Severe bleeding and bleeding control (သွေးထွက်လွန်ခြင်းနှင့် အရေးပေါ်သွေးတိတ်အောင်ပြုလုပ်ခြင်း)

CLL Health Emergency

ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါအခြေအနေတစ်ခုကြောင့် သွေးထွက်ခြင်းဖြစ်နိုင်သည်။ ခြေ၊ လက်နှင့် ခန္ဓာကိုယ်အပြင်ဖက်တွင် သွေးထွက်ခြင်းသည် မြင်သာသော်လည်း ရင်ခေါင်း၊ ဝမ်းဗိုက်အတွင်းနှင့် ဦးခေါင်းအတွင်း၌ သွေးထွက်ခြင်းကို အလွယ်တကူ မမြင်နိုင်ချေ။ အရေပြားအောက်တွင် သွေးခြည်ဥခြင်း၊ သေးငယ်သောဒဏ်ရာမှ သွေးထွက်ခြင်း စသည်တို့သည် အန္တရာယ်မရှိသော်လည်း အဓိကသွေးကြောကြီးများ ပေါက်ပြဲခြင်းသည် သွေးထွက်လွန်လျှင် ​သွေးလန့်ခြင်း (​ရှော့ခ် – Shock) ဖြစ်နိုင်သောကြောင့် မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည်။ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးရသူများတွင် သွေးလွန်ခြင်းကြောင့် သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။ ထို့ကြောင့် အရေးပေါ်သွေးတိတ်အောင် ပြုလုပ်ခြင်းသည် အသက်ကယ်ကုသခြင်းပင် ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ဆံချည်မျှင် သွေးကြောများ ပေါက်ပြဲသည့်အခါ သွေးထွက်နိုင်သည်။ သွေးထွက်လျှင် သွေးကြောနံရံများကျုံ့ခြင်း၊ သွေးတွင်း၌ ရှိသော သွေးခဲစေသောဓာတ်များ၊ သွေးဥမွှားများ၏ အကူအညီကြောင့် သဘာဝအတိုင်း သွေးတိတ်နိုင်သည်။ ပုံမှန် ကျန်းမာသူတွင် (၂)မိနစ် မှ (၇)မိနစ်အတွင်း သွေးထွက်ခြင်း ရပ်နိုင်သည်။ သွေးခဲဖြင့်ပိတ်ဆို့ပြီး လုံးဝသွေးတိတ် သွားစေရန် (၈) မိနစ်မှ (၁၅) မိနစ်အထိ ကြာနိုင်သည်။ သဘာဝအတိုင်း သွေးတိတ်ခြင်းဖြစ်စဉ် ချို့ယွင်းနေသူများတွင် သွေးထွက်လွန်ခြင်းဖြစ်နိုင်သည်။

  1. ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်ခြင်းများ
    သွေးကြောများပွန်းပဲ့ခြင်း၊ ပြတ်ရှခြင်း၊ ပေါက်ပြဲခြင်းများကြောင့် သွေးထွက်ခြင်းတွင် အရေပြားမှ ပေါက်ထွက်စီးယိုခြင်းရှိသည့် မြင်သာသောသွေးထွက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်ပြင်ပသို့ သွေးထွက်ခြင်း (Revealed Bleeding or External Bleeding)နှင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင် ထွက်သည့် မမြင်သာသောသွေးထွက်ခြင်း (Concealed Bleeding or Internal Bleeding) ဟူ၍ နှစ်မျိုးရှိသည်။ မြင်သာသည့်သွေးထွက်ခြင်းကို အရေးပေါ်သွေးတိတ်အောင်ပြုလုပ်နိုင်လျှင် သွေးထွက်လွန်၍ ရှော့ခ်ဖြစ်ခြင်းကို ကာကွယ်နိုင်သည်။ ကိုယ်တွင်းသွေးထွက်ခြင်းအတွက်မူ ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်။ ဒဏ်ရာရသည့်နေရာပေါ်မူတည်ပြီး အသက်အန္တရာယ်ရှိနိုင်သည့် သွေးထွက်ခြင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • ခန္ဓာကိုယ်ပြင်ပ ပေါက်ပြဲ ၊ ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများ (ဒဏ်ရာရသည့်နေရာနှင့် ပြင်းထန်မှုအလိုက် သွေးထွက်လွန်ခြင်း ဖြစ်နိုင်သည်။)
    • ရင်ခေါင်းအတွင်းသွေးထွက်ခြင်း (အဆုတ်အမြှေးပါးအတွင်းသွေးစုခြင်း၊ ဗဟိုသွေးကြောမကြီးများ ပေါက်ပြဲခြင်း၊ နှလုံးပေါက်ပြဲခြင်း၊ နှလုံးအမြှေးပါးအတွင်းသွေးစုခြင်း)
    • ဝမ်းဗိုက်အတွင်းသွေးထွက်ခြင်း (အသည်းစုတ်ပြဲခြင်း၊ ဘေလုံးကွဲခြင်း)
    • ဦးခေါင်းခွံအတွင်းသွေးထွက်ခြင်း (ဦးခေါင်းခွံတွင်း ဖိအားတက်၍ သေဆုံးနိုင်သည်။)
    • အရိုးကျိုးခြင်း (ပေါင်ရိုး၊ တင်ပါးဆုံအရိုးကွင်းကျိုးလျှင် သွေး (၂)လီတာ မှ (၃)လီတာအထိ ထွက်နိုင်သည်)
  2. ထိခိုက်ဒဏ်ရာမဟုတ်သော ရောဂါကြောင့်သွေးထွက်ခြင်းများ
    ထိခိုက်ဒဏ်ရာမရှိဘဲ ရောဂါ (သို့မဟုတ်) အခြေအနေတစ်ခုကြောင့် သွေးထွက်ခြင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း
    • ဆီးထဲသွေးပါခြင်း
    • နှာခေါင်းသွေးလျှံခြင်း
    • ချောင်းဆိုးသွေးပါခြင်း
    • မိန်းမကိုယ်မှသွေးဆင်းခြင်း
    • သွေးကြောပေါက်လေဖြတ်ခြင်း
    • နှလုံးသွေးကြောမကြီး ပေါက်ခြင်း (Aortic Aneurysm Rupture)

