Choking in children (လည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်း)

CLL Health Emergency

လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ခု ဖြစ်သည်။ ကလေးငယ်တို့၏ သဘာဝအလျောက် အရာရာကိုစူးစမ်းလေ့လာသောအကျင့်ကြောင့် ပစ္စည်းများကို ဆုပ်ကိုင်၊ ဆွဲယူ၊ ပါးစပ်ထဲထည့်ခြင်းများ မကြာခဏပြုလုပ်ကြသည်။ ထို့ကြောင့် ကလေးငယ်များတွင် အစားအစာနှင့် ပစ္စည်းအမျိုးမျိုးသီးခြင်း၊ လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းများ ဖြစ်ပွားလွယ်သည်။ ထို့အပြင် ကလေးငယ်များတွင် သွားကောင်းစွာမပေါက်သေးခြင်းနှင့် ကြိတ်ဝါး၊ မျိုချခြင်းများကောင်းစွာ မဖွံ့ဖြိုးခြင်းကြောင့် လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းအန္တရာယ် ပိုမိုကြီးမားစေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မည်သည့်ပစ္စည်း အရာဝတ္ထုမဆို ကလေးများတွင် လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်း ဖြစ်စေနိုင်သည်။ အထူးသဖြင့် အစားအစာ အပိုင်းအစလေးများနှင့် သေးငယ်သော ကစားစရာလေးများကြောင့် အဖြစ်များသည်။

Choking in Children

အစားအစာများ

ကလေး၏အသက်နှင့်လိုက်၍ အစားအစာများကိုရွေးချယ်ကျွေးမွေးသင့်သည်။ အချို့သောအစားအစာများသည် ကလေးငယ်များ၏ပါးစပ်၊ နှာခေါင်းများမှ မတော်တဆဝင်ရောက်ကာ လေပြွန်ပေါက်များကို ပိတ်စေနိုင်သည်။ အစားအစာများ၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အပျော့အမာ၊ စေးကပ်မှုတို့အပေါ်မူတည်၍ ကလေးအသက် (၅) နှစ် ကျော်သည့်တိုင်အောင် သို့မဟုတ် ကောင်းစွာဝါးမျိုနိုင်သည့် အရွယ်အထိတိုင်အောင် လေပြွန်ပိတ်ဆို့ခြင်း ဖြစ်နိုင်သည်။ အဆိုပါအစားအစာအချို့မှာ_

  • စပျစ်သီးများ
  • ပေါက်ပေါက်ဆုပ်၊ ပြောင်းဖူး
  • အာလူးကြော်ကဲ့သို့ အချပ်များ
  • အသီးအနှံအတုံးငယ်များ (ဥပမာ_မုန်လာဥနီအချောင်းငယ်များ)
  • သကြားလုံး၊ စုပ်လုံးများ (အထူးသဖြင့် စေးကပ်သောသကြားလုံးများ)
  • ပီကေများ စသည်တို့ဖြစ်သည်။

အရုပ်များ၊ကစားစရာများ

ကလေး၏အသက်အရွယ်အလိုက် သင့်တော်သောအရုပ်များဖြင့်သာ ဆော့ကစားစေသင့်သည်။ အထူးသဖြင့် သေးငယ်သောအရုပ်များနှင့် အစိတ်အပိုင်းများ ပြုတ်ထွက်နိုင်သော ကစားစရာများကို ပိုမိုသတိထားသင့်သည်။

အသုံးအဆောင်ပစ္စည်းများ

အကြွေစေ့၊ ဓါတ်ခဲ၊ ကြယ်သီးစသော သေးငယ်သည့်အသုံးအဆောင်များကို ကလေးငယ်များ လက်လှမ်းမမီသည့် နေရာတွင်ထားသင့်သည်။ အရုပ်များ၊ အသုံးအဆောင်များ လျော့နည်းပျောက်ဆုံးခြင်း ရှိမရှိကို ဂရုပြု စောင့်ကြည့်ပေးရမည်။ အထူးသဖြင့် ကလေးငယ်များအား ၎င်းတို့ထက် အသက်ပိုကြီးသောကလေးများက ကြည့်ရှုစောင့်ရှောက်လျှင် သို့မဟုတ် ကလေးကြီးများနှင့်အတူ ဆော့ကစားလျှင် ပို၍ဂရုပြုရမည်ဖြစ်သည်။

