ဓာတ်မတည့်သော အရာတစ်ခုခုနှင့် ထိတွေ့မိပြီးနောက် မိနစ်ပိုင်း (သို့မဟုတ်) စက္ကန့်ပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်နိုင်သည့် ခန္ဓာကိုယ်၏ ပြင်းထန်သော တုံ့ပြန်မှုကို ဆိုလိုသည်။ ဓာတ်မတည့်ခြင်းဖြစ်သည့်အခါ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ဓာတုပစ္စည်းများ (ဟစ်စ်တမင်း) ထုတ်လွှတ်လိုက်သောကြောင့် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျသွား၍ ရှော့ခ်ရခြင်း (Anaphylactic Shock)၊ အသက်ရှူလမ်းကြောင်းကျဥ်း၍ ရုတ်တရက်အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လျှင် အရေးပေါ်အသက်ကယ်ထိုးဆေး (Injection Epinephrine) ကို ချက်ချင်းထိုးရန် လိုအပ်ပြီး ထိုအရေးပေါ်ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော အစားအသောက်၊ ဆေးဝါးများ (သို့မဟုတ်) တစ်စုံတစ်ခုကို အန္တရာယ်ရှိသည်ဟု ထင်မှတ်သောအခါ ထိုအရာများကို တိုက်ထုတ်ရန် ဓာတုပစ္စည်းများ (ဟစ်စ်တမင်း) နှင့် ပဋိပစ္စည်းများကို ထုတ်လွှတ်သည်။ ထိုဓာတုပစ္စည်းများကြောင့် သာမန်တုံ့ပြန်မှု ဖြစ်နိုင်သကဲ့သို့ ပြင်းထန်သော အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ တုံ့ပြန်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။ အချို့သောပစ္စည်းများအပေါ်တွင် ခုခံအားစနစ်မှ တုံ့ပြန်မှုလွန်ကဲသည့်အခါ ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ ဓာတ်မတည့်ခြင်းကို အများဆုံးဖြစ်ပေါ်စေနိုင်သော အရာများမှာ_
- အစားအသောက်များ [မြေပဲနှင့် ပဲအမျိုးမျိုး၊ နှမ်း၊ အခွံမာရှိသော ရေသတ္တဝါ (ဥပမာ – ဂုံး၊ကမာ)၊ နို့၊ ကြက်ဥ၊ ပဲပိစပ်၊ ဂျုံ]
- အချို့သောဆေးများ (ပင်နီစလင် ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကွန်ပြူတာဓာတ်မှန်ရိုက်သည့်အခါ အသုံးပြုရသောဆေး၊ မေ့ဆေး စသည်)
- ရာဘာလက်အိတ်နှင့် ကွန်ဒုံးတို့တွင်တွေ့ရသည့် ရာဘာတစ်မျိုး (Latex)
- ဝတ်မှုန်နှင့် လေထဲရှိ ဓာတ်မတည့်စေနိုင်သော အခြားအရာများ
- အင်းဆက်ပိုးကောင် ကိုက်ခံရခြင်း (Insect Stings – ပျားတုပ်ခြင်း) စသည်တို့ဖြစ်ကြသည်။
လေ့ကျင့်ခန်းလုပ်ခြင်း (Aerobic Exercise) ကြောင့်လည်း ဓာတ်မတည့်ခြင်း (Exercise-induced Anaphylaxis) ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်သောအရာကို ရှာဖွေမသိရှိနိုင်ပါ။
- ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများသောသူများမှာ-
- ယခင်က ဓာတ်မတည့်ခြင်းဖြစ်ဖူးသူများ (Previous Anaphylaxis)
- ပန်းနာရင်ကျပ်ရောဂါရှိသူများ (Asthma)
- မိဘမျိုးရိုးတွင် ဓာတ်မတည့်ခြင်းရှိသူများ (Family History of Anaphylaxis) တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ဓာတ်မတည့်ခြင်းဖြစ်လျှင်အောက်ဖော်ပြပါ ရောဂါလက္ခဏာများ အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။
- အရေပြား ယားယံခြင်း၊ နီရဲခြင်း သို့မဟုတ် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- လျှာနှင့် လည်ချောင်းများ ရောင်ရမ်းခြင်း
- အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း
- လည်ပင်းတွင် တစ်ဆို့ဆို့ဖြစ်၍ မြိုချရန်ခက်ခဲခြင်း
- အသက်ရှူလျှင် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်း
- ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း
- အရေပြားများ အေးစက်ခြင်း
- နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း
- မူးဝေခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ကြသည်။ အချို့သော လူနည်းစုတွင် ထိုလက္ခဏာများသည် နာရီပေါင်းများစွာကြာမှ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်။
ဓာတ်မတည့်ခြင်းကို ဖြစ်ပေါ်သော ရောဂါလက္ခဏာများပေါ်မူတည်၍ အဆင့် (၄)ဆင့် ခွဲခြားထားသည်။
- အဆင့် (၁) – ပထမအဆင့်အနေဖြင့် သာမန်ဓာတ်မတည့်သော လက္ခဏာများဖြစ်သည့် အရေပြားယားယံခြင်း၊ နီရဲခြင်း၊ အဖုအပိမ့်ထွက်ခြင်း အစရှိသောလက္ခဏာများ ဖြစ်ပေါ်သည်
- အဆင့် (၂) – ပထမအဆင့်ထက် ပိုမိုပြင်းထန်လာသဖြင့် အရေပြားအဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်းတို့သည် ခန္ဓာကိုယ်အနှံ့အပြား ဖြစ်ပေါ်လာပြီး နှုတ်ခမ်းနှင့် လျှာတို့ ရောင်ရမ်းလာသည်
- အဆင့် (၃) – ထိုအဆင့်တွင် ပြင်းထန်သောဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပြီး ပြင်းထန်သော ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခေါင်းမူးခြင်း၊ သွေးခုန်နှုန်းအားနည်းခြင်း၊ သွေးပေါင်ချိန် ထိုးကျသွားခြင်းတို့ ဖြစ်ပေါ် ပြီး သွေးလန့်ကာ ရှော့ခ်ရသောအဆင့် (Anaphylactic Shock) ဖြစ်သည်
- အဆင့် (၄) – အသက်အန္တရာယ်ရှိနိုင်သော နောက်ဆုံးအဆင့်ဖြစ်သောကြောင့် သတိလစ်ခြင်း၊ အသက်မရှူနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများသို့ သွေးလုံလောက်အောင် မစီးဆင်းနိုင်သဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာသည်။ ထိုအဆင့်တွင် အရေးပေါ် ချက်ချင်းကုသမှု မခံယူနိုင်လျှင် အသက်သေဆုံးနိုင်သည်
နောက်ဆက်တွဲ ပြဿနာများ
ပြင်းထန်သောဓာတ်မတည့်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများအနေနှင့် သွေးလန့်ပြီး ရှော့ခ်ရခြင်း၊ အသက်ရှူရခက်ခဲပြီး အသက်ရှူရပ်ခြင်း၊ သွေးပေါင်ချိန်ထိုးကျ၍ နှလုံးခုန်ရပ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ သွေးပေါင်ချိန်ကျသောကြောင့် နှလုံးမှအောက်ဆီဂျင် အလုံအလောက်မရရှိသဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ပျက်စီးခြင်း၊ နှလုံးထိခိုက်ပျက်စီး၍ နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက် နှလုံးအမောဖောက်ခြင်း) တို့ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်လျှင် အရေးပေါ်အသက်ကယ်ထိုးဆေး [Injection Epinephrine (Adrenaline)] ထိုးရန်လိုအပ်သောကြောင့် ဆေးရုံအရေးပေါ် ဌာနသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူရန်လိုအပ်သည်။ ထိရောက်သောကုသမှုကို လျင်မြန်စွာရလျှင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်မှုနည်းသောကြောင့် အချိန်မီကုသမှုခံယူရန်အရေးကြီးသည်။ မိမိတွင် အသင့်ဆောင်ထားသော မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ် ထိုးဆေး (EpiPen) ရှိပါက ချက်ချင်းထိုးပြီးမှ ဆေးရုံအရေးပေါ်ဌာနတွင် အမြန်ဆုံးထိရောက်သော ကုသမှုကို ဆက်လက်ခံယူရန်လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဓာတ်မတည့်တုံ့ပြန်မှု လက္ခဏာများရှိသော လူနာအား ဆရာဝန်မှ အရေးပေါ်အသက်ကယ်ဆေး [Injection Epinephrine (Adrenaline)] ထိုးပေးပြီးနောက် ရောဂါရာဇဝင်ပေါ်မူတည်၍ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသောအရာများကို ဆက်လက်ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။ အကယ်၍ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသည့် အရာများကိုမသိရှိပါက အတိအကျသိရှိနိုင်ရန် အရေပြားတွင် စစ်ဆေးခြင်း (Skin Test) သို့မဟုတ် သွေးစစ်ဆေးခြင်း (Blood Test) တို့ကို ပြုလုပ်၍ရှာဖွေနိုင်သည်။