      အောက်ပါရောဂါနှင့်အခြေအနေများသည် သဘာဝအတိုင်းသွေးတိတ်ခြင်းကို ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းဖြစ်စေသဖြင့် သွေးထွက်လွန်နိုင်သည်။
    • မွေးရာပါ သွေးမတိတ်ရောဂါ
    • သွေးကင်ဆာရောဂါအမျိုးမျိုး
    • အသည်းရောဂါ
    • သွေးမတိတ်သည့်ရောဂါအမျိုးမျိုး
    • ဗီတာမင် ကေ ချို့တဲ့ခြင်း
    • သွေးမခဲဆေးနှင့် သွေးကျဲဆေးများသုံးစွဲခြင်း
ရောဂါလက္ခဏာများ

ခန္ဓာကိုယ်ပြင်ပသို့သွေးထွက်ခြင်းသည် သိသာထင်ရှားသော်လည်း ခန္ဓာကိုယ်အတွင်းပိုင်းတွင် သွေးထွက်နေခြင်း ရှိမရှိ သိရှိရန်ခက်ခဲတတ်သည်။ သွေးထွက်နေသည်ကို မမြင်ရသော်လည်း သွေးထွက်လွန်ခြင်း ရှိမရှိ အောက်ပါအတိုင်းသိနိုင်သည်။

အဆင့်(၁) – ခန္ဓာကိုယ်ရှိ သွေးပမာဏ၏ (၁၅ %) (၇၅၀ မီလီလီတာ) အောက်ဆုံးရှုံးလျှင် ခန္ဓာကိုယ်မှ သဘာဝအလျောက် ထိန်းညှိနိုင်သဖြင့် သိသာသော လက္ခဏာများ မတွေ့ရပေ။

အဆင့်(၂) – သွေးပမာဏ (၁၅%) မှ (၃၀ %) (၇၅၀ မှ ၁၅၀၀ မီလီလီတာ) ဆုံးရှုံးလျှင်မူ

  • သွေးခုန်နှုန်းမြန်လာခြင်း (သွေးခုန်နှုန်း တစ်မိနစ်လျှင် (၁၀၀) ကြိမ်ထက်များခြင်းသည် အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်)
  • မောလာခြင်း
  • မူးဝေလာခြင်း
  • ခြေဖျား၊ လက်ဖျား အေးစက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • သွေးပေါင်ချိန်ကျဆင်းလာခြင်းများကို တွေ့ရှိနိုင်သည်။ ဤအဆင့်တွင် အရေးပေါ်ကုသမှုမရရှိလျှင် အသက်အန္တရာယ်ရှိသည်။

