊ ခြေထောက် ဖောရောင်ခြင်း တို့ခံစားရပါက ဆရာဝန်ကို ချက်ချင်းအသိပေးပြီး ကုသမှု ခံယူရန် လိုအပ်သည်။

DPP-4 inhibitors (DPP-4 ဟန့်တားဆေးများ)

DPP-4 ဟန့်တားဆေးများသည် ခန္ဓာကိုယ်မှထုတ်လုပ်သော အင်ခရီတင် ဟော်မုန်း (incretin hormones – GLP 1 and GIP)ကို တိုက်ဖျက်သော DPP-4 အင်ဇိုင်း၏လုပ်ဆောင်ချက်ကို တားမြစ်ခြင်း ဖြစ်သည်။ incretin ဟော်မုန်းဆိုသည်မှာ အစာစားသောအခါ အစာအိမ်အူလမ်းကြောင်းမှ သဘာဝ အလျောက်ထုတ်လုပ်သော ဟော်မုန်းများဖြစ်ပြီး အစာစားပြီးသောအခါ အင်ဆူလင်ထွက်ရန် အားပေးသည်။ DPP 4 အင်ဇိုင်းများသည် အင်ခရီတင် ဟော်မုန်းများကို လျင်မြန်စွာဖြိုခွဲလိုက်သည်။ ထို့ကြောင့် DPP-4 ဟန့်တားဆေးများပေးခြင်းဖြင့် အစာစားပြီးချိန် သကြားဓာတ်တက်လာသောအခါ အင်ခရီတင်‌‌ ဟော်မုန်းဖြိုခွဲခြင်းကို တားမြစ်ပေး၍ အင်ဆူလင်ကို ထွက်စေခြင်းဖြင့် သကြားဓာတ်ကို‌လျော့ကျစေသည်။ DPP-4 ဟန့်တားဆေးများသည် ခန္ဓာကိုယ်တွင်းတွင် သကြားဓာတ်တက်လာသောအချိန်မှသာ သကြားဓာတ် လျော့ကျအောင် အလုပ်လုပ်ပေးသောကြောင့် သွေးတွင်းသကြားဓာတ်ကျမည့် ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားသည်။ DPP-4 ပိတ်ဆေးများကို အစာနှင့်သော်လည်းကောင်း၊ အစာမရှိလျှင် သော်လည်းကောင်း သောက်သုံးနိုင်သည်။

စျေးကွက်ထဲတွင်ရှိသော DPP-4 ပိတ်ဆေး များမှာ

  • Sitagliptin (စစ်တာဂလစ်တင်)
  • Linagliptin (လီနာဂလစ်တင်)
  • Vildagliptin ( ဗီလ်တာ ဂလစ်တင်)
  • Teneligliptin (တီနာလီ ဂလစ်တင်) တို့ဖြစ်ကြသည်။

DPP-4 ပိတ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးမှာ

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း၊ ဝမ်း‌လျှောခြင်း၊ ဗိုက်နာခြင်း
  • အဆစ်များနာကျင်ခြင်း
  • ပန်ကရိယရောင်ခြင်း
  • ကျောက်ကပ် အားနည်းခြင်း
  • အသည်း အင်ဇိုင်းတက်ခြင်း တို့ဖြစ်နိုင်သည်။

SGLT-2 inhibitors (SGLT 2 ဟန့်တားဆေးများ)

SGLT 2 ဟန့်တားဆေးများသည် ကျောက်ကပ်၏ သွေးတွင်းမှ သကြားဓာတ်စုပ်ယူခြင်းကို အားပေးသည့် SGLT 2 ပရိုတင်း လုပ်ဆောင်ချက်ကို တားမြစ်ပြီး ဆီးထဲတွင် သကြားဓာတ်ကို ပိုမိုစွန့်ထုတ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေသည်။ ဆေးများကို အစာနှင့်သော်လည်းကောင်း၊ အစာမရှိလျှင် သော်လည်းကောင်း သောက်သုံးနိုင်သည်။

အသုံးပြုလေ့ရှိသော SGLT 2 ပိတ်ဆေးများမှာ

  • Canagliflozin
  • Dapagliflozin
  • Empagliflozin တို့ ဖြစ်ကြသည်။

SGLT 2 ဟန့်တားဆေး ကို အခြားသော ဆီးချိုကျဆေးများကို‌‌‌အသုံးပြုနေသော်လည်း သကြားဓာတ် ကောင်းစွာ မချနိုင်သူများ၊ ကိုယ်အလေးချိန် များသူများ၊ သွေးပေါင်ချိန်တက်သူများတွင် အသုံးပြုကြသည်။ နှလုံး သွေးကြောကျဥ်းရောဂါ အခံရှိသူများ နှင့် ကျောက်ကပ်အားနည်းသူများတွင်အသုံးပြုပါကနှလုံး အမောဖောက်ခြင်း နှင့် ကျောက်ကပ် ထိခိုက်ပျက်စီးမှုကို လျှော့ချပေးနိုင်သည်။

