Shock (သွေးလန့်ခြင်း (သို့မဟုတ်) ရှော့ခ်ဖြစ်ခြင်း)

CLL Health Emergency

သွေးလန့်ခြင်း သို့မဟုတ် ရှော့ခ်ဖြစ်ခြင်းသည် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းအသီးသီးသို့ သွေးလုံလောက်အောင် မပို့ဆောင်နိုင်သောကြောင့် တစ်ရှူးများတွင်အောက်ဆီဂျင်ပြတ်လပ်သွားမှုအခြေအနေ ဖြစ်သည်။ သွေးလန့်ခြင်းဖြစ်လျှင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ အောက်ဆီဂျင် လုံလောက်စွာမရရှိလျှင် အင်္ဂါအစိတ်အပိုင်းများ တစ်ပြိုင်တည်းပျက်စီးပြီး ရုတ်တရက်နှလုံးခုန်ရပ်ကာ သေဆုံးနိုင်သည်။ ရှော့ခ်ဖြစ်သည့်အခြေအနေကို စောစီးစွာသတိပြုမိနိုင်ရန်လိုအပ်ပြီး အရေးပေါ်ဌာနသို့ အချိန်မီပို့ဆောင် ကုသမှုခံနိုင်ရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရှော့ခ်ဖြစ်စေသောအကြောင်းရင်းများစွာရှိသည်။ အဖြစ်များသည့်ရောဂါများတွင်

  • နှလုံးရောဂါများ – နှလုံးအားနည်းခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း (Heart Attack)၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း
  • သွေးဆုံးရှုံးခြင်း-သွေးကြောပေါက်ခြင်း၊ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်ခြင်း
  • ရေဓါတ်ဆုံးရှုံးခြင်း -အပူရှပ်ခြင်း (Heat Stroke)၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ မီးလောင်ဒဏ်ရာများ (Burns and Scalds)
  • ကူးစက်ရောဂါပိုးကြောင့် သွေးဆိပ်တက်ခြင်း
  • ပြင်းထန်သည့်ဓါတ်မတည့်ခြင်း (Anaphylaxis)
  • ကျောရိုးအာရုံကြောမကြီးထိခိုက်ဒဏ်ရာရခြင်း
  • ဆေးဝါးများ – နှလုံးခုန်ခြင်းနှင့်နှလုံးညှစ်အားကျဆင်းစေသည့်ဆေးများတို့ ပါဝင်သည်။
သွေးလန့်ခြင်းအမျိုးအစားများ

ရှော့ခ်ဖြစ်ခြင်းအမျိုးအစားအမျိုးမျိုးရှိသည်။

  1. ခန္ဓာကိုယ်တွင်းမှသွေး (သို့မဟုတ်) အရည် ပမာဏအများအပြားဆုံးရှုံးခြင်းကြောင့်ဖြစ်သော ရှော့ခ် (Hypovolemic Shock)
    အဖြစ်အများဆုံးအခြေအနေဖြစ်သည်။ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေသော ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ မီးလောင်ဒဏ်ရာ၊ အပူရှပ်ခြင်းစသည့်အခြေအနေများ၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာမှသွေးထွက်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းများတွင် ခန္ဓာကိုယ်အတွင်း သွေးရည်ထုထည်ပမာဏ ရုတ်တရက် ကျဆင်းသွားခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဖြစ်သည်။
  2. နှလုံးညှစ်အားမကောင်းသောကြောင့်ဖြစ်သော ရှော့ခ် (Cardiogenic Shock)
    နှလုံးကြွက်သားပုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးအဆို့ရှင်များ မူမမှန်ခြင်း၊ နှလုံးကြွက်သား ရောင်ခြင်းများတွင် နှလုံးမှသွေးကို ခန္ဓာကိုယ်အနှံ့ရောက်အောင် လုံလောက်စွာညှစ်မထုတ်နိုင်ခြင်းကြောင့် ရှော့ခ်ဖြစ်နိုင်သည်။
  3. သွေးစီးကြောင်းပိတ်သောကြောင့်ဖြစ်သော ရှော့ခ် (Obstructive Shock)
    အဆုတ်သွေးကြောမကြီးများအတွင်း သွေးခဲပိတ်ဆို့ခြင်း၊ ရင်ခေါင်းတွင်း လေဝင်ခြင်း၊ နှလုံးအမြှေးပါးအိတ်အတွင်း သွေးထွက်ခြင်းကြောင့် နှလုံးပိခြင်း (Cardiac Tamponade) တို့တွင် ရှော့ခ်ဖြစ်နိုင်သည်။
  4. သွေးကြောများမှ ယိုစိမ့်ထွက်ခြင်းကြောင့်ဖြစ်သော ရှော့ခ် (Distributive Shock)
    ဘက်တီးရီးယားပိုးများမှထုတ်သည့် အဆိပ်ဓာတ်ကြောင့်လည်းကောင်း၊ အာရုံကြောထိခိုက်မှုကြောင့်လည်းကောင်း၊ ပြင်းထန်စွာဓာတ်မတည့်မှုကြောင့်လည်းကောင်း သွေးဖိအားကိုထိန်းချုပ်သည့် သွေးကြောငယ်များ၊ ဆံချည်မျှင်သွေးကြောငယ်များ၏ နံရံမှ သွေးရည်ကြည်များ သွေးကြောပြင်ပသို့ ယိုစိမ့်ထွက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ

