Emergency Contraceptive Pills (အရေးပေါ်သန္ဓေတားဆေး)

Emergency Contraceptive Pills (အရေးပေါ်သန္ဓေတားဆေး)

အရေးပေါ်သန္ဓေတားဆေးဆိုသည်မှာ ကလေးယူရန်ဆန္ဒမရှိဘဲ အရေးပေါ်သန္ဓေတားရန် လိုအပ်လာသည့် အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါ သုံးစွဲရသော သန္ဓေတားဆေးအမျိုးအစားဖြစ်သည်။ အရေး‌ပေါ်သန္ဓေတားဆေးသည် မိမိ၏မျိုးပွါးခြင်းကို မထိခိုက်စေရုံသာမက မျိုးပွါးခြင်းကိုလည်း မနှောင့်နှေးစေနိုင်ပါ။

သုံးစွဲရန်လိုအပ်သောအခြေအနေများ

ကလေးယူရန်ဆန္ဒမရှိဘဲနှင့် အောက်ပါအခြေအနေများဖြစ်ပေါ်ခဲ့ပါက အရေး‌ပေါ်သန္ဓေတားဆေးကို သုံးစွဲရန် လိုအပ်သည်။

  • မည်သည့်သန္ဓေတားဆေးအမျိုးအစားမဆို သုံးစွဲထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးဦးနှင့် လိင်ဆက်ဆံမှု ရှိခဲ့ခြင်း
  • လိင်ဆက်ဆံစဥ် အသုံးပြုသော ကွန်ဒုံးပေါက်ပြဲခြင်း
  • နေ့စဥ်သောက်သုံးနေကျ သန္ဓေတားဆေးသောက်သုံးရန် မေ့ခဲ့ခြင်း
  • (၃)လခံ သန္ဓေတားဆေးကို ပုံမှန်ပြန်ထိုးရမည့်အချိန်တွင် မထိုးခဲ့မိခြင်း
  • အလိုမတူဘဲ လိင်ဆက်ဆံမှုရှိခဲ့ခြင်း
သုံးစွဲရန်မသင့်သောအခြေအနေများ

အရေး‌ပေါ်သန္ဓေတားဆေးသည် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါ သုံးစွဲရန် ရည်ညွှန်းထားခြင်းဖြစ်သည့်အတွက် ပုံမှန်သန္ဓေတားဆေးအဖြစ် အသုံးပြုရန်မသင့်ပါ။

အရေး‌ပေါ်သန္ဓေတားဆေးအမျိုးအစားများ

သန္ဓေတားဆေးလုံးများသည် အမျိုးသမီးများသားဥကြွေခြင်းဖြစ်စဥ်ကို နှောင့်နှေးစေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးသည်။ အရေး‌ပေါ်သန္ဓေတားဆေးလုံး (၂)မျိုး ရှိသည်။

  • လီဗိုနိုဂျက်စထွေး (levonorgestrel) ဟုခေါ်သော ပရိုဂျက်စတင်‌ (Progestin)ဟော်မုန်း (၁.၅) မီလီဂရမ်ပါဝင်သော အရေးပေါ် သန္ဓေတားဆေးလုံး
  • ယူလီပရစ်စတဲလ် (Ulipristal) (၃၀)မီလီဂရမ် ပါဝင်သော အရေးပေါ် သန္ဓေတားဆေးလုံး