ရောဂါလက္ခဏာများ

မိမိကလေးငယ်တွင် အောက်ပါလက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်လာလျှင် ရုတ်တရက် လည်ပင်းလေပြွန် ပိတ်ဆို့အသက်ရှူကျပ်ခြင်းကို သံသယရှိရမည်။

  • ရုတ်တရက် အသက်ရှူရခက်နေခြင်း
  • အပြင်းအထန်ရုန်းကန်နေခြင်း၊ ကြောက်လန့်ခြင်း
  • ချောင်းအလွန်ပြင်းထန်စွာဆိုးခြင်း (သို့မဟုတ်) ကောင်းစွာချောင်းမဆိုးနိုင်ခြင်း
  • အသက်ရှူရာတွင် အသံမြည်ခြင်း၊ လေချွန်သံ၊ လည်ပင်းညည်းသံကဲ့သို့ အသံများထွက်နေခြင်း
  • စကားမပြောနိုင်၊ မငိုနိုင်၊ အသံမထွက်နိုင်ဖြစ်ခြင်း
  • လည်ပင်းကို လက်နှင့်ကိုင်ပြခြင်း၊ ခြေဟန်လက်ဟန်ပြကာ အကူအညီတောင်းခြင်း
  • နှုတ်ခမ်း၊ မျက်နှာ၊ ခြေ၊ လက်များပြာခြင်း
  • သတိလစ်ခြင်း စသည်တို့ဖြစ်သည်။

လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်၍ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့သဖြင့် အချိန်ကြာမြင့်သည်နှင့်အမျှ အသက်အန္တရာယ်အပါအဝင် နောက်ဆက်တွဲပြဿနာများ ပိုမိုများပြားစေသည်။

အရေးပေါ်ကုသခြင်း

ကလေးငယ်များကို အနီးကပ်စောင့်ရှောက်သောမည်သူမဆို အရေးပေါ်အသက်ကယ်ပြုစုခြင်းနှင့် လည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်သည့်အခါ အရေးပေါ်ကုသခြင်းများကို ကောင်းမွန်စွာ လေ့ကျင့်တတ်မြောက်ထားသင့်သည် (ဥပမာ – မိဘများ၊ ကျောင်းဆရာမများ)။

ကလေးတစ်ဦး အရာဝတ္ထုတစ်ခုခုကို မတော်တဆမျိုချမိ၍ အသက်ရှူကျပ်လျှင်_

  • ပတ်ဝန်းကျင်အား အကူအညီတောင်းရန်နှင့် ကလေးကို သတိကောင်းစွာရခြင်း၊ ပြာခြင်း၊ ချောင်းဆိုးနိုင်ခြင်း ရှိမရှိ စစ်ဆေးရန်လိုသည်။ ကလေး သတိလစ်လျှင်၊ ပြာလျှင် အရေးပေါ်အသက်ကယ်ခြင်း (CPR) ပြုလုပ်ရမည်။
  • ကလေး၏ပါးစပ်ထဲသို့ ဝင်သွားသောပစ္စည်းကို ကောင်းစွာမမြင်ရလျှင် လက်ဖြင့်နှိုက်ထုတ်ခြင်း မပြုရ။ အတွင်းသို့ ပိုမိုတိုးဝင်ပိတ်ဆို့သွားနိုင်သည်။
  • လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းခံရသူ ကလေးငယ်သည် ချောင်းဆိုးနိုင်လျှင် အားကောင်းသော ချောင်းဆိုးခြင်း ဟုတ်မဟုတ် စစ်ဆေးရမည်။ အားကောင်းသော ချောင်းဆိုးခြင်း၏ လက္ခဏာများမှာ
    • ကလေးသည် သတိကောင်းစွာရှိခြင်း
    • ကောင်းစွာအသက်ရှူနိုင်ခြင်း
    • ကျယ်လောင်စွာ ချောင်းဆိုးနိုင်ခြင်း
    • အထိုက်အလျောက်ပါးစပ်မှအသံပြုနိုင်ခြင်း၊ ငိုခြင်း တို့ဖြစ်သည်။

ထိုသို့မဟုတ်ပါက အောက်ပါအတိုင်း ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းဖြင့် ကူညီရမည်။ လုံးဝပိတ်နေသော လေပြွန်ကိုပြင်ပမှ အားဖြင့်ဖိနှိပ်ကာ လည်ပင်း၌တစ်ဆို့နေသောအရာဝတ္ထုကို အရှိန်ဖြင့် တွန်းထုတ်ခြင်း ဖြစ်သည်။