ဖြစ်သည့်အကြောင်းရင်းပေါ် မူတည်ပြီး အောက်ပါအတိုင်း သွေးလန့်ခြင်းလက္ခဏာများကို တွေ့ရှိနိုင်သည်။

  • ခြေလက်များအေးစက်ခြင်း၊ ဖြူဖျော့ခြင်း၊
  • အသက်ရှူခက်ခဲခြင်း၊ မောပန်းခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း [နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် (၁၀၀) အထက်]
  • ရေဆာခြင်း၊ အာခြောက်ခြင်း
  • နှုတ်ခမ်း၊ လက်သည်းများပြာခြင်း
  • ခေါင်းမူးခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ အာရုံဝေဝါးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
  • ချွေးစေးထွက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ပျို့အန်ခြင်း
  • ဆီးထွက်နည်းခြင်း
  • အရေပြားခြောက်သွေ့ခြင်း
နောက်ဆက်တွဲပြဿနာများ

ရှော့ခ်ဖြစ်ခြင်းသည် အချိန်မီကုသနိုင်လျှင် ပျောက်ကင်းနိုင်သော်လည်း ပြင်းထန်လျှင်သော် လည်းကောင်း၊ ကုသမှုနောက်ကျလျှင်သော်လည်းကောင်း အောက်ပါနောက်ဆက်တွဲပြဿနာများကြောင့် အသက်အန္တရာယ်အလွန်ကြီးသည်။

  • ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း
  • အဆုတ်တွင်းလေအိတ်နံရံများပျက်စီးခြင်း (ARDS)
  • နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarct)
  • ခန္ဓာကိုယ်အနှံ့သွေးယိုစီးခြင်း (DIC)
  • အစာလမ်းကြောင်းအနာများဖြစ်ခြင်း
  • ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တစ်ပြိုင်တည်းပျက်စီးခြင်း
  • သေဆုံးခြင်း
အရေးပေါ်ကုသခြင်း

ရှော့ခ် ဖြစ်သည့်လက္ခဏာများကို တွေ့ရှိသတိပြုမိခြင်းရှိလျှင် လူနာကိုဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ဆောင်ကုသမှုပေးရမည်။ စက္ကန့်တိုင်းသည် လူနာ၏ အသက်အန္တရာယ်အတွက် အရေးကြီးနေသောကြောင့် မည်သည့်နှောင့်နှေးမှုမျှ လက်ခံ၍မရပေ။ ရှော့ခ်ဖြစ်ခြင်းကို အချိန်မီကုသနိုင်ခြင်းဖြင့် အင်္ဂါအစိတ်အပိုင်းများပျက်စီးခြင်းကို တားဆီးနိုင်သည်။

ဆေးရုံသို့မပို့ဆောင်မီနှင့် ပို့ဆောင်စဥ်အတွင်း အရေးပေါ်အသက်ကယ်ကုသမှုများပြုလုပ်ရန် လိုအပ်သည်။ ရှေးဦးပြုစုခြင်းဖြင့် ကူညီခြင်းမရှိပါက လူနာသေဆုံးနိုင်ခြေ များနိုင်သည်။

