မိဘအုပ်ထိန်းမှုဆိုသည်မှာ –
မိမိကလေးငယ်၏ လူ့ဘဝ၌ ရှင်သန်နေထိုင်ရေးအတွက် မိဘများမှ ကြိုတင်ပြုစု သင်ကြား စောင့်ရှောက်ပေးခြင်းကို ခေါ်ဆိုသည်။ တနည်းအားဖြင့် မိဘများမှ မိမိကလေးငယ်ကို ပြုစု ပျိုးထောင်ပေးခြင်း၊ ကာကွယ် စောင့်ရှောက်ပေးခြင်းနှင့် လမ်းညွှန် ဆုံးမပေးခြင်းတို့ဖြင့် ကလေးငယ်၏ ဘဝအစကို ကောင်းမွန်စွာ စတင်စေခြင်းကိုလည်း မိဘအုပ်ထိန်းမှုဟု ခေါ်ဆိုနိုင်သည်။ လူ့ဘဝတွင် ကလေးငယ် အမှီအခိုကင်းမဲ့စွာ ဘဝရပ်တည်နိုင်အောင် ပြင်ဆင်ပေးခြင်းသည် မိဘ၏တာဝန်ဝတ္တရားလည်း ဖြစ်သည်။
မိဘအုပ်ထိန်းမှုကို အပြုသဘောဆောင်စေသော အချက်များ
- ကလေးငယ်၏ ဖွံ့ဖြိုးမှု၊ သင်ယူ တတ်မြောက်နိုင်မှုတို့နှင့် ပတ်သက်၍ အားသာချက်များကို မိဘက သတိထားမိပါစေ၊ ထိုအချက်များအတွက်လည်း ကလေးငယ်ကို ချီးကျူးပေးပါ
- ကလေး၏ ကောင်းသော အမူအကျင့်များကိုလည်း ချီးကျူး ပြောပြပေးပါ၊ မိဘများမှ ကလေးအပေါ်မိဘ၏ မေတ္တာထားရှိမှု၊ ချစ်ခင်ကြင်နာမှု၊ ယုံကြည်မှုတို့ကို ကလေးသိရှိအောင် အမြဲဖော်ပြပါ
- ကလေးငယ်၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအလိုက် လိုက်နာရန် စည်းကမ်းများ သတ်မှတ်ပေးပါ၊ အကယ်၍ ကလေးငယ်သည် ထိုချမှတ်ထားသော စည်းကမ်းကို မလိုက်နာခဲ့သည်ရှိသော်၊ ထိုသို့ စည်းကမ်း မလိုက်နာခဲ့သည့် နောက်ဆက်တွဲအဖြစ် ဒဏ်ပေးခံရမည်ကိုလည်း ရှင်းပြထားပါ၊ ကလေးငယ်ကို ပေးထားသည့် အခွင့်အရေးများ၊ နှစ်သက်သည့် အရာများကို ရုပ်သိမ်းပါ (ဥပမာ – အိမ်ပြင်ပသို့ ပေးမထွက်ခြင်း၊ ကလေးငယ်သည် စိတ်ကောက်၍ ဆော့ကစားနေသော အရုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပါက၊ ထိုကစားစရာအရုပ်ကို ကလေးကိုယ်တိုင် ယူလို့မရနိုင်လောက်သော အမြင့်တစ်နေရာတွင်ထားပြီး ထိုအရုပ်ကို ပေးမဆော့ခြင်း)
- ကလေးငယ်၏ အသက် အပိုင်းအခြားအလိုက် လမ်းညွှန်ပြသပေးမှု၊ အကန့်အသတ် ထားရှိမှုနှင့် စည်းမျဉ်းစည်းကမ်း ထားရှိမှုတို့ကိုလည်း တသမတ်တည်း ထားရှိပေးပါ
- သင့်ကလေးငယ်ကို သူ့စိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ (ဥပမာ – ကလေးစိတ်ကြိုက် ဘောင်းဘီအရောင်ကို ရွေးချယ်ဝတ်ဆင်ခွင့်ပေးခြင်း)၊ ကလေးငယ်ကို အချို့သောကိစ္စရပ်များတွင် ကလေးစိတ်ကြိုက် အထိန်းအကွပ်ဖြင့် လုပ်ပိုင်ခွင့်ပေးခြင်းသည် မိဘနှင့်သားသမီးကြား အခြေအတင်ကိစ္စများကို လျှော့ချရာတွင် ကူညီပေးနိုင်သည်
