Heart attack (ရုတ်တရက်နှလုံးဖောက်ခြင်း)

CLL Health Emergency

ရုတ်တရက် ရင်ဘတ်အောင့်ပြီး လဲပြိုကျသည့်လူနာတိုင်းကို နှလုံးဖောက်ခြင်း ဟုတ်မဟုတ် သံသယဖြင့် ချဉ်းကပ်ရမည်။ နှလုံးဖောက်ခြင်းသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးရောဂါများစာရင်းတွင် ထိပ်ဆုံးပိုင်း၌ရှိသည်။

Heart attack image
ဖြစ်‌ပေါ်ရသောအကြောင်းရင်း

ရုတ်တရက်နှလုံးဖောက်ခြင်းသည် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု ရုတ်တရက် ပြတ်တောက်သွားမှုကြောင့် နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarct) ဖြစ်သည်။ နှလုံးသို့ပို့သော သွေးကြောများအတွင်း ကိုလက်စထရောနှင့် အဆီများ တဖြည်းဖြည်းပိတ်ဆို့လာပြီး သွေးခဲအဖြစ် ပိတ်ဆို့သွားပါက သွေးမစီးဆင်းနိုင်လျှင် နှလုံးဖောက်ခြင်းရုတ်တရက်ဖြစ်လာသည်။ နှလုံးကြွက်သားပုပ်၍ပျက်စီးသောကြောင့် နှလုံးခုန်မူမမှန်ခြင်း၊ နှလုံးညှစ်အားမကောင်းခြင်းမှ နှလုံးခုန်ရပ်ခြင်းအထိဖြစ်နိုင်သည်။ ယခင်က နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိသူများ၊ အမျိုးသား (အသက် ၄၅ နှစ်အထက်)နှင့် အမျိုးသမီး (အသက် ၅၅ နှစ် အထက်)၊ ဆေးလိပ်ကြာရှည် သောက်ခဲ့သူများ၊ အဝလွန်သူများ၊ သွေးတွင်းအဆီဓါတ်များသူများ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ၊ မိသားစုအတွင်း နှလုံးဖောက်ခြင်းဖြစ်ဖူးသူများ၊ စိတ်ဖိစီးမှုများသူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းနှင့် နှလုံးဖောက်ခြင်းဖြစ်နိုင်ခြေ အများဆုံးတွေ့ရသည်။

ရောဂါလက္ခဏာများ

နှလုံးဖောက်သည့်လူနာများတွင် ဖြစ်သည့်အကြောင်းရင်းနှင့် သွေးကြောပိတ်သည့်ရာခိုင်နှုန်းပေါ် မူတည်၍ အချို့တွင် ပြင်းပြင်းထန်ထန်မခံစားရသော်လည်း အချို့တွင် ပြင်းထန်မှုကြောင့် ချက်ချင်းသေဆုံးသည် အထိဖြစ်နိုင်သည်။

  • ရုတ်တရက် ရင်ဘတ်အောင့်ခြင်း -ရင်ဘတ်ထဲတွင် တင်းကြပ်ပြီး၊ တစ်စုံတစ်ခုမှဖိထားသကဲ့သို့ အောင့်တတ်သည်။
  • အဆိုပါနာကျင်မှုသည် လက်ဝဲဘက်ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးအောက်ပိုင်းသို့လည်းကောင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းသို့လည်းကောင်း၊ ကျောဘက်သို့လည်းကောင်း ပျံ့နှံ့ခြင်းမျိုးရှိသည်။
  • အသက်ရှူမြန်ခြင်း၊ မောခြင်း၊ နုံးခွေခြင်း
  • ခန္ဓာကိုယ်အေးစက်လျက် ချွေးသီးချွေးပေါက်ကျခြင်း
  • မူးဝေခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ အစာမကြေသကဲ့သို့ဖြစ်ခြင်း

အထက်ပါလက္ခဏာများသည် အချို့တွင် ရက်သတ္တပတ် (၁) ပတ် – (၂) ပတ်ခန့်ကတည်းက သတိပေးနေခဲ့သော်လည်း အချို့တွင် နှလုံးခုန် ရုတ်တရက်ရပ်သည့်အခါမှ နှလုံးဖောက်ခြင်းဖြစ်ကြောင်း သိရတတ်သည်။