အဆင့် (၃) နှင့် (၄) – သွေးဆုံးရှုံးမှု (၄၀ %) (၂၀၀၀ မီလီလီတာနှင့် အထက်) တွင် အရေပြား၊ နှုတ်ခမ်း၊ လျှာများ ဖြူဆုတ်လာခြင်း၊ ဆီးမထွက်ခြင်း၊ သတိလစ်ခြင်းများအထိဖြစ်လာလျှင် ဒဏ်ရာရရှိပြီး (၂)နာရီအတွင်း ကုသမှုမရပါက သေဆုံးမှုနှုန်း (၃၁%) ရှိသည်။ ကုသမှုရရှိလျှင်ပင် ကျောက်ကပ်ပျက်စီးခြင်း၊ အခြားကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ကြောင့်လည်း သေဆုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများလိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

အရေးပေါ်ကုသခြင်း
  1. ရှေးဦးပြုစုခြင်း
    သွေးထွက်သည့်ဒဏ်ရာ (သို့မဟုတ်) အခြေအနေတစ်ခုရင်ဆိုင်ရသူ လူနာတွင် ခန္ဓာကိုယ်ပြင်ပသို့ သွေးထွက်ခြင်းများကို တွေ့ရှိသည်နှင့် ရှေးဦးသူနာပြုစုနည်းများဖြင့် သွေးတိတ်အောင် ပြုလုပ်ပေးရမည်ဖြစ်သည်။
    • အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်ပါ သို့မဟုတ် လူနာအား ဆေးရုံသို့ချက်ချင်းပို့ဆောင်ရန်ပြင်ဆင်ပါ။
    • လူနာအား ကြမ်းပြင် (သို့မဟုတ်) မြေပြင်ပေါ်သို့ ပက်လက်အနေအထားလှဲချပါ။
    • လူနာအား စိတ်လှုပ်ရှားမှုမဖြစ်ရန် အားပေးစကားပြောပေးပါ။
    • ခြေထောက် (သို့မဟုတ်) လက်ပိုင်းတွင် သွေးထွက်ပါက မြေပြင်မှ ခပ်မြင့်မြင့် မြှောက်ထားပါ။
    • အင်္ကျီအဝတ်အစားများကို ချွတ်၍ သွေးထွက်သည့်နေရာကို တွေ့အောင်ရှာပါ။
    • သန့်ရှင်းသည့် အဝတ်စ (သို့မဟုတ်) ပတ်တီးရနိုင်လျှင် ပတ်တီးအား ထူထူခေါက်၍ သွေးထွက်နေသည့် ဒဏ်ရာပေါ်တွင်တင်ပြီး သွေးတိတ်သည်အထိ ဖိထားပါ သို့မဟုတ် ပတ်တီးဖြင့် ဖိ၍စည်းပါ။ [ဤနေရာတွင် အရေးကြီးသည့်အချက်မှာ သွေးတိတ်အောင်ပြုလုပ်ရာတွင် မိမိအား လူနာ၏သွေးနှင့် တိုက်ရိုက်ထိတွေ့မှုမရှိရန် လက်အိတ် (သို့မဟုတ်) အကာအကွယ်ကို သုံးရန်ဖြစ်သည်။] ဤသို့ပတ်တီးစီးရုံဖြင့်ပင် အများအားဖြင့် သွေးတိတ်လေ့ရှိသည်။
      အထက်ပါအတိုင်းပြုလုပ်သော်လည်း သွေးမတိတ်ဘဲ စိမ့်ထွက်လျှင် စည်းပြီးသောပတ်တီးကို ပြန်ဖြုတ်ခြင်း မပြုလုပ်ဘဲ အပေါ်မှထပ်မံစည်းနှောင်ပါ။ ဖိအားကိုပို၍သုံးပါ။ သွေးထွက်ခြင်းကို လုံးဝထိန်းချုပ်မရသည့်အခြေအနေတွင် ခြေ၊ လက်ရှိဒဏ်ရာများ အပေါ်ဖက်မှ သွေးထိန်းပတ်တီး (Tourniquet) (သို့မဟုတ်) ရာဘာကြိုးပြားဖြင့် စည်းနှောင်နိုင်သည်။ သို့သော် သွေးထိန်းပတ်တီး အသုံးပြုနည်းကို တတ်ကျွမ်းသူသာ ပြုလုပ်သင့်သည်။ အသုံးပြုလျှင် မိနစ် (၃၀) တွင် တစ်ကြိမ် ပြန်လျော့ပေးရန်လိုသည်။
    • ဒဏ်ရာအတွင်းနှင့် သွေးကြောများအနီးရှိ သွေးခဲများကို ဖယ်ရှားခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း မပြုလုပ်ရ၊ ယင်းတို့သည် သဘာဝအတိုင်းသွေးတိတ်စေရန် ခန္ဓာကိုယ်မှ တုံ့ပြန်ဆောင်ရွက်မှုဖြစ်သောကြောင့်ဖြစ်သည်။
    • သွေးထွက်နေသည့်ဒဏ်ရာအတွင်းသို့ ပေါက်ပြဲနေသည့်သွေးကြောအား ရှာဖွေခြင်း၊ ချည်နှောင်ခြင်း မပြုလုပ်ရ
