First thousand days of life (ဘဝအစ ရက်တစ်ထောင်)

First thousand days of life (ဘဝအစ ရက်တစ်ထောင်)

“ဘဝအစရက်တစ်ထောင်” ဆိုသည်မှာ ကလေးအသက် (၂)နှစ်ထိကာလဆိုလိုသည်။

တွက်ချက်ပုံမှာ –

  • ကိုယ်ဝန်ဆောင်ချိန် (၂၇၀) ရက်

    FTDOL IMG1
  • ကလေး အသက် (၁) နှစ်ထိ (၃၆၅) ရက်
  • (၁)နှစ်မှ (၂) နှစ်ထိ နောက်ထပ် (၃၆၅) ရက်
    စုစုပေါင်းရက် (၁၀၀၀) ကို ဆိုလိုသည်။


    FTDOL IMG2

ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဘဝတွင် ဦးနှောက်သည် ပထမဆုံး စတင်ဖွဲ့ စည်းလာသော ကိုယ်အင်္ဂါ တစ်ခုဖြစ်ပြီး ကိုယ်ဝန် (၃) ပတ်ခန့်မှ စတင် ဖွံ့ဖြိုးလာသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် ကာလကို ထည့်သွင်း ရေတွက်ထားသည်။ လူကြီးဦးနှောက်၏ ၈၀% သည် အဆိုပါ ရက်တစ်ထောင်အတွင်း ဖွံ့ဖြိုးလာသည်။ အဆိုပါ ရက်တစ်ထောင်အတွင်း ဗီဇနှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုသည် ကလေးဦးနှောက် ဖွံ့ဖြိုးမှုကို များစွာ အဟန့်အတား ဖြစ်စေသည်။ ထို့ကြောင့် “ဘဝအစ ရက်တစ်ထောင်” သည် ကလေး၏အနာဂါတ် ကို အဓိကပုံဖေါ်ပေးသော အချိန်ဖြစ်သည်။

အဆိုပါရက် (၁၀၀၀)ကာလတွင် သန္ဓေသားနှင့် ကလေးငယ်၏ ဦးနှောက် စတင်ကောင်းစွာ ဖွံ့ ဖြိုးနိုင်ရန် အောက်ပါတို့အပေါ်တွင်မူတည်သည်။

  1. ဗီဇ
  2. ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရ
  3. ပိုးမွှားနှင့် အဆိပ်အတောက်များ
  4. မွေးဖွားချိန် ပြဿနာများ
  5. ကလေးငယ်၏ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု၊ ပတ်ဝန်းကျင်အပေါ် လေ့လာစူးစမ်းနိုင်မှုများ
  6. မွေးပြီးကလေးငယ်​၏ အာဟာရ
ဗီဇ

ဗီဇဟုဆိုရာတွင် မိခင် (သို့မဟုတ်) ဖခင်ထံမှ ဆင်းသက်လာသော ဗီဇသာမက ဤကလေးတွင်မှ စတင်ပြောင်း သော ဗီဇမျိုးလည်း ရှိသည်။ ယနေ့ခေတ်ဆေးပညာသည် ဗီဇကိုရှာဖွေခြင်း၊ ဗီဇကိုပြောင်းလဲခြင်း၊ ကုသခြင်း စသည်တို့ကို စမ်းသပ်ပြုလုပ်လာသော်လည်း ရောဂါအများစု၊ လူအများစု အတွက် လက်လှမ်းမမီသေးပေ။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရသည် သန္ဓေသားနှင့် ကလေးငယ် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ သင့်တင့်မျှတ သန့်ရှင်းလတ်ဆတ်သော အစာအာဟာရ သုံးဆောင်မှီဝဲရန် အရေးကြီးသည်။ အစားအသောက်ရှောင်ကြဉ်ခြင်း၊ အာဟာရမပြည့်ဝခြင်းတို့ကြောင့် ဦးနှောက်၏ အထွေထွေဖွံ့ဖြိုးမှုကို ထိခိုက်ရုံသာမက အချို့သောရောဂါများ ဖြစ်ပေါ်လာနိုင်သည်။ ဥပမာ – ဖောလစ်အက်ဆစ် ချို့တဲ့သဖြင့် ဦးနှောက်အောက်ခြေသာ ပါလာခြင်း (Anencephaly)၊ ကျောရိုး အာရုံကြောမကြီး ကျွံထွက်ခြင်း (myelomeningocele) စသည်တို့ ဖြစ်တတ်သည်။ အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့် ကလေးငယ်၏ သိုင်းရွိုက် ဟော်မုန်းဓာတ်အားနည်းပြီး ဉာဏ်ရည်မမီ ဖြစ်နိုင်သည်။ နောက်ဆက်တွဲ အန္တရာယ်ကြီးမားသော်လည်း ကာကွယ်ရ လွယ်သော ရောဂါများဖြစ်သည်။