ဆေး၏ အဓိကဘေးထွက်ဆိုးကျိုးများမှာ

  • ဆီးထဲတွင် သကြားဓာတ်များပါခြင်းကြောင့် ဘက်တီးရီးယားပိုးများ ပေါက်ဖွားပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infection)
  • လိင်အင်္ဂါ ယားယံခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်း
  • ခြေထောက်ဖောရောင်ခြင်း
  • သွေးပေါင်ချိန် ကျခြင်း
  • ခါးနာခြင်း
  • အရိုးအားနည်းပြီး ကျိုးလွယ်ခြင်း
  • သွေးတွင်းကီတုံးနှင့် အက်ဆစ်ဓာတ်များခြင်း (Diabetic Ketoacidosis) တို့ဖြစ်နိုင်သည်။

SGLT 2 ဟန့်တားဆေးများကို အသုံးမပြုသင့်သူများမှာ

  • သွေးတွင်းကီတုံးနှင့် အက်ဆစ်ဓာတ်များနေသူများ (Diabetic Ketoacidosis)
  • ကိုယ်ဝန်ဆောင် (သို့မဟုတ်) ကလေးရရန် ကြိုးစားးနေသူများ
  • ပြင်းထန်စွာ ကျောက်ကပ်ထိခိုက် ပျက်စီးသူများ ဖြစ်ကြသည်။

Alpha-glucosidase inhibitors (Acarbose)

အစာစားပြီးပြီးခြင်းတွင် သွေးတွင်းသကြားဓာတ် တက်လာခြင်းကို ကာကွယ်ပေးသည်။ စားလိုက်သည့် ကာဘိုဟိုက်ဒရိတ်များကို ချေဖျက်သည့် အဓိကအင်ဇိုင်းကို ဟန့်တားခြင်းဖြင့် ကာဘိုဟိုက်ဒရိတ် ချေဖျက်မှုနှေးသွားပြီး အူလမ်းကြောင်းမှ သကြားဓာတ်စုပ်ယူမှု ပမာဏကို လျော့ကျစေသည်။ ထို့ကြောင့် အစာစ စားစားချင်းတွင် သောက်ရမည်ဖြစ်ပြီး အစာစားသည့် အချိန်တိုင်းတွင် သောက်ရန် (တစ်နေ့လျှင် သုံးကြိမ်) လိုအပ်သည်။ အကယ်၍ အစာမစားဖြစ်ဘဲ လွတ်သွားပါက ဆေးသောက်ရန် မလိုပါ။ အခြားသော ဆီးချိုကျဆေးများကို အသုံးပြု၍ အဆင်မပြေသူများ၊ သုံးရန်မသင့်လျော်သူများတွင်သာ အသုံးပြုလေ့ ရှိသည်။

ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_

  • ဗိုက်နာခြင်း
  • ဗိုက်တင်းခြင်း၊ လေပွခြင်း
  • ဝမ်းလျှောခြင်း တို့ဖြစ်ကြသည်။

Meglitinides (Repaglinide)

Sulphonylurea အုပ်စုကဲ့သို့ပင် ပန်ကရိယမှ အင်ဆူလင် ထုတ်လုပ်ရန် အားပေးသော ဆေးဖြစ်သည်။ သို့သော် Sulphonylurea များထက် ပိုမိုလျင်မြန်စွာအလုပ်လုပ်ပြီး အာနိသင်ပြချိန် ပိုတိုပါသည်။ ဆေးများကို အစာမစားခင် သောက်ရမည်ဖြစ်ပြီး တစ်ရက်တွင် သုံးကြိမ်သောက်ရန် လိုအပ်သည်။ ဆေး၏ အဓိက ဘေးထွက်ဆိုးကျိုးမှာ သွေးတွင်းသကြားဓာတ်ကျခြင်းဖြစ်ပြီး အခြား ဆီးချိုကျဆေးများနှင့် တွဲဖက်သောက်သုံးလျှင် ပို၍ဖြစ်နိုင်ချေများသည်။ အခြားသော ဘေးထွက် ဆိုးကျိုးများမှာ – ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း နှင့် ဗိုက်အောင့်ခြင်း တို့ဖြစ်ကြသည်။