    • ဒဏ်ရာတွင်စိုက်ဝင်နေသော သစ်သား၊ သံချောင်း အပိုင်းအစများ၊ လက်နက်၊ ကျည်ဆန်တို့ကို ဖယ်ရှားခြင်း သို့မဟုတ် အတွင်းသို့ ထိုးထည့်ခြင်းမပြုရ။ ၎င်းတို့၏ဘေးမှ အဝတ်စ၊ ပတ်တီးစကို ဝိုက်၍အုပ်ပြီး ပတ်တီးစထူထူဖြင့် စည်းရမည်။
    • မျက်စိဒဏ်ရာ၊ ဦးခေါင်းခွံကွဲအက်နေသည့်ဒဏ်ရာများအား ဖိအားဖြင့် စည်းနှောင်ခြင်းမပြုရ။
    • ကျောရိုး၊ ဦးခေါင်းဒဏ်ရာများပါရှိလျှင် လူနာအား ခန္ဓာကိုယ်ကွေးကောက်ခြင်းမရှိရန် စနစ်တကျသယ်မရမည်။
    • လူနာအား ရေတိုက်ခြင်း၊ အစားအစာကျွေးခြင်း မပြုလုပ်ရ။
      ခန္ဓာကိုယ်ပြင်ပသွေးထွက်ခြင်းအများစုသည် အထက်ပါအတိုင်း ရှေးဦးပြုစုမှုပေးခြင်းဖြင့် သွေးတိတ်နိုင်ကြောင်း တွေ့ရသည်။ ဒဏ်ရာပြင်းထန်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမက ထိခိုက်ခြင်း၊ သွေးတိတ်စေရန် မထိန်းချုပ်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းသွေးထွက်ခြင်းများတွင် ရှော့ခ်ဖြစ်ခြင်းပြင်းထန်ပါက မိနစ်ပိုင်းအတွင်းသေဆုံးနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အလျင်အမြန်ပို့ဆောင်ရန်လိုသည်။
  2. အရေးပေါ်ဌာနတွင် ကုသခြင်း
    အရေးပေါ်ဌာနတွင် လူနာ၏ အခြေအနေပြင်းထန်မှုအလိုက် အသက်ရှူလမ်းကြောင်းဖွင့်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ယာယီသွေးအစားထိုး ဆားရည်သွင်းခြင်း၊ သွေးသွင်းခြင်းများပြုလုပ်ခြင်းနှင့်အတူ ခန္ဓာကိုယ်အတွင်းပိုင်းသွေးထွက်ခြင်းများ အကြောင်းအရင်းရှာဖွေရန် သွေးစစ်ခြင်း၊ သွေးအမျိုးအစားခွဲခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သည်။ သွေးထွက်သည့်နေရာနှင့် ကိုယ်တွင်းအင်္ဂါအလိုက် သွေးတိတ်စေရန် ဆေးဝါးဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းများပြုလုပ်ရန် လိုအပ်နိုင်သည်။ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်သော သွေးထွက်ခြင်းများအတွက် ဖြစ်နိုင်ခြေရှိသော အခံရောဂါများအတွက် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်သည်။ သွေးထွက်ခြင်းအခြေအနေအားလုံးတွင် ဆုံးရှုံးသွားသော သွေးပမာဏကို ပြန်လည်ဖြည့်တင်းနိုင်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။
ကာကွယ်ခြင်း

သွေးထွက်လွန်ခြင်းအား ကာကွယ်ရန်မှာ အချိန်မီသွေးတိတ်အောင် ပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။
ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ မရရှိစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လုပ်ငန်းခွင်စည်းကမ်းများ လိုက်နာခြင်း ၊အရက်သေစာနှင့် မူးယစ်ဆေးဝါးရှောင်ကြဥ်ခြင်းများပြုလုပ်ရမည်။ ရောဂါ (သို့မဟုတ်) အခြေအနေတစ်ခုကြောင့် သွေးထွက်ခြင်းတွင် အခံရောဂါများကို ထိန်းချုပ်နိုင်ခြင်း၊ ကုသနိုင်ခြင်း၊ သွေးထွက်ခြင်းကို စောစီးစွာ သိရှိခြင်း၊ စမ်းသပ်စစ်ဆေးမှုများ အချိန်မီပြုလုပ်၍ ကုသမှုစနစ်တကျပြုလုပ်ရေးသည် အရေးကြီးဆုံးဖြစ်သည်။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.