အသက်တစ်နှစ်အောက်ကလေးငယ်ဖြစ်လျှင်

ကျောပုတ်ခြင်း

အရေးပေါ်ကယ်ဆယ်မည့်သူသည် ထိုင်လျက်အနေအထားမှ မိမိ၏ပေါင်ပေါ်ရှိ လက်တစ်ဖက်အပေါ်သို့ ကလေး၏မျက်နှာအပ်၍ ကလေးကို မှောက်ချထားပါ။ အဆိုပါလက်ဖြင့် ကလေး၏မေးစေ့ကို ထိန်းကိုင်ထားရမည်။ ကလေး၏ဦးခေါင်းသည် ရင်ဘတ်ထက်နိမ့်နေရမည်။ ဤပုံစံတွင် ကလေး၏နောက်ကျော၊ လက်ပြင်ရိုးနှစ်ခု ကြားနေရာကို လက်ဖနှောင့်ဖြင့်ပုတ်ရမည်။ ပုတ်ရာတွင် အနိမ့်နေရာတွင်ရှိနေသော ကလေး၏ ဦးခေါင်းဘက်သို့ ဦးတည်၍ (၅) ချက်နှိပ်ပြီး ကလေးပါးစပ်အတွင်း သို့မဟုတ် အပြင်သို့ ပစ္စည်းထွက်ကျခြင်း ရှိမရှိ စစ်ဆေးပါ။

ရင်ဘတ်နှိပ်ခြင်း

ပစ္စည်းမထွက်သေးလျှင် ကလေးကို နောက်စိမှအုပ်ထိန်းကိုင်ကာ ပက်လက်လှန်ရမည်။ ကျန်လက်တစ်ဖက်မှ ရင်ဘတ်ကို ထိန်းကိုင်ထားရမည်။ ကလေးခေါင်းကို အောက်ဖက်သို့ အနည်းငယ် နိမ့်စိုက်ချထားရမည်။ ထို့နောက် ကယ်ဆယ်သူ၏ လက်ညှိုး၊ လက်ခလယ် (၂) ချောင်းဖြင့် ကလေး၏နို့သီးခေါင်း (၂) ခုကြား အောက်တည့်တည့်သို့ တစ်လက်မခွဲခန့် ချိုင့်ဝင်အောင်ဖိနှိပ်ရမည်။ (၅) ချက် နှိပ်၍ ကလေးကို တဖန်စစ်ဆေးရမည်။ ပစ္စည်းထွက်လာခြင်း မရှိလျှင် ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းများကို တစ်လှည့်စီပြုလုပ်ပေးရမည်။

Choking in children image2

အသက်တစ်နှစ်အထက်ကလေးဖြစ်လျှင်

အဓိကကွာခြားချက်မှာ ကလေးကိုယ်ခန္ဓာအရွယ်အစားကြီးမားသဖြင့် ကလေးကိုထားရှိရမည့် ပုံသဏ္ဌာန်အနေအထားမတူညီခြင်းဖြစ်သည်။

ကျောပုတ်ခြင်း

ကယ်ဆယ်သူသည် ကလေး၏ကျောဘက်တွင် မတ်တပ်ရပ်လျက် သို့မဟုတ် ဒူးထောက်လျက် နေရာယူရမည်။ ကလေးအား လက်တစ်ဖက်ဖြင့်ထိန်းကာ ရှေ့သို့အနည်းငယ်ကိုင်းထားရမည်။ နောက်တစ်နည်းမှာ ကလေးကို ကယ်ဆယ်သူ၏ထိုင်နေသောခြေထောက်များအပေါ်တွင် ကန့်လန့်ဖြတ်အနေအထားအတိုင်း မှောက်လျက် တင်ထားခြင်းဖြစ်သည်။ ဦးခေါင်းကို အောက်စိုက်၍ ထားသည်။ ထို့နောက် ကလေး၏နောက်ကျော လက်ပြင်ရိုးနှစ်ခုအကြားသို့ လက်ဖနှောင့်ဖြင့် ပုတ်ရမည်။ ကလေး၏ဦးခေါင်းဖက်သို့ ဦးတည်၍ (၅) ချက် ပုတ်ရမည်။ ထို့နောက် ပိတ်ဆို့နေသောပစ္စည်း ထွက်လာခြင်း ရှိမရှိ စစ်ဆေးရမည်။

