ပြင်းထန်စွာမောပန်းခြင်းသည် သာမန်ရောဂါလက္ခဏာတစ်ခုမဟုတ်ပေ။ အဆုတ်တွင်းသို့ လေလုံလောက်စွာမရရှိသဖြင့် လေကိုငတ်မွတ်ခြင်းကြောင့် အသက်ရှူနှုန်းမြန်လာခြင်း၊ ရင်ဘတ်အတွင်း တင်းကျပ်သည့်ခံစားမှုဖြစ်လာကာ သွေးတွင်းအောက်ဆီဂျင်ကျဆင်းပြီး အခြားလက္ခဏာများယှဥ်တွဲလာလျှင် အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်သည်။ ရုတ်တရက် ပြင်းထန်စွာ မောပန်းခြင်း၊ မကြာခဏမောပန်းလေ့ရှိရာမှ ပိုမိုပြင်းထန်လာခြင်း၊ နာတာရှည်မောပန်းခြင်းများသည် အရေးပေါ် အခြေအနေဖြစ်နိုင်သဖြင့် အချိန်မီစနစ်တကျ ကုသမှုခံယူသင့်သည်။ မောပန်းခြင်းသည် အဆုတ်၊ နှလုံး၊ သွေးနှင့်သွေးကြောရောဂါများ၊ အာရုံကြောရောဂါများ၊ ဇီဝဖြစ်စဥ်ဆိုင်ရာရောဂါများ (Metabolic Diseases) ကြောင့်ဖြစ်နိုင်ပြီး ဖြစ်သည့်အကြောင်းအရင်းကို ရှာဖွေကုသရန်လိုသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရောဂါကြောင့်မဟုတ်သည့် သာမန်မောပန်းခြင်းကို လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်ခြင်း၊ ပြင်ပအပူချိန် ပြင်းထန်ခြင်း၊ အဝလွန်ခြင်း၊ တောင်တက်ခြင်းများတွင် ကြုံတွေ့နိုင်သည်။ သို့သော် မောပန်းခြင်းသည် မိနစ်ပိုင်း အတွင်းသာကြာမြင့်ပြီး ယှဥ်တွဲလက္ခဏာများမရှိပေ။
သွေးတွင်း၌ အောက်ဆီဂျင် ပိုမိုရရှိရန်နှင့် ကာဘွန်ဒိုင်အောက်ဆိုက်ကိုစွန့်ထုတ်ရန် အဆုတ်နှင့် နှလုံး ပူးတွဲ၍ လုပ်ဆောင်သည်။ အဆုတ်နှင့်နှလုံးရောဂါများကြောင့် လုံလောက်သည့် အောက်ဆီဂျင် မရရှိလျှင် ဦးနှောက်မှအသက်ရှူနှုန်းကိုမြှင့်တင်သည့်အခါ လူနာသည်မောလာသည်။ အဆုတ်အတွင်း အန္တရာယ်ဖြစ်စေသည့် ဓာတ်ပစ္စည်းများရှိခြင်း၊ အဆုတ်၏ ပွခြင်း၊ ကျုံ့ခြင်းကို တားဆီးသည့်အခြေအနေများ ရှိခြင်း၊ အဆုတ်အတွင်းသို့ လေဝင်လမ်းကြောင်းများ ပိတ်ခြင်းတို့ကြောင့် ရင်ဘတ်အတွင်း တင်းကျပ်မှုကို ခံစားရစေသည်။
အခံရောဂါ အများစုသည် အသက်အန္တရာယ်ရှိလောက်အောင်ပြင်းထန်လာပါကလည်း မောပန်းခြင်း ဖြစ်လာနိုင်သည်။ မောပန်းခြင်းကို တိုက်ရိုက်ဖြစ်စေသည့် အဖြစ်များသောရောဂါများတွင် အောက်ပါတို့ ပါဝင်သည်။
- ပန်းနာရင်ကျပ်ရောဂါ
- နာတာရှည်အဆုတ်လေပြွန်ပိတ်ရောဂါ (COAD)
- အဆုတ်အမြှေးပါးအတွင်းရေဝင်ခြင်း (Pleural effusion)
- အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax)
- နမိုးနီးယားအဆုတ်ရောင်ရောဂါ
- လေပြွန်၊ လေအိတ်ရောင်ခြင်း (တုပ်ကွေး၊ ကိုဗစ် ၁၉ ရောဂါ)
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary embolism)
- အဆုတ်တွင်းရေဝင်ဖောရောင်ခြင်း(pulmonary edema)
- နှလုံးလုပ်ငန်းအားနည်းခြင်း
- နှလုံးသွေးကြောပိတ်၊ ကြွက်သားပုပ်ခြင်း (heart attack)
- နှလုံးစည်းချက်မမှန်သည့်ရောဂါများ
- နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးအတွင်းနံရံ၊ အပြင်နံရံရောင်ခြင်း
