Poisoning (အဆိပ်သင့်ခြင်း)

CLL Health Emergency

အဆိပ်အတောက်ဖြစ်စေနိုင်သော အရာတစ်ခုခုနှင့် ထိတွေ့မိပြီး ကျန်းမာရေးထိခိုက်ကာ အသက်အန္တရာယ်ရှိခြင်းကို အဆိပ်သင့်ခြင်း ဟုခေါ်သည်။ အဆိပ်ဖြစ်စေနိုင်သောအရာများတွင် ဆေးအမျိုးမျိုး၊ ဓာတုပစ္စည်းများ၊ တိရစ္ဆာန်များမှထုတ်သော အဆိပ်အတောက်များ၊ အချို့သောအပင်များ၊ ဓာတ်‌ငွေ့များ စသည်တို့ပါဝင်သည်။ အဆိပ်သင့်ခြင်းကို အဓိကအားဖြင့် အသက် (၁)နှစ် မှ (၅)နှစ်အရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ပို၍တွေ့ရလေ့ရှိသည်။ အချို့သောအဆိပ်သင့်ခြင်းအတွက် သီးသန့်အဆိပ်ဖြေဆေး ရှိသော်လည်း အများစုတွင် ရောဂါလက္ခဏာများကို သက်သာအောင်ပြုလုပ်၍ စောင့်ကြည့်ကုသမှုခံယူရန်သာ လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဆိပ်အတောက်ဖြစ်စေနိုင်သော အရာတစ်ခုခုကို မျိုချမိခြင်း (swallowing) ၊ ရှူသွင်းမိခြင်း (inhalation)၊ ထိတွေ့မိခြင်း (touching)၊ သွေးကြောထဲဆေးသွင်းခြင်း (injection)၊ မျက်စိထဲသို့ အဆိပ်များဝင်‌ရောက်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေါ်နိုင်သည်။

အဆိပ်အတောက်ဖြစ်စေနိုင်သော အရာများမှာ

  • အချို့သော အပင်များ
  • အချို့သော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ
  • အပြင်းစားသတ္တုဓာတ်များ (ဥပမာ – ပြဒါး၊ ခဲ၊ အာဆင်းနစ်)
  • ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ရှူမိခြင်း
  • အလှပြင်ပစ္စည်းများ (ဥပမာ – လက်သည်းဖျက်ဆေး)
  • အိမ်အသုံးအဆောင်ပစ္စည်းများ (ဥပမာ – အစွန်းချွတ်ဆေး)
  • အချိန်တိုအတွင်း အရက်အလွန်အကျွံ သောက်ခြင်းကြောင့် အဆိပ်သင့်ခြင်း (alcohol intoxication)
  • ဆေးများအလွန်အကျွံ သောက်မိခြင်း (အတွေ့များသော ဆေးများမှာ – ပါရာစီတမော၊ အကိုက်အခဲပျောက်ဆေး၊ သွေးမခဲဆေးများ၊ စိတ်ရောဂါကုဆေးများ)
  • မူးယစ်ဆေးဝါးများ (recreational drugs)
  • မြွေနှင့်အင်းဆက်များ (ဥပမာ – ပျား၊ နကျယ်ကောင်) အကိုက်ခံရသောအခါ အဆိပ်သင့်ခြင်းတို့ ပါဝင်သည်။

ကလေးငယ်များတွင် မတော်တဆ အဆိပ်သင့်ခြင်း အများဆုံးဖြစ်ပေါ်တတ်ပြီး လူကြီးများတွင်မူ မတော်တဆဖြစ်နိုင်သကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်ဖြင့် ဆေးဝါး (သို့မဟုတ်) ဓာတုပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ အဆိပ်သင့်အောင် ပြုလုပ်ခြင်းများ (self poisoning and suicide) လည်း ရှိတတ်သည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများကို လတ်တလောအဆိပ်သင့်ခြင်းနှင့် ကာလရှည်အဆိပ်သင့်ခြင်း ဟူ၍ အဓိကခွဲခြားထားသည်။

လတ်တလောအဆိပ်သင့်ခြင်း (acute poison exposure)