အရေးပေါ်ကုသခြင်း

အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြအနေဖြစ်သောကြောင့် အချိန်မဆိုင်းဘဲ ဆေးရုံတွင် ကုသမှု ချက်ချင်းခံယူရမည်။

  • သင်ကိုယ်တိုင် နှလုံးဖောက်သည်ဟု လက္ခဏာများ ခံစားရလျှင်လည်းကောင်း၊ တစ်စုံတစ်ယောက်တွင် တွေ့ရှိလျှင်လည်းကောင်း ပတ်ဝန်းကျင်အား အကူအညီတောင်းခံရမည်။ အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ် ဆိုသင့်သည်။ လူနာတင်ယာဉ်အလွယ်တကူမရနိုင်လျှင် နီးစပ်ရာအငှားယာဥ် (သို့မဟုတ်) အခြားသူအား ကားမောင်းစေလျက် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရမည်။ (ဆေးရုံတွင် သွေးကျဲဆေးထိုးရန် မိနစ် (၃၀) အတွင်း၊ နှလုံးသွေးကြောဖွင့်ပြွန်ငယ် (Stent) ထည့်ရန် မိနစ် (၉၀) အတွင်းသာ အချိန်ရသဖြင့် မိနစ်တိုင်းသည် အရေးကြီးလျက်ရှိသည်။)
  • နှလုံးသွေးကြောကျဉ်းရောဂါအခံအတွက် ယခင်က ဆရာဝန်ညွှန်ကြားခဲ့သော Nitroglycerin ငုံဆေး ရှိပါက အရေးပေါ်လူနာတင်ယာဉ်မရောက်မီ အသုံးပြုနိုင်သည်။
ရှေးဦးကုသခြင်း

တစ်စုံတစ်ဦးသည် နှလုံး‌ဖောက်၍ သတိလစ်လဲကျနေသည်ကိုတွေ့ရှိလျှင် အရေးပေါ်လူနာတင်ယာဉ် ချက်ချင်းခေါ်ဆိုပါ။ ပတ်ဝန်းကျင်မှ လူအများကို အော်ဟစ်အကူအညီတောင်းပါ။

  • အသက်ရှူခြင်းရှိမရှိ၊ လည်ပင်းသွေးကြောသွေးခုန်နှုန်း ရှိမရှိ စစ်ဆေးပါ။
  • သွေးခုန်ခြင်းမရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း ( CPR) ကိုချက်ချင်းပြုလုပ်ပါ။ CPR ပြုလုပ်ပုံ လေ့ကျင့်သင်ကြားထားခြင်းမရှိလျှင် လူနာ၏ရင်ဘတ်အလယ်သို့ တစ်မိနစ်လျှင် အချက် (၁၀၀) မှ (၁၂၀) ခန့် ခပ်ပြင်းပြင်း ဆက်တိုက်ဖိနှိပ်ပေးပါ။ CPR တတ်မြောက်လျှင် ရင်ဘတ်ဖိနှိပ်ခြင်း တစ်မိနစ် အချက် (၃၀) နှင့် အသက်ရှူအားကူခြင်း (၂) ကြိမ် အလှည့်ကျ ပြုလုပ်ပေးပါ။
  • ဆေးရုံအရေးပေါ်ဌာနသို့ချက်ချင်းပို့ဆောင်ပါ။
ကာကွယ်ခြင်း

ရုတ်တရက်နှလုံးဖောက်ခြင်းကို ကာကွယ်ရန်နောက်ကျသည်ဟူ၍မရှိပေ။ ဖြစ်နှုန်းများစေသည့် အထက်ပါအကြောင်းရင်းများရှိလျှင် ပို၍ဂရုစိုက်ကာကွယ်သင့်သည်။

  • ကျန်းမာသည့် လူနေမှုစတိုင်ကျင့်သုံးပါ – ဆေးလိပ်မသောက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ အားကစားပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းများ ပြုလုပ်ပါ။
  • မိမိ၌ရှိသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည်တို့ကို ဂရုစိုက်ကုသပါ။ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။
  • နှလုံးရောဂါနှင့်ပတ်သက်သည့်၊ ဆရာဝန်မှ ညွှန်ကြားထားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.