ကလေးတစ်ယောက်တက်နေခြင်းသည် အသက်အန္တရာယ်ရှိသည့်အပြင် ဦးနှောက်ကို လတ်တလော (သို့မဟုတ်) ရေရှည်ထိခိုက်နိုင်သည့် အရေးပေါ်အခြေအနေဖြစ်သောကြောင့် အချိန်မဆိုင်းဘဲ တက်တက်ခြင်း ရှေးဦးကုသမှုပေးရမည်။ ကလေးများတွင် တက်ရသောအကြောင်းရင်းများစွာရှိသည်။ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ တက်သောကလေးတိုင်းအား ရှေးဦးသူနာပြုစုခြင်း ချက်ချင်းပြုလုပ်ပြီး လိုအပ်လျှင် အရေးပေါ် ဆေးကုသမှုဌာနများသို့ အလျင်အမြန်ပို့ဆောင်ကုသမှုပေးရမည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် အတက်လက္ခဏာကိုဖြစ်ပေါ်စေသည့် ရောဂါအခြေအနေများမှာ –
- သာမန်အဖျားကြီး၍တက်ခြင်း (Febrile Convulsion) – အသက် (၆) လမှ (၅) နှစ်အတွင်း ပုံမှန် ကလေးများတွင် ဖြစ်လေ့ရှိသည်။
- လတ်တလောဖြစ်ပွားနေသော ရောဂါအခံတစ်ခုခုကြောင့် ဦးနှောက်ကိုထိခိုက်သည့်အတွက် တက်ခြင်း (Acute Symptomatic Seizures) – လောလောဆယ်ဖြစ်နေသော ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင် ရောဂါ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်သွေးယို၊ သွေးကြောပိတ်ခြင်း၊ သွေးတွင်း၌ သကြားဓာတ် ကျဆင်းခြင်း၊ အချိုဓာတ်ကျခြင်း၊ ဆိုဒီယမ် (Sodium) အလွန်နည်းခြင်း သို့မဟုတ် များခြင်း၊ သွေးပေါင်ချိန် အလွန်မြင့်တက်နေခြင်း စသည်တို့ကြောင့် တက်ခြင်းဖြစ်သည်။
- အတက်ရောဂါ (epilepsy) တို့ ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
တက်ချိန် (၅)မိနစ်ကျော်ပါက ထိုအခြေအနေကို “အလိုအလျောက်အတက်မကျနိုင်ဘဲ အန္တရာယ် ရှိနိုင်သော အခြေအနေ” (status epilepticus) ဟုခေါ်သည်။ ထိုအချိန်တွင် ဦးနှောက်သို့ သွေးစီးဆင်းမှု၊ အောက်ဆီဂျင်ရောက်ရှိမှုနှင့် ဦးနှောက်၏ဇီဝကမ္မဖြစ်စဉ်များကိုထိခိုက်လာသည်။ ဦးနှောက်တွင်းဖိအားများလာ သည်။ အလိုအလျောက်အတက်မကျနိုင်တော့သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ အတက်ကျဆေးများနှင့် ကုသရပို၍ခက်လာသည်။ အသက်ရှူစက်တပ်၍ကုသရသည့်အဆင့်သို့ရောက်လာနိုင်သည်။ နောက်ဆုံး အသက် အန္တရာယ်ထိရှိနိုင်သည်။
အရေးပေါ်ကုသခြင်း
တက်နေသောကလေးကို အောက်ပါအတိုင်း ချက်ချင်းပြုစုကုသမှုပေးရန်လိုသည်။
- စတက်သည့်အချိန်မှတ်ထားပါ။
- ကလေးကို အန္တရာယ်မရှိနိုင်သည့်နေရာတွင်ထားပါ။
- ကလေးပတ်ဝန်းကျင်၌ အန္တရာယ်ရှိနိုင်သော၊ အပူလောင်နိုင်သော၊ အနာတရဖြစ်နိုင်သော အရာများကိုဖယ်ရှားပေးပါ။
- ဦးခေါင်းအောက်တွင် ပျော့ပျောင်းသော ခပ်ပါးပါး အဝတ်ခေါက်တစ်ခုခံထားပေးပါ။
- လည်ပင်း (သို့မဟုတ်) ရင်ဘတ်တွင် တင်းကျပ်သော အဝတ်အထည်များရှိပါက ဖယ်ရှားပါ။
- ပါးစပ်မှာ အန်ဖတ်၊ ချွဲသလိပ် စသည်တို့ ပိတ်ဆို့နေလျှင် သုတ်သင်ဖယ်ရှားပါ။
- ဖြစ်နိုင်လျှင် ကလေးတက်ပုံကို ဗီဒီယိုရိုက်ထားပေးပါ။
- အတက်ကျပြီးလျှင် Recovery Position ဟုခေါ်သော ဘေးစောင်းအနေအထားကို ပုံပါအတိုင်း ထားပေးပါ။ ကလေးအများစုသည် မှိန်းနေတတ်သည် သို့မဟုတ် အိပ်ပျော်သွားတတ်သည်။
- အများစုသည် ငါးမိနစ်အတွင်း အတက်ကျလေ့ရှိသည်။ ငါးမိနစ်အတွင်း အတက်မကျလျှင် Diazepam အရည်၊ ဆေးတောင့်ကဲ့သို့သော အရေးပေါ်အတက်ကျဆေးမျိုးကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ထည့်ပေးသင့်သည်။ သို့မဟုတ်ပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုသည်။
တက်နေသောကလေးအား မပြုလုပ်ရမည့် အချက်များမှာ –
- ကလေးတက်လျှင် ကြောက်လန့်တကြား စိုးရိမ်လွန်ကဲစွာဖြင့် ဟိုလုပ်ဒီလုပ်မလုပ်မိပါစေနှင့်။ ဥပမာ- ငယ်ထိပ်မှုတ်၊ နှာခေါင်းအနီး စူးစူးရှရှအနံ့ပေး၊ ခြေလက်များဖိနှိပ်ချုပ်၊ လူများဝိုင်းအုံကြည့် စသည်တို့ ရှောင်သင့်သည်။
- လျှာကိုက်မိနိုင်သဖြင့် ပါးစပ်အတွင်း ဇွန်း၊ လူကြီး၏လက်ထည့်ခြင်းမျိုး ရှောင်ကြဥ်ပါ။
- နှုတ်ခမ်းချင်းတေ့ပြီး မှုတ်ရန်မလိုပါ။ အတက်ကျသွားသည့်အခါတွင် သူ့အလိုအလျောက် အသက်ပြန်ရှူပါသည်။
- ကလေးကောင်းစွာ သတိပြန်မရမချင်း ရေ၊ အစားအသောက်၊ ဆေး စသည်တို့ မတိုက်ကျွေးပါနှင့်။
တက်နေသောကလေးကို တည်တည်ငြိမ်ငြိမ်နှင့် ပြုစုကုသနိုင်ရေးသည် အရေးကြီးဆုံးဖြစ်သည်။
ကလေးများ တက်ခြင်းနှင့် ပတ်သက်၍ ဆက်လက်ဖတ်ရှုရန်
ကလေးများ အဖျားကြီး၍ တက်ခြင်း (Febrile seizure)
ကလေးများတွင် ဖြစ်သော အတက်ရောဂါ (Childhood Epilepsy)
အတက်နှင့်တူသောရောဂါအခြေအနေများ (Seizures mimics)
အီးအီးဂျီ စမ်းသပ်ခြင်း (EEG)
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.