အရေးပေါ်ကျန်းမာရေးပြဿနာဆိုသည်မှာ ချက်ချင်းကုသမှု မရရှိလျှင် သေဆုံးနိုင်ခြင်း သို့မဟုတ် ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းကိုဖြစ်စေသော အခြေအနေများဖြစ်သည်။ အရေးပေါ် ကျန်းမာရေးပြဿနာများသည် လူတန်းစားမရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေးတွင် ဖြစ်နိုင်သည်။ အရေးပေါ်ရောဂါ လက္ခဏာများကိုသတိပြုမိပြီး ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်လျှင် အသက်အန္တရာယ်မှ ကယ်တင်နိုင်သည်။ သတိမပြုမိခြင်း၊ ဆေးရုံဆေးခန်းသို့ပို့ရန် နှောင့်နှေးခြင်းတို့ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်လာနိုင်သည်။
မမျှော်လင့်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်လာနိုင်ခြင်း၊ မူလအခံရောဂါများ (နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါများ) ရုတ်တရက်ဆိုးရွားလာခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ခြင်းကြောင့်လည်း အရေးပေါ်ပြဿနာကြုံနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ
အောက်ပါတို့သည် အမေရိကန်အရေးပေါ်ဆေးပညာကောလိပ်မှ ထုတ်ပြန်ထားသည့် အသက်အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများဖြစ်သည်။
- သွေးမတိတ်ခြင်း၊သွေးထွက်လွန်ခြင်း (Uncontrollable Bleeding)
- အသက်ရှူရပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောပန်းခြင်း (Stop breathing Difficult breathing Shortness of Breath)
- အသိစိတ်အခြေအနေပြောင်းလဲခြင်း (သတိလစ်ခြင်း၊ မူးဝေခြင်း၊ ကယောက်ကယက်ဖြစ်ခြင်း Change in Conscious level)
- ရင်ဘတ်အောင့်ခြင်း (Chest Pain)
- အစာသီးခြင်း၊ နင်ခြင်း (Choking)
- သွေးအန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း (Coughing up and Vomiting Blood)
- ဦးခေါင်းဒဏ်ရာ၊ ကျောရိုးဒဏ်ရာ (Head and Spine Injuries)
- မိမိကိုယ်ကို သို့မဟုတ် အခြားသူကို အန္တရာယ်ပြုလိုသောစိတ် ပေါ်ပေါက်ခြင်း (Feeling of harming yourself or others)
- မတော်တဆမှုကြောင့် ဖြစ်သော မီးလောင်ဒဏ်ရာ၊ ရေနစ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရုတ်တရက်ပြင်းထန်စွာထိခိုက်ခြင်း (sudden injuries)
- ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆို ရုတ်တရက်ပေါ်ပေါက်သည့် ပြင်းထန်သောနာကျင်မှု (Sudden severe pain anywhere in the body) (သို့မဟုတ်) လုံးဝမသက်သာသည့် နာကျင်မှု
- ရုတ်တရက် ဗိုက်အောင့်ခြင်း (Sudden abdominal pain)
- အဆိပ် (သို့မဟုတ်) အန္တရာယ်ရှိသော ပစ္စည်းအား မျိုမိခြင်း၊ အဆိပ်ရှိသတ္တဝါအကိုက်ခံရခြင်း (Swallowing Poison or Harmful Substances)
- ရုတ်တရက် မူးဝေခြင်း၊ လှုပ်ရှား၍မရခြင်း၊ အမြင်အာရုံပျောက်ဆုံးခြင်း (Sudden dizziness, weakness and Loss of Vision)