  • တွေ့ရှိသည့် လက္ခဏာများအရ ရှော့ခ်ဖြစ်သည်ဟုသံသယရှိသည်နှင့် အရေးပေါ်လူနာတင်ယာဥ်အား ချက်ချင်းခေါ်ယူပါ၊
  • လူနာအသက်ရှူလမ်းကြောင်းပိတ်ဆို့မှုရှိ မရှိစစ်ဆေးပါ။ အန်ဖတ်နှင့် အစားအသောက်အပိုင်းအစများကို ဖယ်ရှားပါ။
  • သတိလစ်ခြင်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း ( Cardiopulmonary Resuscitation-CPR)ကို ချက်ချင်းပြုလုပ်ပါ။
  • သတိလစ်ခြင်း၊ လည်ပင်းရိုး၊ ခါးရိုးထိခိုက်ခြင်းမရှိလျှင် လူနာအား ပက်လက်အနေအထားဖြင့် ထားရမည်။ လူနာ၏ခြေထောက်ပိုင်းကို တစ်ပေခန့်မြှင့်ထားရန်လိုသည်။ ခြေထောက်မြှင့်ခြင်း ပြုလုပ်သောကြောင့် နာကျင်မှုရှိလျှင် ရေပြင်ညီအတိုင်းချထားနိုင်သည်။
  • လူနာသတိလစ်နေလျှင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာမရှိပါက သတိလစ်သူအားထားရမည့် အနေအထား (Recovery Position)ဖြင့်ထားပါ။
  • သွေးထွက်နေသည့် ဒဏ်ရာရှိပါက သွေးတိတ်အောင်ပြုလုပ်ပါ။ ဒဏ်ရာပေါ်မှ အဝတ်စ သို့မဟုတ် ပတ်တီးဖြင့် တင်းအောင်ဖိစည်းပါ။
  • အန်ခြင်း၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးထွက်ခြင်းရှိပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုမဖြစ်ရန် လူနာ၏ဦးခေါင်းကို တစ်ဖက်သို့စောင်းပေးပါ။ လည်ပင်းရိုး၊ ကျောရိုး ထိခိုက်မှုရှိလျှင် ဦးခေါင်းနှင့် ခန္ဓာကိုယ် မျဥ်းဖြောင့်အတိုင်းကိုင်တွယ်နည်း (Log Roll) ဖြင့် လူနာကိုဘေးသို့စောင်းပါ။
  • ကျပ်နေသည့် အဝတ်အစားများကို ဖြေလျှော့ပေးပါ။ နွေးထွေးမှုရှိရန် စောင်၊ အဝတ် ဖုံးလွှမ်းပေးပါ။
  • ရေတိုက်ခြင်း၊ အစားအစာကျွေးခြင်း မပြုလုပ်ရ။
  • လည်ပင်းကျောရိုးထိခိုက်ဒဏ်ရာရှိသူအား သယ်မရွှေ့ပြောင်းခြင်း မပြုရ။( ဥပမာ – မီးလောင်ခြင်း၊ အဆောက်အဦး ပြိုခြင်းစသည့် အန္တရာယ်များမရှိလျှင်)
Shock
ကုသခြင်း

ခန္ဓာကိုယ်တွင်းမှ သွေး (သို့မဟုတ်) အရည်ပမာဏ ဆုံးရှုံးခြင်းကြောင့်ဖြစ်သော ရှော့ခ်ဖြစ်ခြင်းကို ကုသရာတွင် သွေးတိတ်အောင်ကုသခြင်း၊ သွေးကြောတွင်း ဆေးရည်သွင်းခြင်း၊ လိုအပ်ပါက သွေးသွင်းကုသခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်း သွေးထွက်ခြင်းများအတွက် ခွဲစိတ်ကုသခြင်းများ လိုအပ်နိုင်သည်။

နှလုံးညှစ်အားမကောင်းသောကြောင့်ဖြစ်သော ရှော့ခ်ဖြစ်ခြင်းကို ကုသရာတွင် အရည်ပြန်လည်ဖြည့်တင်းခြင်း၊ နှလုံးခုန်နှုန်းနှင့် ညှစ်အားကို အားကောင်းစေမည့်ဆေးများသွင်းခြင်း၊ အခံနှလုံးရောဂါအား ကုသခြင်းများ ပြုလုပ်သည်။

သွေးကြောများမှ ယိုစိမ့်ထွက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းတွင် ပိုးကြောင့်သွေးဆိပ်တက်လျှင် ပဋိဇီဝပိုးသတ်ဆေးများ အမြန်ဆုံးသွင်းရန်လိုသည်။ ပြင်းထန်သည့် ဓာတ်မတည့်ခြင်းနှင့် အာရုံကြောမကြီးထိခိုက်ခြင်းကြောင့်ဖြစ်လျှင် Noradrenaline၊ ဟစ်တမင်းဆန့်ကျင်ဆေး (Anti-histamines)၊ စတီးရွိုက်ဆေးများပေး၍ ကုသသည်။