အခြားသောအရေးပေါ်သန္ဓေတားနည်းများ

  • ကြေးနီ (copper) ပါဝင်သော သားအိမ်ထဲထည့် သန္ဓေတားပစ္စည်း
  • လီဗိုနိုဂျက်စထွေး (levonorgestrel) ‌ဟော်မုန်းပါဝင်သော သားအိမ်ထဲထည့် သန္ဓေတားပစ္စည်း အစရှိသော သန္ဓေတားပစ္စည်းများကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် (၁၂၀) နာရီအတွင်း သားအိမ်ထဲထည့်သွင်းခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်သည်။
သုံးစွဲပုံနည်းလမ်းများ
  • လီဗိုနိုဂျက်စထွေးလ် (levonorgestrel) (၁.၅)မီလီဂရမ် ပါဝင်သော အရေးပေါ်သန္ဓေတားဆေးလုံးကို အာနိသင်အပြည့်အဝရစေရန် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် တတ်နိုင်သမျှ ဆောလျင်စွာ သောက်သုံးပေးရသည်၊ လိင်ဆက်ဆံမှုပြုပြီး (၇၂)နာရီ ကျော်လွန်မှ သောက်သုံးခြင်းမပြုရပါ၊ အကယ်၍ လီဗိုနိုဂျက်စထွေးလ် (levonorgestrel) (၀.၇၅)မီလီဂရမ် ပါသောဆေးလုံး (၂)လုံး ဖြစ်ပါက ပထမတစ်လုံးသောက်ပြီး (၁၂)နာရီ ကြာလျှင် နောက်တစ်လုံးကို သောက်သုံးပေးရသည်၊ သောက်သုံးပြီး (၂)နာရီ အတွင်းအန်လျှင် နောက်တစ်ကြိမ် ထပ်သောက်ပေးရပါမည်၊ လိုအပ်ပါက အအန်သက်သာစေသည့်ဆေးနှင့် တွဲ၍သောက်သုံးနိုင်သည်
  • ယူလီပရစ်စတဲလ် (Ulipristal) ပါဝင်သော အရေးပေါ် သန္ဓေတားဆေးလုံးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် (၁၂၀) နာရီအတွင်း သောက်သုံးနိုင်သည်၊ ထို့နောက်မှ သောက်သုံးမိပါက ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သောအာနိသင်များ လျော့နည်းနေမည်ကို သတိပြုသင့်သည်
  • အကယ်၍ အထက်ပါဆေးများ အချိန်မီမရရှိနိုင်ပါက ပုံမှန်သောက်နေကျ ဟော်မုန်း (၂)မျိုး ပါဝင်သော ကိုယ်ဝန်တားဆေးကတ် (combined birth control pills)ကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် (၁၂၀)နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးအနေဖြင့် သုံးစွဲနိုင်သည်၊ ဟော်မုန်း (၂)မျိုး ပါဝင်သော ကိုယ်ဝန်တားဆေးကတ် (combined birth control pills) အမျိုးအစားများ အမျိုးမျိုးရှိသည့်အတွက်ကြောင့် ဆေးလုံးမည်မျှသောက်ရမည်ကို မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်သည်။
နောက်ဆက်တွဲဆိုးကျိုးများ

အမျိုးသမီးအများစုသည် အရေးပေါ်သန္ဓေတားဆေးလုံး သောက်သုံးသည့်အခါ နောက်ဆက်တွဲဆိုးကျိုးများ ဆိုးဆိုးရွားရွားခံစားရခြင်းမရှိပါ။

  • ရာသီသွေးပေါ်မည့် ရက်ရွှေ့သွားခြင်း (ပုံမှန်ထက် စောခြင်း သို့မဟုတ် နောက်ကျခြင်း ရှိတတ်သည်)
  • မိန်းမကိုယ်မှ သွေးအနည်းငယ်ဆင်းနိုင်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • နွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
  • ရင်သားတင်းခြင်း အစရှိသော လက္ခဏာအနည်းငယ်သာ ခံစားရနိုင်သည်။
သတိပြုသင့်သည့်အချက်များ
  • အရေးပေါ်သန္ဓေတားဆေးလုံးကို သောက်သုံးရန် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိသော်လည်း ပုံမှန်သန္ဓေတားရန်အတွက် အသုံးမပြုသင့်ပါ
  • အရေးပေါ်သန္ဓေတားဆေးလုံးသည် ကလေးယူရန်ဆန္ဒမရှိဘဲ အရေးပေါ်သန္ဓေတားရန် လိုအပ်လာသည့် အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါမှသာ သောက်သုံးသင့်သည်
  • အရေးပေါ်သန္ဓေတားဆေးလုံးသည် သတ်မှတ်ထားသောအချိန်အတွင်း အသုံးပြုလျှင် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်မှု အလွန်များသော်လည်း သုံးစွဲသည့်အချိန်နှင့် မိမိ၏ ရာသီစက်ဝန်း (menstrual cycle) ရောက်ရှိနေမှုပေါ်မူတည်ပြီး အာနိသင်လျော့တတ်သည်ကို သတိပြုရန် လိုအပ်သည်
  • သို့ဖြစ်ပါ၍ မိမိမျှော်မှန်းထားသော ရာသီသွေးပေါ်ရက်ထက် တစ်ပတ်ကျော်လျှင် ကိုယ်ဝန် ရှိမရှိ စစ်ဆေးသင့်သည်
  • အရေးပေါ်သန္ဓေတားဆေးလုံးသည် လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ
  • ခန္ဓာကိုယ်အလေးချိန်ပုံမှန်ထက်များသောသူများ (Higher BMI) သည် အရေးပေါ်သန္ဓေတားရန် အရေးပေါ်သန္ဓေတားဆေးလုံးအသုံးပြုမည်ဆိုလျှင် ဆေး၏ အာနိသင်လျော့နိုင်သည်၊ ထိုသူများတွင် အရေးပေါ်တားဆေးအနေဖြင့် သားအိမ်ထဲထည့် ပစ္စည်းသုံးစွဲမည်ဆိုပါက ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သည့်အာနိသင် အလွန်ထိရောက်သည်။

References:

  1. Professional, C. C. M. (2024). Morning-After Pill. Cleveland Clinic. Retrieved November 13, 2024, from https://my.clevelandclinic.org/health/treatments/23386-morning-after-pill
  2. World Health Organization: WHO. (2021). Emergency contraception. Retrieved November 13, 2024, from https://www.who.int/news-room/fact-sheets/detail/emergency-contraception

Share

23 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.