- မိဘများအနေဖြင့် သင့်ကလေးငယ်နှင့် ဆက်သွယ်မှုပြုလုပ်သည့် တခဏအချိန်များအတွက် ဝမ်းမြောက်ပီတိ ဖြစ်ပေးပါ (ဥပမာ – မိဘများ အိမ်မှုကိစ္စများ၊ အလုပ်ကိစ္စများနှင့် ရှုပ်နေသည့်တိုင်အောင် အဆိုပါကိစ္စရပ်များမှ ခေတ္တခဏ ရပ်နားကာ မိမိကလေးငယ်ကို မျက်လုံးချင်းဆုံ၍ ဆက်သွယ်မှု ပြုလုပ်ပြီး၊ ပြုံးရယ်ပြပေးရန်လည်း မမေ့သင့်ပါ၊ အဆိုပါ တစ်ခဏအချိန်များကိုလည်း မိဘအနေဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရန်လိုအပ်သည်
- ကလေးငယ်သည် လိုအပ်ချက်ရှိသည့်အချိန်၌ မိဘကို ချော့မြှူ တောင်းဆိုလာသည့်အခါ မိဘအနေဖြင့် အတတ်နိုင်ဆုံး စိတ်ဝင်တစား တုံ့ပြန်ပေးပါ
- မိဘအနေဖြင့် ကလေးကို မိမိဖြစ်စေချင်သည့် အပြုအမူများနှင့် ပတ်သက်၍ ကလေး နားလည်လွယ်အောင် ကြိုတင်၍ ရှင်းလင်းပြောပြထားရမည် (ဥပမာ – စျေးဝယ်မထွက်မီ အချိန်တွင် မိဘမှ သားသမီးကို ကြိုတင် ရှင်းလင်း ပြောပြထားသင့်သည်မှာ “သားသား၊မီးမီးရေ ဖေဖေ မေမေတို့ အခုစျေးဝယ်ဖို့ စာရင်းလုပ်နေတယ်။ အခုစာရင်းပါ ပစ္စည်းတွေကိုပဲဝယ်ဖို့ လုပ်ထားတယ်၊ စျေးရောက်ရင် စာရင်းထဲမပါတဲ့ ပစ္စည်းကို ပူဆာလို့မရဘူး၊ သားသား၊မီးမီး ဝယ်ချင်တာ တစ်ခုခုရှိရင် အခုစာရင်းထဲထည့်ပြီး ဝယ်ပေးမယ်” ဟူ၍ဖြစ်သည်
- ကလေးငယ်ကို တုံ့ပြန်မှု မပြုလုပ်ခင်၊ မိဘများသည် မိမိ၏ စိတ်အခြေအနေ၊ စိတ်ခံစားချက်များနှင့် အပြုအမူများကို မိမိကိုယ်တိုင် သိရှိ၊ သတိကပ်ထားပြီး စိတ်တည်ငြိမ်အောင်ထားရန် လိုအပ်သည် (ဥပမာ – မိဘသည် ကလေးအတွက် စံပြပုဂ္ဂိုလ်အဖြစ် တွေးမြင်ကြည့်ရင်း၊ မိမိစိတ်ကို တည်ငြိမ်အောင် အရင်ပြုလုပ်ပြီးမှ ကလေး၏ အပြုအမူအတွက် တုံ့ပြန်ဆောင်ရွက်မှုကို ပြုလုပ်ပါ)
- ကလေးငယ်အခက်အခဲဖြစ်နေသော ခဏတာအချိန်များတွင် မိဘများအနေဖြင့် သင့်ကလေးငယ် ရှုမြင် ခံစားသိရှိသကဲ့သို့ ပုံဖော်ခံစားကြည့်ပါ (ဥပမာ – “ရေစိုနေသော ခြေညှပ်ဖိနပ်ကို ကလေးငယ်သည် ကြိုးစား၍ စီးကြည့်နေသော်လည်း ခြေချော်၍ ဖိနပ်စီးမရ ဖြစ်သည့်အခါ၊ မိဘအနေဖြင့် “ကလေးငယ်သေးသည့် အရွယ်၊ သင်ယူနေဆဲအရွယ်” ဟုလက်ခံ၍ တွေးမြင်ကြည့်သင့်သည်)