သတိပြုသင့်သည့် အချက်များ

ဆီးချိုဆေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များ

မက်ဖော်မင်တစ်မျိုးမှလွဲ၍ ကျန်ရှိသော ဆီးချိုသောက်ဆေးများ သောက်သုံးခြင်းကို ရပ်နားရန် လိုအပ်သည်။ ကိုယ်ဝန်ရှိပြီးနောက်တွင်လည်း တတ်ကျွမ်းနားလည်သော ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ဆက်လက်လိုက်နာရန် လိုအပ်သည်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါကို အင်ဆူလင် ထိုးဆေးဖြင့် ထိန်းချုပ်ကြသည်။

ဆီးချိုဆေးများနှင့် နို့တိုက်မိခင်များ

က‌လေးမွေးဖွားပြီး နို့တိုက်မိခင်များတွင် မက်ဖော်မင်နှင့်အင်ဆူလင်ကို စိတ်ချစွာအသုံးပြုနိုင်သည်။ သို့သော် ကလေးမွေးဖွားပြီးချိန်တွင် သွေးတွင်းသကြားဓာတ် အပြောင်းအလဲများသောကြောင့် ဆရာဝန်နှင့် တိုင်ပင်၍ အင်ဆူလင်ပမာဏကို ညှိထိုးရန် လိုအပ်သည်။ နို့တိုက်မိခင်များသည် အခြားဆီးချိုသောက်ဆေးများကိုမူ ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်သုံးသင့်သည်။

ဆီးချိုဆေးများအလွန်အကျွံသောက်သုံးမိခြင်း

ဆီးချိုရောဂါအတွက် ဆေးများသည် ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း သောက်သုံးရန် အရေးကြီးသည်။ အလွန်အကျွံ သောက်သုံးမိပါက သွေးတွင်းရှိသကြားဓာတ်ကို ကျဆင်းစေသည်။ ဆီးချိုရောဂါသမားများတွင် သွေးတွင်းသကြားဓာတ်သည် ၇၀ mg/dl အောက် လျော့နည်းခြင်းကို သကြားဓာတ်လျော့ကျခြင်း (Hypoglycemia) ဟု သတ်မှတ်သည်။ သကြားဓာတ်ကျလျှင် လူနာသည် အောက်ဖော်ပြပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  • ကတုန်ကယင်ဖြစ်ခြင်း
  • ချွေးစေးပြန်ခြင်း
  • ရန်တုန်ခြင်း (နှလုံးခုန်နှုန်းမြန်ခြင်း)
  • သတိမေ့လျော့ခြင်း
  • ဗိုက်အလွန်ဆာလောင်ခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • မူး​ဝေခြင်း
  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်း များဖြစ်နိုင်သည်။

ထိုကဲ့သို့ သကြားဓာတ်ကျခြင်း လက္ခဏာများဖြစ်ပေါ်ပါက အစာတစ်ခုခုစားခြင်း၊ ဖျော်ရည်သောက်သုံးခြင်းများ ပြုလုပ်ရမည်။ (၁၅) မိနစ်ကြာပြီးနောက် သကြားဓာတ်ကို ပြန်လည်တိုင်းတာ၍ မတက်လာပါက သကြားဓာတ်ကို ထပ်မံဖြည့်တင်းပေးရန် လိုအပ်သည်။ ထိုသို့ (၁၅) မိနစ် တစ်ခါ စစ်ဆေး၍ သုံးကြိမ်မြောက် စစ်ဆေးပြီး သကြားဓာတ်ပြန်မတက်လာပါက ဆေးရုံဆေးခန်းသို့ အရေးပေါ်ပို့ဆောင်၍ ကုသမှုခံယူရန် လိုအပ်သည်။

ဆီးချိုရောဂါနှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန်

Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)

References:

  1. Professional, C. C. M. (2024). Oral diabetes medications. Cleveland Clinic. Retrieved July 6, 2024, from https://my.clevelandclinic.org/health/articles/12070-oral-diabetes-medications
  2. Metformin (oral route). (2024). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/drugs-supplements/metformin-oral-route/description/drg-20067074
  3. Glipizide (oral route). (2024). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/drugs-supplements/glipizide-oral-route/description/drg-20072046
  4. Penman, I. D., Ralston, S. H., Strachan, M. W. J., & Hobson, R. (2022). Davidson’s principles and practice of medicine (24th ed.). Elsevier Health Sciences.
  5. Brown, M. J., Sharma, P., Mir, F. A., & Bennett, P. N. (2021). Clinical pharmacology (12th ed., pp. 615–618). Elsevier

Share

Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.