သတိလစ်ခြင်းသည် အကြောင်းရင်းတစ်ခုကြောင့် ဦးနှောက်၏သိစိတ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။ ဦးနှောက်သို့ သွေးစီးဆင်းမှုကျဆင်းခြင်း၊ ဦးနှောက်လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်၊ ဆားဓာတ်၊ သကြားဓာတ်များ လျော့နည်းခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ရောဂါပိုးကူးစက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်ခြင်း စသဖြင့် သတိလစ်စေသည့် အကြောင်းရင်းများစွာရှိသည်။ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ သတိလစ်သူတိုင်းအား ရှေးဦးသူနာပြုစုခြင်း ချက်ချင်းပြုလုပ်ပြီး အရေးပေါ်ဆေးကုသမှုဌာနများသို့ အလျင်အမြန်ပို့ဆောင်ကုသမှုပေးရမည်။ သတိလစ်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းသည် ဆိုးရွားပြင်းထန်မှုမရှိသော်လည်း ရှေးဦးသူနာပြုစုနည်း မှန်ကန်စွာ မပြုလုပ်နိုင်ခြင်းကြောင့် မလိုအပ်ဘဲ သေဆုံးရခြင်းများကို မကြာခဏတွေ့ရှိရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရုတ်တရက်သတိလစ်ခြင်း အကြောင်းရင်းများစွာအနက် အဖြစ်အများဆုံး အခြေအနေများမှာ_
- လေဖြတ်ခြင်း (Stroke)
- ရုတ်တရက်နှလုံးခုန်ရပ်ခြင်း(Heart Attack)၊ နှလုံးခုန်စည်းချက်မမှန်ခြင်း(Arrhythmias)နှင့် အခြားနှလုံးရောဂါများ
- သွေးတွင်းသကြားဓာတ်ကျခြင်း
- အရက်သောက်လွန်ခြင်း
- မူးယစ်ဆေးလွန်ခြင်း
- အောက်ဆီဂျင် မလုံလောက်ခြင်း၊ ကာဘွန်မိုနောက်ဆိုက်ဓာတ်ငွေ့အဆိပ်သင့်ခြင်း
- သွေးပေါင်ချိန်ကျခြင်းနှင့် သွေးလန့်ခြင်း
- အကြောင်းအမျိုးမျိုးကြောင့်တက်ခြင်း
- တချို့ဆေးဝါးများကို ပမာဏများစွာ သောက်မိခြင်းနှင့် ဆေးဝါးအဆိပ်သင့်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းများ
- ဦးခေါင်းဒဏ်ရာရခြင်း
- ကြောက်ရွံ့ခြင်း၊ လန့်ခြင်း၊ နာကျင်ခြင်း စသောစိတ်ပိုင်းဆိုင်ရာ ပြင်းထန်သောခံစားမှုများ – များသောအားဖြင့် အမှန်တကယ် သတိမလစ်ပါ
နောက်ဆက်တွဲပြဿနာများ
သတိလစ်ခြင်းအများစုတွင် နောက်ဆက်တွဲပြဿနာများ အဖြစ်နည်းသော်လည်း အချို့တွင် ရှိရင်းစွဲရောဂါအခံ၏ နောက်ဆက်တွဲပြဿနာများကြောင့်လည်း အခြေအနေပိုဆိုးတတ်သည်။ အထူးသဖြင့် နာတာရှည်သတိလစ်သွားလျှင် နောက်ဆက်တွဲပြဿနာများ ပိုမိုများပြားနိုင်သည်။ ရာသက်ပန် ဦးနှောက်လုပ်ငန်းပျက်စီးခြင်း၊ အာရုံကြောများထိခိုက်ခြင်း၊ ကာလရှည်မေ့မြောခြင်း (Coma)၊ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ အရေပြားအပူနာများဖြစ်ခြင်း၊ ဆီး၊ ဝမ်းပြဿနာရှိခြင်း၊ ဆီးပိုက်မှ ရောဂါပိုးဝင်ခြင်း၊ အာဟာရချို့တဲ့လာခြင်း၊ ကူးစက်ရောဂါများဖြစ်ခြင်း၊ သတိလစ်လဲကျစဉ် ထိခိုက်ဒဏ်ရာရခြင်း စသဖြင့် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။ ထို့ကြောင့် အသိစိတ်ပြန်မလည်မီ ပြုစုကုသမှုများသည် အလွန်အရေးကြီးသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရုတ်တရက်သတိလစ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။ အရေးပေါ်ဌာနတွင် လူနာအား စစ်ဆေးတွေ့ရှိသည့်အခြေအနေများအလိုက် အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူအားကူခြင်း၊ ဆေးသွင်းခြင်း၊ ဒဏ်ရာအားသွေးတိတ်အောင်ပြုလုပ်ခြင်း၊ ဖြစ်စဉ်အခြေအနေမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်လိမ့်မည်။ လိုအပ်ပါက အီးစီဂျီ စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်လိမ့်မည်။
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
ရုတ်တရက်သတိလစ်သည့် လူနာကို ဖြစ်ပေါ်သည့်အကြောင်းရင်းအလိုက် ကုသရန်လိုသော်လည်း ဆေးရုံမရောက်မီ လူနာကို အောက်ပါအတိုင်း ချက်ချင်းပြုစုကုသမှုပေးရန် လိုအပ်သည်။
တစ်စုံတစ်ဦး သတိလစ်လဲကျနေလျှင်
- လူနာကို အော်ဟစ်၍ လှုပ်နှိုးပါ၊ ကြမ်းတမ်းစွာ လှုပ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်းမပြုလုပ်ရ