ရှော့ခ်ဖြစ်ခြင်းကို အချိန်မီကုသမှုမရရှိသဖြင့် ထိခိုက်နိုင်သည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလည်း ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများအလိုက် ဆက်လက်ကုသမှုပေးရမည်။ ရှော့ခ်ဖြစ်ခြင်းတွင် လတ်တလောအသက်မဆုံးရှုံးသေးဟု ယူဆနိုင်သောအခြေအနေ၌ပင် ပျက်စီးသွားသော အင်္ဂါများကြောင့် အချိန်ကြာမြင့်စွာ အထူးကြပ်မတ်ကုသမှုပေးရတတ်သည်။ ထို့အပြင် ရှော့ခ်ဖြစ်ခြင်းအကြောင်းအရင်းဖြစ်သည့် အခံရောဂါများကို ကုသမှုပေးရန်လည်း လိုသေးသည်။ ရှော့ခ်ပြင်းထန်မှုမရှိမီ အချိန်မီကုသမှုရရှိရေးသည် အလွန်အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

အထက်ဖေါ်ပြပါ လက္ခဏာများကို စစ်ဆေးခြင်းဖြင့် ရှော့ခ်ဖြစ်ခြင်းအား အတည်ပြုနိုင်သည်။ အသက်အန္တရာယ်ရှိသည့်အခြေအနေများကို အရေးပေါ်ဌာနတွင်ကုသပြီး စိတ်ချရသည့် အခြေအနေတွင် ရှော့ခ်ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေနိုင်ရန် သွေးစစ်ခြင်း၊ အီးစီဂျီ ပြုလုပ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းများကို ရှော့ခ်ဖြစ်စေသည့် အကြောင်းရင်းအလိုက် ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း

ရှော့ခ်ဖြစ်နိုင်သည့်အကြောင်းရင်းများကို သေချာစွာကုသမှုခံယူခြင်း၊ ရှော့ခ်ဖြစ်ခြင်းအား စောစီးစွာ သိရှိခြင်းနှင့် အချိန်မီ ကုသမှုပေးခြင်းများသည် ရှော့ခ်ကြောင့်သေဆုံးခြင်းကို ကာကွယ်ခြင်းများပင်ဖြစ်သည်။

  • ရေဓာတ်ဆုံးရှုံးမှုများအတွက် အချိန်မီ ပြန်လည်ဖြည့်တင်းခြင်း
  • ဒဏ်ရာသွေးတိတ်အောင်ပြုလုပ်ခြင်း
  • ကူးစက်ရောဂါများတွင် သွေးဆိပ်တက်ခြင်းအဆင့်အထိမရောက်ရန် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ထိရောက်စွာကုသခြင်း
  • ဓါတ်မတည့်ခြင်းဖြစ်စေသည့် အရာများကို ရှောင်ရှားခြင်း
  • ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရရှိသူအား အချိန်မီဆေးရုံအရေးပေါ်သို့ပို့ဆောင်ပေးခြင်း စသည်ဖြင့် ကာကွယ်ရန်နည်းလမ်းများစွာရှိသည်။

အရေးအကြီးဆုံးမှာ ရှော့ခ်ဖြစ်ခြင်းလက္ခဏာများတွေ့ရှိသည်နှင့် ရှေးဦးသူနာပြုစုခြင်းဖြင့် အချိန်မီ ကုသနိုင်ခြင်းပင်ဖြစ်သည်။

References :

  1. Professional, C. C. M. (2024). Shock First Aid Treatment. Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/treatments/24055-shock-first-aid-treatment
  2. Shock: First aid. (2024). Mayo Clinic. Retrieved July 2, 2024, from https://www.mayoclinic.org/first-aid/first-aid-shock/basics/art-20056620
  3. Facoep, J. P. C. D., & Mbbs, K. K. (2024). Shock: Types, Causes, Symptoms & Treatment. MedicineNet. Retrieved July 2, 2024, from https://www.medicinenet.com/shock/article.htm
  4. Department of Health & Human Services. (n.d.). Shock. Better Health Channel. Retrieved July 2, 2024, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/shock

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.