ပိုးမွှားနှင့် အဆိပ်အတောက်များ

ရောဂါပိုးမွှားများသည် မိခင်မှတစ်ဆင့် သန္ဓေသားဆီရောက်ရှိနိုင်သည်။ ဂျိုက်သိုးရောဂါ (Rubella)၊ စီအင်မ်ဗွီဗိုင်းရပ်စ် (Cytomegalovirus)၊ ဇီကာဗိုင်းရပ်စ် (Zika virus) စသော ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွါးသော ရောဂါများသည် ဦးနှောက်ကြီးထွားမှုကို ဟန့်တားပြီး ဦးနှောက်နှင့် ဦးခေါင်းခွံသေးသော ကလေးငယ်များ မွေးဖွားလာနိုင်သည်။ ပိုးမွှားများ၊ ပတ်ဝန်းကျင် အဆိပ်အတောက်များသည် မွေးကင်းစ ကလေး လေဖြတ်ခြင်း (neonatal stroke) ကိုဖြစ်စေသော အကြောင်းရင်းများလည်းဖြစ်သည်။

ခဲဆိပ်သင့်ခြင်းသည်လည်း မွေးပြီးနောက်ပိုင်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသော အကြောင်းရင်း တစ်ခုဖြစ်သည်။ ဘက်ထရီလုပ်ငန်းများ၊ ခဲကို အသုံးပြုသော စက်မှုလုပ်ငန်းများသည် ခဲဆိပ်သင့်နိုင်သော အခြေအနေများ ဖြစ်သည်။

ကလေးငယ်စဉ်ဘဝတွင် ဘက်တီးရီးယားများ၊ တီဘီပိုး၊ ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွါးသော ဦးနှောက် အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများသည်လည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို များစွာပြဿနာ ဖြစ်စေသည်။ ထိုရောဂါများကိုဖြစ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက များစွာထိရောက်သည်။ ထို့ကြောင့် ကလေးငယ်စဉ်ဘဝတွင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းသည် ထိရောက်သော ရောဂါကာကွယ်ခြင်းဖြစ်သည်။

မွေးဖွားချိန် ပြဿနာများ

မွေးဖွားခါစ ကလေးဦးနှောက်သည် အင်မတန်နုနယ်ပြီး ထိုအချိန်တွင် လိုအပ်သော အောက်ဆီဂျင်၊ အချိုဓာတ် စသည်တို့ မရရှိပါက အလွန်ထိခိုက်ပျက်စီးလွယ်သည်။ မွေးဖွားစဉ်ခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ ရေမွန်းခြင်း၊ လမစေ့ပေါင်မပြည့်ဘဲမွေးခြင်း၊ မွေးပြီးအလွန်အမင်းအသားဝါခြင်း စသည်တို့ကြောင့် ဦးနှောက်ထိခိုက် ပျက်စီးနိုင်သည်။ ထို့ကြောင့် စောစီးစွာ ကိုယ်ဝန်အပ်နှံပြီး ကိုယ်ဝန် မှန်မှန်ပြခြင်း၊ ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းသောဆရာဝန်၊ ဆရာမများနှင့် မွေးဖွားခြင်းသည်လည်း ထိရောက်သော ကြိုတင်ကာကွယ်မှု ဖြစ်သည်။