လတ်တလောအဆိပ်သင့်ခြင်းတွင် အဆိပ်နှင့်ထိတွေ့မိပြီးနောက် ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ရောဂါလက္ခဏာများချက်ချင်း ဖြစ်ပေါ်နိုင်သကဲ့သို့ ရက်အနည်းငယ်ကြာပြီးမှလည်း ဖြစ်ပေါ်လာနိုင်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ချောင်းဆိုးခြင်း
  • နုံးချည့်ခြင်း
  • ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
  • က‌ယောင်ကတမ်းဖြစ်ခြင်း
  • တက်ခြင်း ၊ သတိလစ်ခြင်း
  • အမြင်အာရုံထိခိုက်ခြင်း
  • အရေပြားတွင် နီရဲခြင်း၊ အပူလောင်ခြင်း၊ နာကျင်ခြင်း၊ အကွက်ထွက်ခြင်း
  • ရင်တုန်ခြင်း သို့မဟုတ် နှလုံးခုန်နှုန်းအပြောင်းအလဲဖြစ်ခြင်း
  • အသက်ရှူကျပ်ခြင်း တို့ဖြစ်ကြသည်။

ကာလရှည်အဆိပ်သင့်ခြင်း (chronic poison exposure)

ကာလရှည် အဆိပ်သင့်ခြင်းဖြစ်ပါက အဆိပ်နှင့် ထိတွေ့မိပြီးနောက် နှစ်ပေါင်းများစွာကြာမှသာ ရောဂါလက္ခဏာများဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် အဆိပ်ဓာတ်ငွေ့များနှင့် ကာလကြာရှည်စွာ ထိတွေ့မိခြင်းကြောင့် အဆုတ်ထိခိုက်ပျက်စီးပြီး အသက်ရှူကျပ်ခြင်း၊ အဆုတ်ပွပန်းနာရောဂါများနှင့် အဆုတ်ကင်ဆာရောဂါများအထိ ဖြစ်ပေါ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအချက်များပေါ် မူတည်၍ သာမန်အဆင့်မှ ပြင်းထန်အဆင့်များအထိ ဖြစ်ပေါ်နိုင်ပြီး အချို့အခြေအနေများတွင် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်ပေါ်နိုင်သည်။

  • ခန္ဓာကိုယ်ထဲသို့ ဝင်‌ရောက်သွားသည့် အဆိပ်ပမာဏ
  • အဆိပ်အမျိုးအစား
  • ခန္ဓာကိုယ်ထဲသို့ အဆိပ်ဝင်ရောက်ပုံ နည်းလမ်း (ဥပမာ – ပါးစပ်၊ အသက်ရှူလမ်းကြောင်း၊ မျက်စိ၊ အရေပြား)
  • အဆိပ်နှင့် ထိတွေ့သည့် ကြာချိန်
  • ဆေးကုသမှု လျင်မြန်စွာ ရရှိနိုင်ခြင်း
  • အသက်အရွယ်နှင့် အခြေခံကျန်းမာရေးအခြေအနေ တို့အပေါ်တွင် မူတည်၍ အမျိုးမျိုး ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများဖြစ်ပေါ်၍ အဆိပ်သင့်သည်ဟု သံသယဖြစ်လျှင် ဆေးရုံ အရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန်လိုအပ်သည်။ ဆေးကုသမှုရရှိချိန် နောက်ကျပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် အဆိပ်သင့်သည်ဟု သံသယဖြစ်ပါက ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်အထိ စောင့်ကြည့်ခြင်းမပြုလုပ်ဘဲ ချက်ချင်းဆေးကုသမှုခံယူရန် အရေးကြီးသည်။ ရှေးဦးကုသခြင်းကို လိုအပ်သလိုချက်ချင်းပြုလုပ်သင့်သည်။

အရေးပေါ်ကုသခြင်း

ရှေးဦးကုသခြင်း

ဖြစ်ပေါ်စေသော အဆိပ်အမျိုးအစားများနှင့် ရောဂါလက္ခဏာပြင်းထန်မှုတို့အပေါ် မူတည်၍ ကုသမှုပုံစံအမျိုးမျိုးကွဲပြားနိုင်သည်။ အဆိပ်သင့်သောသူသည် သတိအနေအထားကောင်းမွန်၍ အသက်ကောင်းစွာရှူနိုင်လျှင် စိုးရိမ်ကြောက်လန့်စိတ်များကို လျှော့ချ၍ အောက်ဖော်ပြပါ ရှေးဦးကုသခြင်းများကို ချက်ချင်းလုပ်ဆောင်ပေးနိုင်ပါက ပြင်းထန်သော ထိခိုက်မှုများကို လျော့နည်းစေနိုင်သည်။