- အသက်ရှူလမ်းကြောင်းပိတ်ခြင်း (အစာနင်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းသို့ ပစ္စည်း တစ်စုံတစ်ရာဝင်ခြင်း၊ ရှူသွင်းမိခြင်း)
- အလွန်အမင်း သွေးအားနည်းခြင်း
- ရင်ဘတ်ဒဏ်ရာများ (ဥပမာ- နံရိုးကျိုးခြင်း၊ အဆုတ်ဒဏ်ရာများ)
- အိပ်ပျော်စဥ် အသက်ရှူရပ်သည့်ရောဂါ (Sleep Apnoea)
- အဆိပ်ငွေ့၊ အန္တရာယ်ရှိသည့်ဓာတ်ငွေ့များရှူမိခြင်း
- ပြင်းထန်စွာဓာတ်မတည့်ခြင်း
- ဆေးဝါးများ – သွေးတွင်းအဆီကျဆေးများ (Statins)၊ သွေးပေါင်ကျဆေး (Beta-blockers)
- အဝလွန်ခြင်း
- စိတ်ပိုင်းဆိုင်ရာ အမောဖောက်ခြင်း (Hyperventilation syndrome)
ဆေးရုံ၊ ဆေးခန်းပြသရန်
ပြင်းထန်စွာမောခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းကို ကုသရာတွင် ဖြစ်စေသည့် အကြောင်းအရင်း သို့မဟုတ် အခံရောဂါအလိုက် ကုသမှုလိုအပ်သည်။ အခံရောဂါကြောင့် နာတာရှည် သာမန်မောပန်းသည့် အခြေအနေသည် ဆရာဝန်၏ ကုသမှုကိုခံယူပြီးဖြစ်သောကြောင့် မောပန်းခြင်း ပိုမိုဆိုးရွားလာလျှင် ကုသမှုပေးနေသည့်ဆရာဝန်နှင့် တိုင်ပင်နိုင်သည်။
မိသားစုဆရာဝန်နှင့်လည်းကောင်း၊ ဆေးရုံဆေးခန်းသို့လည်းကောင်း မဖြစ်မနေပြသသင့်သည့် အခြေအနေများမှာ
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ပက်လက်လှဲ၍မရအောင်မောခြင်း
- အသက်ရှူသွင်း၊ ရှူထုတ်သံ တရွှီးရွှီးမြည်ခြင်း
- ခြေ၊ လက်ဖောရောင်ခြင်း
- နာတာရှည်မောခြင်းမှ ပိုမိုဆိုးရွားလာခြင်း တို့ဖြစ်သည်။
သာမန်မောခြင်းတွင်မူ မိသားစုဆရာဝန်နှင့် စတင်ပြသနိုင်သည်။ ရောဂါရာဇဝင်မေးခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီး လိုအပ်ပါက ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ အဆုတ်လုပ်ငန်းစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းခြင်း၊ အီးစီဂျီဆွဲခြင်း စသည်ဖြင့် ဖြစ်နိုင်သည်ဟုယူဆသော ရောဂါအလိုက် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်။
အရေးပေါ်ကုသခြင်း
အကယ်၍ ရုတ်တရက်ပြင်းထန်စွာမောခြင်းခံစားရသူတစ်ဦးသည်
- ရင်ဘတ် အောင့်ခြင်း၊
- နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
- နှုတ်ခမ်း၊ လက်သည်းပြာခြင်း
- မူးဝေလဲကျခြင်း
- သတိလစ်ခြင်း
- ထိခိုက်ဒဏ်ရာရခြင်းတို့နှင့်အတူ ယှဥ်တွဲ၍ဖြစ်လျှင် နှလုံး၊ အဆုတ်ဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန်လိုသည်။ အရေးပေါ်ဌာနတွင် ရောဂါပြင်းထန်မှုစစ်ဆေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုရှိပါက ဖွင့်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းချဲ့ဆေးများရှူစေခြင်း သို့မဟုတ် ထိုးခြင်း၊ စတီးရွိုက်ဆေးများပေးခြင်း၊ မောပန်းခြင်းဖြစ်စေသည့်အကြောင်းအရင်းကို ရှာဖွေခြင်း၊ လိုအပ်ပါက အသက်ရှူအားကူပေးခြင်း၊ အသက်ရှူစက်တပ်ပေးခြင်းများကို ချက်ချင်းပြုလုပ်လေ့ရှိသည်။ ဆေးရုံအရေးပေါ်ဌာနသို့ မရောက်မီ လူနာအားကူညီရာတွင် အသက်ရှူလမ်းကြောင်းပိတ်ခြင်း အခြေအနေများဖြစ်သည့် အစာနင်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းသို့ ပစ္စည်းတစ်စုံတစ်ရာဝင်ခြင်း၊ ရှူသွင်းမိခြင်းတို့တွင် အရေးပေါ်အသက်ရှူလမ်းကြောင်းဖွင့်ခြင်း (Airway Opening Procedures) ကို ပြုလုပ်ပေးရန် လိုသည်။ အောက်ဆီဂျင်ရရှိနိုင်ပါက အချိန်မီ စောစီးစွာ ပေးနိုင်သည်။ လူနာအား သက်တောင့်သက်သာ ရှိမည့် ကိုယ်အနေအထားအတိုင်း ပြင်ဆင်ပေးနိုင်သည်။
