ဝက်သက်(Measles)၊ ပါးချိတ်ရောင်(Mumps) နှင့် ဂျိုက်သိုး(Rubella) ရောဂါသုံးမျိုးအတွက် ပေါင်းစပ်ကာကွယ်ဆေးဖြစ်ပြီး ကလေးများတွင် အဓိကအသုံးပြုသည်။ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါသုံးမျိုးသည် ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles virus)၊ ပါးချိတ်ရောင် ဗိုင်းရပ်စ်ပိုး (Mumps virus) နှင့် ဂျိုက်သိုးဗိုင်းရပ်စ်ပိုး (Rubella virus) များကြောင့် အသီးသီးဖြစ်ပွါးပြီး အသက် (၅)နှစ်အောက် ကလေးများတွင် အဖြစ်များသည်။ ရောဂါပိုးရှိသူကလေးများ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားလေးများသည် လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူများထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်။ ဝက်သက်နှင့် ဂျိုက်သိုးရောဂါတွင် အဖျားနှင့်အတူ အနီစက်များတွေ့ရလေ့ရှိပြီး ပါးချိတ်ရောင်ရောဂါတွင်မူ နားရွက်အရှေ့ဘက်နှင့် အောက်ဘက်၌ ပါးချိတ်ဂလင်းများ တစ်ဖက်တည်း (သို့မဟုတ်) နှစ်ဖက်လုံး ရောင်ရမ်းနိုင်သည်။ လက္ခဏာများသည် ရောဂါစဖြစ်ပြီး တစ်ပတ်အကျော်တွင် ပြန်လည်သက်သာသွားနိုင်သော်လည်း တစ်ခါတစ်ရံ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်တတ်သည်။ ထိုကြောင့် ရောဂါဖြစ်ပွါးမှုများမှ ကာကွယ်ရန် ကာကွယ်ဆေးကို အချိန်မီထိုးနှံသင့်သည်။
ကာကွယ်ဆေးအမျိုးအစားများ
အဓိက ကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။
- MMR _ ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုး သုံးမျိုးပါဝင်သော ကာကွယ်ဆေး
- MR _ ဝက်သက်၊ ဂျိုက်သိုး နှစ်မျိုးပါဝင်သော ကာကွယ်ဆေး
- MMRV _ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက် လေးမျိုးပါဝင်သော ကာကွယ်ဆေး
သုံးစွဲပုံနည်းလမ်းများ
ကာကွယ်ဆေး (၃) မျိုးလုံးသည် ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေး (Live Vaccine) ဖြစ်သည်။ လက်မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားတွင် ထိုးရသော ဆေးဖြစ်သည်။ အရေပြားအောက်သို့လည်း ထိုးနိုင်သည်။ အခြားသောကာကွယ်ဆေးများနှင့်လည်း အတူတကွ ထိုးနှံနိုင်သည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်း
ကာကွယ်ဆေးများ ပုံမှန်ထိုးနှံသင့်သော အချိန်ကာလများမှာ_
- MMR – ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုး သုံးမျိုးပါဝင်သော ကာကွယ်ဆေးကို
- ကလေးအသက် (၁၂ – ၁၅) လတွင် ပထမအကြိမ်
- ကလေးအသက် (၄ – ၆) နှစ်တွင် ဒုတိယအကြိမ်
- MMRV – ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးနှင့် ရေကျောက် လေးမျိုးပါဝင်သော ကာကွယ်ဆေး
- ကလေးအသက် (၁၂ – ၁၅) လတွင် ပထမအကြိမ်
- ကလေးအသက် (၄ – ၆) နှစ်တွင် ဒုတိယအကြိမ် (သို့မဟုတ်) ပထမအကြိမ် ဆေးထိုးပြီး (၃)လအကြာတွင် ထိုးနိုင်သည်။
မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်တွင် ဝက်သက်၊ ဂျိုက်သိုး နှစ်မျိုးပါဝင်သော ကာကွယ်ဆေးကို ကလေးအသက် (၉)လတွင် တစ်ကြိမ်နှင့် အသက်တစ်နှစ်ခွဲတွင် တစ်ကြိမ် ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးရန်လိုအပ်သူများ