  • အဆိပ်ကို ပါးစပ်အတွင်းမျိုချမိ၍ အပူလောင်ခြင်းနှင့် လည်ပင်းယားယံခြင်းများ ဖြစ်ပေါ်လျှင် ရေ (သို့မဟုတ်) နို့ အနည်းငယ်သောက်ခြင်း
  • မျက်စိအတွင်းသို့ အဆိပ်ဝင်ရောက်လျှင် အမြင်အာရုံထိခိုက်မှုကို လျှော့ချပေးနိုင်ရန် မျက်စိကို ရေဖြင့် အနည်းဆုံး (၁၅)မိနစ် မှ (၃၀)မိနစ် ကြာအောင် ချက်ချင်း‌ဆေးကြောပေးခြင်း (မျက်ကပ်မှန်တပ်ဆင်ထားသူ ဖြစ်ပါက ဦးစွာမျက်ကပ်မှန်ကို ဖယ်ရှားပေးရမည်)
  • အရေပြားတွင် အဆိပ်ဖြင့်ထိတွေ့မိပါက အဆိပ်များနှင့် ထိတွေ့ထားသော အဝတ်အစားများကို ဦးစွာဖယ်ရှားပြီးနောက် ရေဖြင့် အနည်းဆုံး (၁၅)မိနစ်ခန့် ချက်ချင်းဆေးကြောခြင်း (အဆိပ်များနှင့် ထိတွေ့ထားသည့် အရာများကို ကိုင်တွယ်မည်ဆိုပါက လက်တွင် အဆိပ်များနှင့် ထိတွေ့မှုမရှိစေရန် လက်အိတ်နှင့် အကာအကွယ်များကို အသုံးပြု၍ ကိုင်တွယ်ရမည်။)
  • အဆိပ်ငွေ့များကို ရှူရှိုက်မိပါက သန့်ရှင်းလတ်ဆတ်သော လေရရှိနိုင်သည့် ပြင်ပပတ်ဝန်းကျင်သို့ရွှေ့ခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။

အကယ်၍ အဆိပ်သင့်သောသူသည် သတိလစ်ခြင်း၊ တက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူခက်ခဲခြင်း တို့ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးပို့ဆောင်၍ ချက်ချင်းကုသမှုခံယူရန် လိုအပ်သည်။ ဆေးရုံသို့မရောက်ရှိမီ လူနာကို အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု မရှိစေရန် recovery position ဟုခေါ်သော ဘေးစောင်းအနေအထားဖြင့် ထားပေးရန်လိုအပ်သည်။ ပြင်းထန်သောအဆိပ်သင့်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ အချိန်ကာလကြာမြင့်စွာ ကုသမှုခံယူရန်လိုအပ်နိုင်သည်။ ရောဂါပြင်းထန်မှုနှင့် အဆိပ်အမျိုးအစားပေါ်မူတည်၍ ဆေးရုံအရေးပေါ်ဌာနတွင်အောက်ဖော်ပြပါ ကုသမှုများ ပြုလုပ်သည်။

  • အသက်ရှူလမ်းကြောင်းနှင့် သွေးစီးဆင်းမှု ပုံမှန်ဖြစ်စေရန် အရေးပေါ်ကုသမှုပေးခြင်း (လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူစက်တပ်ဆင်ခြင်း)
  • အဆိပ်အတောက်များကို တတ်နိုင်သမျှဖယ်ရှားနိုင်ရန် အသုံးပြုနိုင်သောနည်းလမ်းများ
    • အထူးပြုပြင်စီမံထားသောမီးသွေးမှုန့်ကို အသုံးပြု၍ အဆိပ်အများစုကို စုပ်ယူပြီး သွေးကြောထဲသို့ မရောက်အောင် တားဆီးခြင်း (Activated charcoal)
    • အဆိပ်သင့်ချိန်မှ တစ်နာရီအတွင်း ဆေးရုံသို့ရောက်ရှိပါက ပိုက်နှင့် ရေကိုအသုံးပြု၍ အစာအိမ်အတွင်းမှ အဆိပ်များကို စုပ်ထုတ်ခြင်း (Gastric lavage)၊ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ယနေ့ခေတ်တွင် ဤနည်းကို အသုံးပြုခြင်းမရှိတော့ပေ။
    • အထူးပြုလုပ်စီမံထားသော ဆေးအရည်ကို အသုံးပြု၍ အူလမ်းကြောင်းကြည့်မှန်ပြောင်းဖြင့် အူလမ်းကြောင်းကို ဆေးကြောခြင်း (Whole bowel irrigation)
    • ကျောက်ကပ်ဆေးခြင်းဖြင့် အဆိပ်အတောက်ဖယ်ရှားခြင်း (Dialysis)