မောခြင်းဖြစ်စေသည့် သက်ဆိုင်ရာရောဂါအလိုက် ကုသမှုပေးသည်။ ယေဘုယျအားဖြင့် အခံ အဆုတ်ရောဂါ၊ နှလုံးရောဂါများတွင် ရုတ်တရက်ပြင်းထန်စွာမောခြင်းဖြစ်လျှင် အရေးပေါ်ကုသမှုများပြီးပါက သောက်ဆေးထိုးဆေးများ တိုးခြင်း၊ လျှော့ခြင်း၊ ပြောင်းလဲခြင်းများဖြင့် ရောဂါကိုထိန်းချုပ်နိုင်ရန် ပြုလုပ်နိုင်သည်။ ကူးစက်ရောဂါကြောင့်ဖြစ်လျှင် ပဋိဇီဝဆေးများဖြင့်ကုသသည်။ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း၊ ရေဝင်ခြင်း၊ သွေးစုခြင်းများနှင့် သွေးကြောတွင်းသွေးခဲသည့်အခြေအနေများတွင် လိုအပ်ပါက ခွဲစိတ်ကုသမှုများလိုအပ်နိုင်သည်။
ကာကွယ်ခြင်း
- မောပန်းခြင်းဖြစ်စေသည့် အခံရောဂါရှိသူ လူနာများသည် သက်ဆိုင်ရာရောဂါ ကုသချက်များကို စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ရုတ်တရက်ဆိုးရွားလာမည့် အခြေအနေကို ကြိုတင်ကာကွယ်နိုင်သည်။
- အဆုတ်ရောဂါခံရှိသူများသည် မိသားစုဆရာဝန်နှင့်တိုင်ပင်၍ အသက်ရှူ လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ရမည်။
- ဆေးလိပ်သောက်ခြင်း မပြုလုပ်ရန်လိုသည်။ လေထုညစ်ညမ်းခြင်းနှင့် မိမိနှင့်ဓာတ်မတည့်သည့် ပစ္စည်းများ၊ အခြေအနေများနှင့် ထိတွေ့မှုကို ရှောင်ရှားရန်လိုသည်။
- ပြင်းထန်သော ရာသီဥတုအခြေအနေ၊ ပူလွန်းခြင်း၊ အေးလွန်းခြင်းများ ရှောင်ကြဥ်ရန်လိုသည်။
- ကူးစက်ရောဂါများ ကူးစက်ခြင်းမရှိစေရေး ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်လိုသည်။
- ကိုယ်အလေးချိန်လျော့ချခြင်း၊ အားကစားပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်ခြင်းလိုအပ်သည်။
- နှစ်စဥ်ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ရန်လိုသည်။
References:
- Dyspnea Symptoms and Treatment – Brigham and Women’s Hospital. (n.d.). Retrieved July 6, 2024, from https://www.brighamandwomens.org/lung-center/diseases-and-conditions/dyspnea-shortness-of-breath#:~:text=What%20is%20dyspnea%2
- Professional, C. C. M. (2024). Dyspnea. Cleveland Clinic. Retrieved July 6, 2024, from https://my.clevelandclinic.org/health/symptoms/16942-dyspnea
- Shortness of breath. (2020). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/symptoms/shortness-of-breath/basics/when-to-see-doctor/sym-20050890
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.