ကလေးငယ်များတွင် အထက်ပါ အချိန်ကာလများအတွင်း MMR ကို ပုံမှန်ထိုးနှံသင့်သည့်အပြင် အသက် (၁၃)နှစ် မှ (၆၄)နှစ်အထိ (၁)ကြိမ် မှ (၂)ကြိမ် ထပ်မံထိုးရန်လိုသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး (၂၈)ရက် ခြား၍ ထိုးနိုင်သည်။ နို့တိုက်မိခင်များသည်လည်း MMR ကာကွယ်ဆေးကို ထိုးနှံနိုင်သည်။ ထို့ပြင် ကြက်ဥနှင့် ဓာတ်မတည့်သောသူများတွင်လည်း ထိုးနှံနိုင်သည်။ အထူးသဖြင့် အောက်ပါအုပ်စုများအတွက် ပိုမိုလိုအပ်သည်။
- တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ
- ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ
- ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိသည့် အမျိုးသမီးများ
- ကမ္ဘာလှည့်ခရီးသွားသူများ
MMR ကာကွယ်ဆေးမထိုးသင့်သောသူများ
- ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
- ကိုယ်ဝန်ဆောင်မိခင်များ (အမျိုးသမီးများသည် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး (၁)လအတွင်း ကိုယ်ဝန်မယူရပါ)
- မွေးရာပါကိုယ်ခံအားနည်းရောဂါ၊ HIV ရောဂါရှိသူများနှင့် စတီးရွိုက်အပါအဝင် ကိုယ်ခံအားကျဆင်းစေသောဆေးဝါးများ သောက်သုံးနေသူများ (ဆရာဝန်နှင့်တိုင်ပင်သင့်သည်)
- လတ်တလောသွေးနှင့် Immunoglobulin ဆေးသွင်းထားသူများ (ထိုသူများသည် သွေးသွင်းပြီး (၃)လ၊ Immunoglobulin ဆေးအမျိုးအစားပေါ်မူတည်ပြီး (၃)လ မှ (၁၁)လ ကျော်မှသာ ကာကွယ်ဆေး ထိုးသင့်သည်)
- တီဘီရောဂါရှိသူများ (ဆေးစကုပြီးနောက် ဆရာဝန်နှင့်တိုင်ပင်ပြီး ထိုးနိုင်သည်)
- သွေးထွက်လွယ်သော အခြေအနေရှိသူများ
- လွန်ခဲ့သော (၄)ပတ် အတွင်း အခြားကာကွယ်ဆေးတစ်မျိုး ထိုးထားသူများ
ကာကွယ်ဆေး၏ကာကွယ်နိုင်မှု
ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးပါက
- ဝက်သက်ရောဂါကို ၉၃%
- ပါးချိတ်ရောင်ရောဂါကို ၇၈%
- ဂျိုက်သိုးရောဂါကို ၉၇% ထိ ကာကွယ်နိုင်သည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးပါက
- ဝက်သက်ရောဂါကို ၉၇%
- ပါးချိတ်ရောင်ရောဂါကို ၈၈% ထိ ကာကွယ်နိုင်သည်။
ဘေးထွက်ဆိုးကျိုးများ
များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ရံဖန်ရံခါဖြစ်တတ်သော ဆိုးကျိုးများမှာ
- ကာကွယ်ဆေးထိုးသည့်နေရာတွင် နီမြန်းခြင်း၊ နာကျင်ခြင်း၊ အနာဖြစ်ခြင်း
- အဖျားငွေ့ငွေ့ဖျားခြင်း
- အင်ပျဥ်ကဲ့သို့ အပိမ့်များထွက်ခြင်း
- အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း တို့ဖြစ်သည်။
လေ့လာတွေ့ရှိချက်များအရ MMR ကာကွယ်ဆေးသည် အော်တစ်ဇင်ရောဂါနှင့် ဆက်စပ်မှုမရှိပါ။
References:
- Measles, Mumps, and Rubella (MMR) Vaccination | CDC. (n.d.). Retrieved December 8, 2024, from https://www.cdc.gov/vaccines/vpd/mmr/public/index.html
- Measles-Mumps-Rubella (MMR) Vaccine Information Statement | CDC. (n.d.). Retrieved December 8, 2024, from https://www.cdc.gov/vaccines/hcp/vis/vis-statements/mmr.html
- Measles Vaccination. (2024). Measles (Rubeola). Retrieved December 8, 2024, from https://www.cdc.gov/measles/vaccines/index.html
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.