Burns and scalds (မီးလောင်၊ အပူလောင်ဒဏ်ရာ)

CLL Health Emergency

မီးလောင်ခြင်းသည် အပူ၊ ပြင်းထန်သည့် နေရောင်ခြည်၊ ဓာတုဗေဒပစ္စည်းများ၊ လျှပ်စစ်ဓာတ် စသည်တို့ကြောင့် ခန္ဓာကိုယ်အရေပြားနှင့် တစ်ရှူးများ ပျက်စီးသွားခြင်းဖြစ်သည်။ အပူလောင်ခြင်းသည် ဆီပူ၊ ရေနွေးငွေ့၊ ရေနွေးပူလောင်ခြင်းဖြစ်သည်။ မီးလောင်ခြင်းသည် သာမန်ဒဏ်ရာအဆင့်မှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ သာမန်ဒဏ်ရာများကို အိမ်တွင် မိမိတို့ကိုယ်တိုင်ကုသနိုင်သော်လည်း ပြင်းထန်ပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသကုသမှု ခံရမည့်အခြေအနေဖြစ်သည်။ ဒဏ်ရာပြင်းထန်မှုသည် လောင်ကျွမ်းခံရသည့်ပမာဏ (ဧရိယာ) နှင့် အတိမ်အနက်တို့ပေါ်မူတည်ပြီး အချို့ပြင်းထန်လူနာများကို မီးလောင်ဒဏ်ရာသီးသန့်ကုသဌာနတွင် ကုသရပြီး နောက်ဆက်တွဲပြဿနာများကြောင့် လနှင့်ချီ၍ ဆေးရုံတင်ကုသရသူများရှိသည်။

‌ရောဂါလက္ခဏာများ

ဒဏ်ရာနက်ရှိုင်းမှုပေါ်မူတည်ပြီး လက္ခဏာများကွာခြားနိုင်သည်။

  1. အပေါ်ယံလောင်ကျွမ်းခြင်း -အရေပြားအပေါ်ယံအလွှာသာ လောင်ကျွမ်းခံရခြင်း ဖြစ်သည်။ အရည်ကြည်ဖုပေါက်ခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းများတွေ့ရသည်။
  2. အရေပြားတခုလုံးလောင်ကျွမ်းခြင်း – အရေပြားအလွှာတခုလုံး လောင်ကျွမ်းခံရခြင်း ဖြစ်သည်။ နီရဲခြင်း၊ ယောင်ခြင်း၊ အဖြူကွက်၊ အမဲကွက်များပေါ်ခြင်း၊ အလွန်နာကျင်ခြင်းများဖြစ်တတ်သည်။ ဒုတိယအဆင့်ဒဏ်ရာသည် ပျောက်ကင်းသည့်တိုင် အနာရွတ်ကျန်ခြင်း၊ အဖြူကွက်ကျန်ခြင်း ဖြစ်တတ်သည်။
  3. အရေပြားအောက်ပိုင်းအထိလောင်ကျွမ်းခြင်း- အောက်ရှိ အဆီ၊ ကြွက်သားများအထိ လောင်ကျွမ်းခြင်းဖြစ်သည်။ လောင်ကျွမ်းခံရသည့်နေရာသည် ညို၊ မဲနေတတ်ပြီး တူးနေသည့် အသားကင်ကဲ့သို့မြင်ရသည်။ အရေပြား၏ အာရုံခံနာဗ်ဆဲလ်များ လောင်ကျွမ်းခံရသောကြောင့် နာကျင်မှု မခံစားရတတ်ပေ။
Burns and scalds image1
နောက်ဆက်တွဲပြဿနာများ
  • မီးလောင်ဒဏ်ရာကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများပေါ်ပေါက်နိုင်သည်။
  • အသက်ရှူလမ်းကြောင်းလောင်ကျွမ်းခြင်း- ပူလောင်သည့်လေကို ရှူသွင်းမိခြင်းကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် လောင်ကျွမ်းမှုဖြစ်လျှင် အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လေပြွန်ပိတ်ခြင်းများကြောင့် မောခြင်း၊ ရင်ကျပ်ခြင်းမှ အသက်ရှူရပ်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။
  • ကူးစက်ရောဂါပိုးဝင်ခြင်း – အရေပြားဒဏ်ရာမှတဆင့် ကူးစက်ရောဂါပိုးများဝင်လျှင် ဖျားခြင်း၊ သွေးဆိပ်တက်ခြင်းများဖြစ်နိုင်သည်။
  • ကြွက်သား၊ အာရုံကြော၊ သွေးကြောများထိခိုက်ခြင်း- အထူးသဖြင့် မီးလောင်ဒဏ်ရာ တတိယအဆင့်နှင့် လျှပ်စစ်ကြောင့်လောင်ကျွမ်းခြင်းတွင် အဖြစ်များသည်။
  • အနာရွတ်ထင်ကျန်ခြင်း -လောင်ကျွမ်းသည့်နေရာတွင် ဆိုးရွားသည့်အနာရွတ်များကျန်နိုင်သည်။ အလှအပဆိုင်ရာပြဿနာရှိသည်။
  • လှုပ်ရှားမှုထိခိုက်ခြင်း – ခြေလက် အဆစ်များ၊ လည်ပင်း၊ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းကြားတွင် လောင်ကျွမ်းပါက ကွေးကောက်ပြီး အရေပြားကပ်ကာ လှုပ်ရှားမှုခက်ခဲနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအခြေအနေများတွင် ဆေးရုံအရေးပေါ်ကုသမှုဌာနသို့ မဖြစ်မနေပြသရန်လိုသည်။