ကလေးငယ်များတွင်အောက်ပါလက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်သည်။- တက်ကြွမှုမရှိပဲ မှိန်းနေခြင်း
- အိပ်ချိန်များနေခြင်း
- မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း
- မောခြင်း၊ မူမမှန်အသက်ရှူခြင်း
- နှုတ်ခမ်း/ လျှာ ပြာနှမ်းခြင်း (Cyanosis)
- အစာမစားခြင်း၊ အစာကျွေး၍မရခြင်း
- တက်ခြင်း (Seizures/Convulsion)
- သွေးမတိတ်ခြင်း
- ဖျားခြင်းနှင့်အတူ ကယောင်ကတမ်းဖြစ်ခြင်း၊ ဇက်ကြောတောင့်တင်းခြင်း
အရေးပေါ်ကုသခြင်း
အထက်ပါလက္ခဏာများကို မိမိကိုယ်တိုင်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်တွင်လည်းကောင်း တွေ့ရှိလျှင်
ပထမဆုံးပြုလုပ်ရမည်မှာ ရှေးဦးသူနာပြုစုခြင်းဖြစ်သည်။
- စိတ်ကိုတည်ငြိမ်အောင်ထားပါ၊ ဆောင်ရွက်သင့်သည်များကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်ပါ။
- အရေးပေါ်လူနာတင်ယာဉ်စနစ်ရှိပါက ဦးစွာအကြောင်းကြားခေါ်ဆိုပါ။
- သတိလစ်နေခြင်း ရှိမရှိ စစ်ဆေးပါ။ သတိလစ်နေသည့်လူနာကို ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါက ဘေးစောင်းအနေအထား (Recovery Position) ဖြင့်ထားပါ။ သတိလစ်နေပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းမရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း – စီပီအာ (CPR) ကို ချက်ချင်းပြုလုပ်ပါ။
- အသက်ရှူခြင်း ရှိမရှိ စစ်ဆေးပါ။
အသက်ရှူခြင်းမရှိလျှင် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း ရှိမရှိ စစ်ဆေးပါ။ အန်ဖတ်၊ အစာ၊ ကွမ်းဖတ်တို့ကို ဖယ်ရှားပါ။ လူနာ၏ဦးခေါင်းကို မေးစေ့မှ ဆွဲမ၍ အသက်ရှူလမ်းကြောင်းကို ဖွင့်ပေးပါ။ အသက်ရှူနိုင်ခြင်း မရှိလျှင် အသက်ရှူအားကူခြင်းပြုလုပ်ပါ။ စကားပြောဆိုနိုင်ခြင်း၊ အော်ဟစ်နေခြင်းရှိလျှင် အသက်ရှူလမ်းကြောင်းပိတ်ခြင်းမရှိဟု သတ်မှတ်နိုင်သည်။ - သွေးထွက်နေခြင်း (သို့မဟုတ်) သွေးထွက်နေသောဒဏ်ရာ ရှိမရှိ စစ်ဆေးပါ။
သွေးထွက်နေသောဒဏ်ရာကို အဝတ်စ (သို့မဟုတ်) ပတ်တီးဖြင့် ဖိအားသုံးစည်းပေးခြင်းဖြင့် သွေးတိတ်အောင် ပြုလုပ်ပေးပါ။ ဒဏ်ရာအပေါ်ပိုင်းမှ တင်းကျပ်အောင်ကြိုးစည်းခြင်း မပြုလုပ်ရ။ လုံးဝထိန်းချုပ်၍မရသည်အထိ သွေးထွက်လျှင် သွေးထိန်းမျှော့ကြိုးဖြင့် စည်းနိုင်သည်။ သို့သော် နာရီဝက်လျှင် တစ်ကြိမ် ပြန်လျှော့ပေးရမည်။
အထက်ပါ ရှေးဦးသူနာပြုစုခြင်းများ လိုအပ်သည့်အခြေအနေဖြစ်ပါက အရေးပေါ်ပြုစုပြီး လူနာကို အနီးဆုံးဆေးရုံအရေးပေါ်ဌာနသို့ လျှင်မြန်စွာ တိုက်ရိုက်ပို့ဆောင်ရမည်။
အထက်ပါရှေးဦးသူနာပြုစုခြင်းများ မလိုအပ်သည့်အခြေအနေဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း၊ ကုသပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။ လိုအပ်လျှင် ဆေးရုံအရေးပေါ်ဌာနသို့ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။
အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေများတွင် မိနစ်တိုင်းသည် လူနာအတွက် အရေးကြီးသည်ကို သတိပြုပါ။
အရေးပေါ်ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ပြင်ဆင်ခြင်း
အရေးပေါ်ပြဿနာများမဖြစ်မီကတည်းက ကြိုတင်ပြင်ဆင်ထားရန်လိုသည်။ အများအားဖြင့် ရုတ်တရက်ပေါ်ပေါက်သည့် အခြေအနေတိုင်းတွင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြသည်။
- မိမိ အိမ်၊ အလုပ်၊ ကျောင်း၊ ရုံး၊ ခရီးသွားလျှင် မိမိတည်းခိုသည့် ဟိုတယ်တို့နှင့် အနီးဆုံးရှိ ဆေးရုံ၊ ဆေးခန်းများ တည်နေရာနှင့် သွားနိုင်သည့်ခရီးလမ်းကို စုံစမ်းမှတ်သားထားပါ။
- အရေးပေါ်ခေါ်ဆိုနိုင်မည့် တယ်လီဖုန်းနံပါတ်များကို အိမ်နံရံ၊ ရုံးနံရံတွင် သိသာအောင် ကပ်ထားပါ။ မိမိ အပြင်သွားလျှင် အထူးသဖြင့် ကလေးများနှင့် သက်ကြီးရွယ်အိုများကျန်ခဲ့လျှင် အရေးပေါ်ခေါ်ဆိုရန် အသိပေးပါ။ မိမိ၏ လက်ကိုင်ဖုန်းအတွင်း အရေးပေါ်လူနာတင်ယာဉ်ဖုန်းနံပါတ်များ၊ မိသားစုဆရာဝန်၏ ဖုန်းနံပါတ်၊ ဆေးရုံဆေးခန်းဖုန်းနံပါတ်များ၊ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များ၊ မိသားစုအတွင်း ဆုံးဖြတ်ချက်ပေးနိုင်မည့်သူ၏ ဖုန်းနံပါတ်များကို မှတ်သားထားပါ။ တိုးတက်သည့် နိုင်ငံများတွင် ဗဟိုဖုန်းနံပါတ် (ဥပမာ – 911, 000, 999) တစ်ခုကိုဆက်သွယ်ရုံဖြင့် အရေးပေါ်အဖွဲ့များကို ဆက်သွယ်နိုင်သော်လည်း မြန်မာနိုင်ငံအတွက်မူ လူနာတင်ယာဉ်အသင်းအဖွဲ့များ၏ ဖုန်းနံပါတ်အချို့ကို စုံစမ်းမှတ်သားထားသင့်သည်။ မြန်မာနိုင်ငံတွင် လူနာတင်ယာဉ် အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်192 ရှိသော်လည်း လတ်တလောခေါ်ဆို၍ မရနိုင်သေးပေ။
- မိမိ၏ မူလအခံရောဂါ ကုသမှုမှတ်တမ်းများကို အလွယ်တကူရရှိနိုင်သောနေရာတွင် ထားပါ။ ရောဂါရှိကြောင်း သက်သေခံကဒ်ရှိပါက ကိုယ်နှင့်မကွာ ဆောင်ထားပါ။
- အရေးပေါ်ရှေးဦးသူနာပြုစုနည်းများ တတ်မြောက်အောင်သင်ယူပါ။
- ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း – (CPR) စီပီအာ ပြုလုပ်နည်း၊ အလိုအလျောက်နှလုံးနိုုးဆွစက် (AED) အသုံးပြုနည်း သင်တန်းများ တက်ရောက်ပါ။
References :
- Know When to Go to the ER. (n.d.). Retrieved June 24, 2024, from https://www.emergencyphysicians.org/article/know-when-to-go/know-when-to-go-overview
- Recognizing medical emergencies: MedlinePlus Medical Encyclopedia. (n.d.). Retrieved June 24, 2024, from https://medlineplus.gov/ency/article/001927.htm
- Dmtt Admin. (2021). Recognizing Signs and Symptoms of An Emergency. Minutes Matter. Retrieved June 24, 2024, from https://minutesmatter.upmc.com/know-the-signs-and-symptoms-of-an-emergency/
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.