- ဦးခေါင်း၊ လည်ပင်း၊ ကျောရိုးများ ထိခိုက်ဒဏ်ရာရထားခြင်း ရှိမရှိ စစ်ဆေးပါ
- အသက်ရှူခြင်း ရှိမရှိ၊ မောနေခြင်း ရှိမရှိ စစ်ဆေးပါ၊ ပါးစပ်၊ နှာခေါင်းတွင်း ပိတ်ဆို့နေသော အန်ဖတ်၊ အစားအစာ၊ ကွမ်းဖတ် စသည်တို့ကိုဖယ်ရှားပါ (သတိလစ်လူနာများတွင် လျှာသည် အနောက်သို့ ခေါက်နေသဖြင့် အသက်ရှူလမ်းကြောင်းပိတ်လျှင် မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည်)
အသက်ရှူနေလျှင် လူနာအား သတိလစ်လူနာထားရမည့်ပုံစံ (Recovery Position) အတိုင်းထားပါ - သွေးခုန်ခြင်း (နှလုံးခုန်ခြင်း) ရှိမရှိ စစ်ဆေးပါ၊ လူနာသည် တုံ့ပြန်မှုမရှိ၊ အသက်ရှူခြင်းမရှိ၊ နှလုံးခုန်ခြင်း မရှိလျှင် ရင်ဘတ်ဖိနှလုံးနှိုးဆွခြင်း (Cardiopulmonary Resuscitation -CPR) ပြုလုပ်ပါ
- သွေးထွက်နေသောဒဏ်ရာ ရှိမရှိ စစ်ဆေးပါ၊ သွေးထွက်သည့်ဒဏ်ရာကို အဝတ်စ (သို့မဟုတ်) ပတ်တီးစဖြင့်ဖိ၍ သွေးတိတ်သည်အထိ စည်းပါ
- ရုတ်တရက်သတိလစ်ခြင်း မဖြစ်မီ လူနာ၏အခြေအနေ၊ ပြုမူပုံများကို မိသားစုထံမှသော်လည်းကောင်း၊ မျက်မြင်သက်သေများထံမှသော်လည်းကောင်း မေးမြန်းပါ သတိလစ်ခြင်းအကြောင်းရင်းကို ရှာဖွေရာတွင်များစွာ အထောက်အကူဖြစ်နိုင်သည်
- လူနာအား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ပါ
သတိလစ်လူနာအား မပြုလုပ်ရမည့် အချက်များမှာ_ - လူနာ၏ခေါင်းအောက်တွင် ခေါင်းအုံးခံခြင်း – အသက်ရှူလမ်းကြောင်းကို ပို၍ပိတ်ဆို့စေသည်
- လူနာအားထိုင်စေခြင်း
- ရေဖြင့်ပက်ခြင်း
- ခြေချောင်း၊ လက်ချောင်းများ ချိုးခြင်း၊ ရိုက်ပုတ်နှိုးခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်း
- ရေအတင်းတိုက်ခြင်း စသည်တို့ မပြုလုပ်သင့်ပေ
ရုတ်တရက်သတိလစ်ခြင်းအား အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ပြီးလျှင် သတိလစ်ရခြင်း၏ အကြောင်းရင်းများကို ရှာဖွေတွေ့ရှိသည့်အတိုင်း သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြင့် ဆက်လက်ကုသမှုပေးသည်။ အချို့တွင် ပြင်းထန်သည့်အကြောင်းရင်းမရှိပါက သွေးကြောအတွင်း သကြားဓာတ်သွင်းခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ဓာတ်ဆားရည်များသွင်းခြင်းဖြင့် အချိန်အနည်းငယ်အတွင်း အသိစိတ် ပြန်လည်ရရှိနိုင်သော်လည်း အချို့တွင် အသိစိတ်ပြန်လည်ခြင်းမရှိဘဲ ဖြစ်ပေါ်စေသည့် အခံရောဂါများအလိုက် ရေရှည်ကုသမှုများ ဆက်လက်လုပ်ဆောင်ရန်လိုသည်။ ခွဲစိတ်ရခြင်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသရခြင်းများလည်း ရှိတတ်သည်။
ကာကွယ်ခြင်း
ရုတ်တရက် သတိလစ်ခြင်းအခြေအနေ မဖြစ်စေရန်မှာ_
- မိမိ၏ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်း
- ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း၊ ပြုမူနေထိုင်ခြင်း
- မိမိ၏အခံရောဂါများကို စနစ်တကျကုသမှုခံယူခြင်း
- ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း
- အရက်၊ မူးယစ်ဆေးဝါးများ ရှောင်ကြဥ်ခြင်း
- ထိခိုက်ဒဏ်ရာ ကာကွယ်ခြင်းများ ဖြစ်သည်
References:
- Unconsciousness – first aid: MedlinePlus Medical Encyclopedia. (n.d.). Retrieved June 2, 2024, from https://medlineplus.gov/ency/article/000022.htm
- Professional, C. C. M. (2024). Fainting. Cleveland Clinic. Retrieved June 2, 2024, from https://my.clevelandclinic.org/health/symptoms/21699-fainting
- Angelats, E. G. (n.d.). Causes a loss of consciousness | Hospital Clínic Barcelona. Clínic Barcelona. Retrieved June 2, 2024, from https://www.clinicbarcelona.org/en/assistance/be-healthy/loss-of-consciousness/causes
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.