ကုသခြင်း
ပြင်းထန်သော ဓာတ်မတည့်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် အသင့်ဆောင် ထားသော မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ်ထိုးဆေး (EpiPen) ရှိပါက ချက်ချင်းထိုးရန်လိုအပ်ပြီး ဆေးရုံအရေးပေါ် ဌာနတွင် အမြန်ဆုံးထိရောက်သော ကုသမှုကိုဆက်လက်ခံယူရန် အရေးကြီးဆုံးဖြစ်သည်။
ဆေးရုံသို့မရောက်မီ လမ်းခုလတ်တွင် လူနာအသက်ရှူရပ်သွားပါက ရင်ဘတ်ဖိနှိပ်နှလုံးနှိုးဆွခြင်း (CPR – Cardiopulmonary resuscitation) ကို ပြုလုပ်ပေးရန် လိုအပ်သည်။ ထို့ပြင် လူနာ၏ အသက်ရှူလမ်းကြောင်း ပွင့်နေစေရန် မေးစေ့ကို မ ထားပေးရမည်။
ဆေးရုံအရေးပေါ်ဌာနသို့ ရောက်ရှိသည့်အခါ အရေးပေါ်အသက်ကယ်ဆေး [Injection Epinephrine (Adrenaline)] ကို အမြန်ဆုံးထိုးပေးရန် လိုအပ်သည်။ လူနာအသက်မရှူနိုင်လျှင် အရေးပေါ်ကုသမှုအနေဖြင့် နှာခေါင်း (သို့မဟုတ်) ပါးစပ်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲသို့ ပြွန်ထည့်ပေးခြင်း၊ လေပြွန်ကို အပေါက်ဖောက်၍ ပြွန်ထည့်ပေးခြင်း (Tracheostomy)တို့ကို ပြုလုပ်ပေးနိုင်သည်။ ထို့အပြင် အောက်ဆီဂျင်ပေးခြင်း၊ သွေးပေါင်ချိန် ကျနေသောကြောင့် သွေးကြောတွင်း saline ရည်သွင်းခြင်း၊ နှလုံးသန်မာစေရန်နှင့် သွေးစီးဆင်းမှုကောင်းစေရန် ဆေးများသွင်းခြင်း၊ လေပြွန်များ ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ရှူကောင်းမွန်စေရန် စတီးရွိုက်ဆေးများပေးခြင်း၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamine) ပေးခြင်းတို့ဖြင့် ဆက်လက်ကုသနိုင်သည်။
ထို့နောက် ဓာတ်မတည့်ခြင်းကို ဖြစ်ပေါ်စေသော အရာများကိုမသိရှိပါက ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်၍ နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် ဓာတ်မတည့်သည့်အရာများကို သေချာမှတ်သား၍ ရှောင်ရှားရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဓာတ်မတည့်ခြင်းကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။
- ဓာတ်မတည့်ခြင်းဖြစ်စေသော အစားအသောက်များကို သေချာမှတ်သားထားပြီး ရှောင်ရှားရန်
- ဓာတ်မတည့်ခြင်း ဖြစ်ပေါ်စေသော ဆေးဝါးများကိုသိရှိလျှင် သေချာမှတ်သားထားပြီး ရှောင်ရှားရန်နှင့် ဆေးရုံ၊ ဆေးခန်းသွားတိုင်း ဆရာဝန်ကိုအသိပေးရန်
- အင်းဆက်ပိုးကောင်များ အကိုက်ခံရခြင်းကြောင့်ဖြစ်ပါက အကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ရန်၊ အင်းဆက်ကာကွယ်ဆေးများလိမ်းရန်
- အင်းဆက်ပိုးကောင်များ ကိုက်သည့်အခါ ပိုးအတွင်းမှ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သောပစ္စည်းများ မထွက်စေရန်အတွက် ရိုက်နှက်ဖယ်ရှားခြင်းမပြုရန် တို့ဖြစ်သည်။
အထက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာသည့်တိုင်အောင် တစ်ခါတစ်ရံတွင် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်ခြေ ရှိနေသောကြောင့် မိမိ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများကို ဓာတ်မတည့်ခြင်း ဖြစ်ပေါ်လျှင် လုပ်ဆောင်ပေးရမည့် အရေးပေါ် ရှေးဦးကုသနည်းများကို ကြိုတင်အသိပေးထားရန် လိုအပ်သည်။ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများသူများအနေနှင့် မိမိဘာသာထိုးနိုင်သည့် အရေးပေါ်အသက်ကယ်ထိုးဆေး (EpiPen) ကို မိမိနှင့် အမြဲအတူဆောင်ထားရန် လိုသည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.