ရင်ဘတ်နှိပ်ခြင်း

အထက်ပါအနေအထားများအတိုင်း ကလေး၏ ရင်ဘတ်အလယ်၊ နို့သီးခေါင်း (၂) ခု အောက်ဘက်နေရာတွင် လက်ဖနှောင့်ဖြင့် (၅) ချက်နှိပ်ပေးရမည်။ ပိတ်ဆို့နေသောပစ္စည်း ထွက်ကျခြင်း ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက ရင်ဘတ်နှင့်ကျော တစ်လှည့်စီ ပြုလုပ်ပေးရမည်။

Choking in children image3

အကယ်၍ ကလေးသတိလစ်၊ ပြာလျှင် အရေးပေါ်အသက်ကယ်ခြင်း ပြုလုပ်ရမည်။ ထိုသို့ကြိုးစားစဉ် လိုအပ်ပါက ကလေးကို ဆေးရုံပို့နိုင်ရန် စီစဉ်ရမည်။ လူကြီးများတွင် ဝမ်းဗိုက်နှိပ်ခြင်းဖြင့် ပစ္စည်းထွက်ကျအောင် ပြုလုပ်နိုင်သော်လည်း ကလေးငယ်များတွင်မူ ကိုယ်တွင်းကလီစာများ ထိခိုက်မှုအန္တရာယ်ရှိသဖြင့် ရင်ဘတ်နှိပ်ခြင်းသာ ပြုလုပ်သည်။

အထက်ပါလည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်းအတွက် အရေးပေါ်ကုသနည်းများသည် စနစ်တကျ လေ့ကျင့်သင်ကြားထား၍ ပုံမှန်ပြန်လည်လေ့ကျင့်မှုရှိမှသာ အရေးကြုံလျှင် ထိရောက်အောင် ကုသကယ်ဆယ်နိုင်မည်ဖြစ်သည်။

Choking in children IMG4
ကာကွယ်ခြင်း

လည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်းမှ ကာကွယ်ရန် ကလေးများကို အစားအစာကျွေးမွေးရာတွင် အောက်ပါအတိုင်း လိုက်နာကာ သတိပြု၍ကျွေးသင့်သည်။

  • စားသောက်ရာတွင် ကောင်းစွာထိုင်လျက် အေးဆေးစွာ စားစေရန်၊ အိပ်လျက်စားသောက်ခြင်း မပြုစေရန်
  • ကလေးငယ်ကို အစားအသောက်များ အတင်းအကြပ် စားသောက်စေခြင်းနှင့် အမြန်မျိုချစေခြင်းမပြုရန်
  • သစ်သီးများကျွေးရာတွင် အလုံးလိုက်မကျွေးဘဲ သေးငယ်အောင်စိတ်ပြီး၊ ကောင်းစွာအစေ့ထုတ်ပြီးမှ ကျွေးရန်
  • ဟင်းသီးဟင်းရွက်များကို ပျော့ပြောင်းအောင်ချက်၍ ချေပြီးကျွေးရန်
  • အသားငါးများကို နူးညံ့အောင်ချက်၍ မျိုချလွယ်သော အတုံးငယ်များအဖြစ်ကျွေးရန်
  • အစားအသောက်များအပြင် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်သော အရုပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကလေးအနီးတွင် အလွယ်တကူ မထားမိစေရန်၊
  • ကလေးများကို တစ်ဦးတည်းဖြစ်စေ၊ ကလေးကြီးများနှင့် ဆော့ကစားနေစဥ်တွင်ပင် စိတ်ချလက်ချမလွှတ်ထားသင့်ဘဲ အမြဲစောင့်ကြည့်နေရန် လိုအပ်သည်။

References :

  1. Choking: First aid. (2024). Mayo Clinic. Retrieved July 3, 2024, from https://www.mayoclinic.org/first-aid/first-aid-choking/basics/art-20056637#:~:text=Choking%20happens%20when%20an%20object%20lodges%20in%20the%20throat%20or
  2. Choking in Children. (2024). WebMD. Retrieved July 3, 2024, from https://www.webmd.com/first-aid/choking-in-children
  3. Clinic, C. (2023). Choking First Aid and Prevention in Children. Cleveland Clinic. Retrieved July 3, 2024, from https://health.clevelandclinic.org/choking-first-aid-prevention
  4. Clinical Practice Guidelines : Foreign bodies inhaled. (n.d.). Retrieved July 3, 2024, from https://www.rch.org.au/clinicalguide/guideline_index/Foreign_bodies_inhaled/#:~:text=Key%20points.%20Inhalation%20of%20a%20foreign%20body%20(FB)%20into%20the

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.