ကုသခြင်း

ဆေးများဖြင့်ကုသခြင်း

  1. သွေးကြောအတွင်းသို့ အရည်ဓာတ်ဖြည့်ပေးခြင်း (IV fluid therapy)
    သွေးပေါင်ချိန်ကျသောသူများတွင် သွေးကြောအတွင်းသို့ အရည်ဓာတ်ဖြည့်ပေးသည့်အပြင် လိုအပ်လျှင် သွေးပေါင်ချိန် တက်စေသောဆေးများဖြင့် ကုသပေးနိုင်သည်။
  2. သက်ဆိုင်ရာ အဆိပ်ဖြေဆေးရှိပါက ဖြေဆေးဖြင့်ကုသခြင်း (antidote)
    ဥပမာ – ပါရာစီတမော အဆိပ်သင့်ခြင်းအတွက် Acetylcysteine ဆေးကို ဖြေဆေးအနေဖြင့် အသုံးပြု၍ ကုသနိုင်သည်။
  3. သွေးထဲရှိ အဆိပ်အတောက်ဖြစ်စေသည့် သတ္တုဓာတ်ကိုဖယ်ရှားပေးနိုင်သည့် ဆေးများပေးခြင်း (chelation therapy)
  4. အဆိပ်ရှိသော မြွေအကိုက်ခံရပါက မြွေဆိပ်ဖြေဆေးထိုးပေးခြင်းနှင့် အဆိပ်ရှိသောအင်းဆက်ကောင်များ အကိုက်ခံရလျှင် လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
ကာကွယ်ခြင်း

အဆိပ်သင့်ခြင်း အများစုကို အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • အိမ်အသုံးအဆောင်ပစ္စည်းများ (ဆပ်ပြာ၊ သန့်စင်ဆေးရည်၊ အစွန်းချွတ်ဆေး) ကို ကလေးများ အလွယ်တကူယူ၍ မရနိုင်သောနေရာတွင် ထားရန်
  • အိမ်တွင်ထားရှိသော ဆေးများအားလုံးကို ဆေးနာမည်နှင့် အညွှန်းတပ်ထားရန်နှင့် ကလေးများ လက်လှမ်းမမီသောနေရာတွင် သေချာစွာ သိမ်းဆည်းထားရန်
  • မည်သည့်ဆေးကိုမှ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ မိမိသဘောဆန္ဒအလျောက် မသောက်သုံးရန်နှင့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့် ‌ဆေးညွှန်းအတိုင်းသာသောက်ရန်
  • ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးရည်၊ ပေါင်းသတ်ဆေးရည်များကို သေချာစွာထားရှိရန်နှင့် မှားမသောက်မိစေရန် သိသာထင်ရှားသော အမှတ်အသားနှင့် အမည်များ တပ်ထားရန်
  • မိမိနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ပတ်ဝန်းကျင်တွင် ရှိနေသော အပင်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အရွက်များကို ခူးယူစားသောက်ခြင်း မပြုလုပ်ရန် တို့ဖြစ်ကြသည်။

References:

  1. Poisoning. (2024). Cleveland Clinic. Retrieved November 8, 2024, from https://my.clevelandclinic.org/health/diseases/poison
  2. O’Malley, G. F., & O’Malley, R. (2022). General Principles of Poisoning. MSD Manual Professional Edition. Retrieved November 8, 2024, from https://www.msdmanuals.com/professional/injuries-poisoning/poisoning/general-principles-of-poisoning
  3. Website, N. (2023). Poisoning. nhs.uk. Retrieved November 8, 2024, from https://www.nhs.uk/conditions/poisoning/
  4. Poisoning: First aid. (n.d.). Mayo Clinic. Retrieved November 8, 2024, from https://www.mayoclinic.org/first-aid/first-aid-poisoning/basics/art-20056657
  5. Emergency Management of Poisoning. (2007). In Elsevier eBooks (pp. 13–61). Retrieved November 8, 2024, from https://doi.org/10.1016/b978-0-7216-0693-4.50007-4

Share

Category

22 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.