  • ခန္ဓာကိုယ်မျက်နှာပြင် ဧရိယာ လူကြီးတွင် (၂၀) ရာနှုန်းအထက်၊ ကလေးတွင် (၁၀) ရာနှုန်းအထက် လောင်ကျွမ်းမှု
  • မျက်နှာ၊ လက်၊ ပေါင်ခြံနှင့် ချိုင်းတဝိုက်၊ အသက်ရှူလမ်းကြောင်းလောင်ကျွမ်းမှု
  • မီးလောင်ဒဏ်ရာရပြီး မောနေသည့်လူနာ
  • ဧရိယာသေးငယ်သော်လည်း အရေပြားအောက်နက်သည့်ဒဏ်ရာ
  • ဓါတုဗေဒပစ္စည်းများလောင်ကျွမ်းမှုနှင့် လျှပ်စစ်ဓါတ်လိုက်လောင်ကျွမ်းမှု
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
  • မီးတောက်ဖြင့်လောင်ကျွမ်းလျှင် မီးငြိမ်းအောင် ချက်ချင်းပြုလုပ်ပါ။ လျှပ်စစ်ကြောင့်ဖြစ်လျှင် မိန်းခလုတ်ကို ချက်ချင်းပိတ်ပါ။ ဓာတုဗေဒပစ္စည်းများ လောင်ကျွမ်းလျှင် ဓာတုပစ္စည်းများစိုရွှဲနေသည့် အဝတ်များကိုဖယ်ရှားပြီး ရေနိုင်နိုင်ဖြင့် အချိန်အတော်ကြာသည်အထိ ဆေးပစ်ပါ။ ဓာတုပစ္စည်းများသည် အတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်ပြီး (၂) ရက်၊ (၃) ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းတတ်သည်။
  • သာမန်လောင်ကျွမ်းမှုများတွင် မီးလောင်ဒဏ်ရာကို မိနစ် (၂၀) ခန့်ကြာအောင် ရေအေးဖြင့်လောင်း၍ အေးအောင်ပြုလုပ်ပေးပါ။ ရေခဲရေမသုံးမပြုရ။
  • မီးလောင်ဒဏ်ရာ အနီးတဝိုက်ရှိ အဝတ်အစား၊ နာရီ၊ လက်စွပ်များကိုဖယ်ရှားပါ။ မီးလောင်ဒဏ်ရာတွင်ကပ်နေသော အဝတ်အစားများကို ဆွဲခွာခြင်းမပြုလုပ်ရ။
  • အရည်ကြည်ဖုပေါ်လျှင်မဖေါက်ရ။ မင်၊ ဆီ၊ တိုင်းရင်းဆေးများ၊ လိမ်းဆေးများ သုတ်လိမ်းခြင်းမပြုရ။
  • မီးလောင်ဒဏ်ရာကို သန့်ရှင်းသော ပတ်တီး၊ အဝတ်စဖြင့် ဖုံးအုပ်ထားရမည်။