- မိမိကလေးငယ် ဒေါသထွက်၊ ဝမ်းနည်း၊ စိတ်ပျက်ဖြစ်နေချိန် ခံစားချက်များကိုလည်း မိဘမှ နားလည်ပေးရန် လိုသည်၊ “သားသား၊ မီးမီး စိတ်မကောင်းဖြစ်နေတာကို ဖေဖေမေမေ သိပါတယ်”ဟု မိမိ ကလေးငယ်ကို ပြောပြခြင်းဖြင့် သင်က ကလေးငယ်၏ခံစားမှုကို နားလည်ကြောင်း ပြောပြပါ။
- တဖက်စောင်းနင်းမဖြစ်ဘဲ ကလေး လိုအပ်ချက်နှင့် မိဘလိုအပ်ချက်တို့ မျှခြေဖြစ်နိုင်သည်ကိုသာ ပြုလုပ်ပါ။ ဥပမာ-မိဘများအတွက်လည်း ကိုယ်ပိုင်အချိန်ထားရှိပါ။
- မိဘအုပ်ထိန်းမှုနှင့် ပတ်သက်၍ လိုအပ်ချက်ရှိလာပါက ကျွမ်းကျင်သူများထံမှ အကူအညီ၊ အကြံဉာဏ်များ တောင်းခံခြင်းနှင့် ထပ်တိုးသိရှိနိုင်မည့် အချက်အလက်များကို ရှာဖွေခြင်းတို့ ပြုလုပ်ပါ။
အောက်ပါ အမူအကျင့်များကို ရှောင်ကြဥ်ပါ။
- သိမ်ငယ်စေသော၊ ကြမ်းတမ်းသော နှုတ်ထွက်စကားများဖြင့် ကလေးငယ်ကို ဆုံးမသွန်သင်ခြင်း (ဥပမာ – “အပျင်းထူ/ဆွံ့အ” စသည့် သိမ်ငယ်စေသော နာမ်စားများသုံး၍ ကလေးငယ်ကို ခေါ်ဆိုခြင်း)
- ကလေးငယ်ကို အော်ဟစ်၊ ငေါက်ငမ်း၊ ကြိမ်းမောင်းခြင်း
- ရိုက်နှက်ခြင်း၊ ကလေးငယ်ကို လှုပ်ခါရမ်းခြင်း စသောနည်းလမ်းများဖြင့် ကလေးငယ်ကို ဆုံးမသွန်သင်ခြင်း စသည်တို့ကို မိဘများအနေဖြင့် ရှောင်ကြဥ်သင့်သည်။
References:
- Positive Parenting Tips. (2024). Child Development. Retrieved July 8, 2024, from https://www.cdc.gov/child-development/positive-parenting-tips/
- ZERO TO THREE. (2024). Positive Parenting | ZERO TO THREE. Retrieved July 8, 2024, from https://www.zerotothree.org/resources/positive-parenting/
- Benderev, M. D. (2023). Nine Elements That Power Positive Parenting | ZERO TO THREE. ZERO TO THREE. Retrieved July 8, 2024, from https://www.zerotothree.org/resource/nine-elements-that-power-positive-parenting/
- Parenting Styles. (n.d.). Parenting the Preschooler. Retrieved July 8, 2024, from https://fyi.extension.wisc.edu/parentingthepreschooler/relationships/parenting-styles/
- UNICEF. (n.d.). How to discipline your child in a smart and healthy way. Retrieved July 8, 2024, from https://www.unicef.org/myanmar/stories/how-discipline-your-child-smart-and-healthy-way
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.