ကလေးငယ်၏ ပတ်ဝန်းကျင်

ကလေးငယ်တစ်ဦး ပုံမှန်မွေးဖွားလာချိန်တွင် သူ၏ဦးနှောက်သည် အရာရာကို သူ၏အရွယ်အလိုက် စူးစမ်းလေ့လာ သင်ယူတတ်မြောက်နိုင်ရန် အဆင်သင့်ဖြစ်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ မိဘ၊ မိသားစုနှင့် ကလေး ကို ပြုစုစောင့်ရှောက်သူများသည် ကလေး၏လက်ဦးဆရာပီသစွာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အနေဖြင့် ကလေးငယ်အပေါ် သင့်တင့်မျှတသော ကာကွယ်မှု၊ သင်ကြားမှု၊ စူးစမ်းလေ့လာနိုင်ရန် ကောင်းမွန်သော အတွေ့အကြုံများ ဖန်တီးပေးမှုတို့ မဖြစ်မနေလိုအပ်သည်။

  • ကလေးကို စကားပြောပါ။
  • ကလေးနှင့်ကစားပါ။
  • ကလေး စူးစမ်းမေးမြန်းလာလျှင် တုံ့ ပြန်ပါ။
  • ကလေး စူးစမ်းခွင့်ရရှိနိုင်ရန် ကစားစရာများ၊ ပုံစာအုပ်များ၊ အိပ်ရာဝင်ပုံပြင်များ၊ ကလေးချော့တေးများ၊ ကဗျာများနှင့် ထိတွေ့ပေးပါ။
    အခြားတစ်ဖက်တွင် ကလေးအတွက် ရုပ်ပိုင်း စိတ်ပိုင်းကို အန္တရာယ်ရှိသော၊ ထိခိုက်နိုင်သော ပတ်ဝန်းကျင်၊ ခံစားမှု၊ မြင်ကွင်း၊ အတွေ့အကြုံ စသည်တို့ကို လုံးဝရှောင်ကြဉ်ပါ။ ဤအတွေ့အကြုံများသည် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှုကို သေချာပေါက် ဟန့်တားနိုင်ပြီး ဘဝတစ်လျှောက် ဆိုးကျိုးများစွာ ဆက်လက်ဖြစ်ပွါးနိုင်သည်။
ကလေးငယ်​၏ အာဟာရ

သန့်ရှင်းလတ်ဆတ်၍ သင့်တင့်မျှတသော အစာ အာဟာရများသည်လည်း ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သည်။ အသား၊ ငါး၊ ပဲ၊ အသီးအရွက်မျိုးစုံ စားသုံးရန် လိုအပ်သည်။ ဗီတာမင်များ၊ ပရိုတိန်းဓာတ်၊ သံဓာတ်စသည်တို့ ချို့တဲ့ပါက ဦးနှောက်​၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သည်။
အထက်ပါ အချက်များကို သတိထားလိုက်နာခြင်းဖြင့် ကလေးတစ်ဦး၏ အနာဂါတ်ကို ပုံဖော်ပေးသော “ဘဝအစ ရက်တစ်ထောင်”ကို ကောင်းစွာ အထောက်အကူ ပြုစေမည်ဖြစ်သည်။ “ဘဝအစရက်တစ်ထောင်” ကာလကို မှန်ကန်၊ ညီညွတ်မျှတစွာ ဖြတ်သန်းခြင်းသည် ကလေးငယ်အား အကောင်းဆုံးသော ဦးနှောက်အားဆေး တိုက်ကျွေးခြင်းပင်ဖြစ်သည်။

References:

  1. UNICEF South Africa. (2017). The first 1,000 days: A brief on the importance of nutrition in early childhood. Retrieved July 8, 2024, from https://www.unicef.org/southafrica/media/551/file/ZAF-First-1000-days-brief-2017.pdf
  2. 1,000 Days. (n.d.). About 1,000 Days. Retrieved July 8, 2024, from https://thousanddays.org
  3. O’Connor, M., & O’Brien, K. (2022). The impact of early nutrition on health and development: A review. PMC. Retrieved July 8, 2024, from https://pmc.ncbi.nlm.nih.gov/articles/PMC9640361/
  4. SAAFP. (2021). The importance of the first 1,000 days. South African Academy of Family Physicians. Retrieved July 8, 2024, from https://saafp.org/wp-content/uploads/2021/09/P1.1-The-importance-of-the-first-1000-days.pdf

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.