လောင်ကျွမ်းမှုဧရိယာသေးငယ်သည့် သာမန်မီးလောင်ဒဏ်ရာများသည် (၁၀) ရက်မှ (၂) ပတ်အတွင်း ပျောက်ကင်းနိုင်သဖြင့် မိမိအိမ်တွင်ကုသနိုင်သည်။

  • ဒဏ်ရာကို သန့်ရှင်းအောင်ထားရန်၊ ပတ်တီးစည်းဖုံးအုပ်ထားရန်
  • နာကျင်မှုသက်သာစေရန် ပါရာစီတမောလ်ကဲ့သို့ အကိုက်အခဲပျောက်ဆေးများသောက်ရန်
  • အနာရောင်ရမ်းလာခြင်း၊ ဖျားခြင်းဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရမည်။ အချို့တွင် မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်။ လိုအပ်လျှင် မိသားစုဆရာဝန်သည် ဆေးရုံသို့ လွှဲပြောင်းကုသမှုပေးမည်ဖြစ်သည်။

လောင်ကျွမ်းမှုဧရိယာကြီးသည့်ဒဏ်ရာများတွင် မျက်နှာပြင်ဧရိယာမှ ရေဓါတ်ဆုံးရှုံးမှုကြောင့် သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သဖြင့် ဆုံရှုံးမှုပမာဏအလိုက်တွက်ချက်၍ သွေးကြောမှ ဓါတ်ဆားရည်သွင်းခြင်းဖြင့် ကုသသည်။ ပဋိဇီဝပိုးသတ်ဆေးသွင်းခြင်း၊ သွေးသွင်းခြင်း၊ ဒဏ်ရာကို ခွဲစိတ်ခန်းတွင် ဆေးကြောခြင်း၊ ခွဲစိတ်ခြင်း၊ ဆေးထည့်ခြင်းများပြုလုပ်သည်။ ထို့နောက် မီးလောင်ဒဏ်ရာကုသဆောင်တွင် ဆက်လက်ကုသမှု ပေးသည်။ အသက်ရှူလမ်းကြောင်းလောင်ကျွမ်းမှုအတွက် လေပြွန်တွင်းသို့ ပိုက်ထည့်ကာ အသက်ရှူစက်တပ်ခြင်းအထိပြုလုပ်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ကုသမှုခံယူရနိုင်သည်။

ကာကွယ်ခြင်း
  • မီးဘေးအန္တရာယ်ကာကွယ်ခြင်းလုပ်ငန်းအားလုံးသည် မီးလောင်ဒဏ်ရာကိုကာကွယ်ခြင်းပင်ဖြစ်သည်။
    မီးအန္တရာယ်သတိပေးစနစ်တပ်ဆင်ထားခြင်းဖြင့်လည်း အန္တရာယ်မှကာကွယ်နိုင်သည်။
  • ကလေးသူငယ်များကို မီးဖို၊ မီးခြစ်၊ မီးပူနှင့်အခြား ပူလောင်သည့်ပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်ဝေးအောင်ထားပါ။
  • လူကြီးများ အဆိုပါအန္တရာယ်ရှိသည့်ပစ္စည်းများကို ကိုင်တွယ်လျှင် အကာအကွယ် လက်အိတ်သုံးရန်နှင့် စက်ရုံအလုပ်ရုံများတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံဖြင့် စည်းကမ်းတကျလုပ်ရန်တို့ လိုအပ်သည်။

မှတ်ချက်။ ။ လောင်ကျွမ်းဒဏ်ရာဧရိယာတွက်ချက်ရာတွင် လူနာ၏ လက်တစ်ဖဝါးအရွယ်ကို (၁) ရာခိုင်နှုန်းဟု သတ်မှတ်ရမည်။

References:

  1. Burns – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 23, 2024, from https://www.mayoclinic.org/diseases-conditions/burns/symptoms-causes/syc-20370539

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.