Safe sex practice (ဘေးကင်းစိတ်ချရသောလိင်ဆက်ဆံခြင်း)

Safe sex practice (ဘေးကင်းစိတ်ချရသောလိင်ဆက်ဆံခြင်း)

လိင်မှုကိစ္စသည် လူသားတစ်ယောက်၏ဘဝတွင် မဖြစ်မနေ ကြုံတွေ့ရမည့် တစ်ကိုယ်ရေ လူမှုဘဝကိစ္စဖြစ်သည်။ လူသားတစ်ဦး၏ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှု၊ ရင်ခုန်မှုကို ပေးစွမ်းနိုင်သော ကိစ္စရပ်လည်း ဖြစ်သည်။ ထိုကဲ့သို့ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သောကိစ္စသည် ကူးစက်ရောဂါများ ကူးစက်ခံရပြီး နာမကျန်းဖြစ်ခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချရခြင်းဖြင့် လူတစ်ဦး၏ အနာဂတ်လူမှုဘဝအတွက် ခြိမ်းခြောက်မှု ဖြစ်မလာသင့်ပါ။ ထိုပြဿနာများကို ကာကွယ်နိုင်ရန် ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်း အလေ့အထများကို ဂရုစိုက်လိုက်နာသင့်သည်။

ဘေးကင်း စိတ်ချရသော လိင်ဆက်ဆံခြင်း ဆိုသည်မှာ သုက်ပိုးများ၊ မိန်းမကိုယ်မှ ထွက်သော အရည်များ၊ သွေးများမှတစ်ဆင့် ရောဂါများ ကူးစက်ခြင်းနှင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းများကို တားဆီးနိုင်သော အလေ့အထများ ဖြစ်သည်။

လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခြင်း

အိတ်ချ်အိုင်ဗီပိုး (HIV)၊ အသည်းရောင်အသားဝါ ဘီ (Hepatitis B)၊ အသည်းရောင် အသားဝါ စီ (Hepatitis စီ)၊ ကာလသားရောဂါပိုး (syphilis)၊ ဆီးပူညောင်းကျပိုး (gonorrhoea)နှင့် ကလင်မိုက်ဒီးယားဆီးပိုး (chlamydia)တို့သည် အတွေ့ရများသော လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ ဖြစ်သည်။ အဆိုပါ ရောဂါပိုးများသည် ခန္ဓာကိုယ်မှ ထွက်သော သွေးနှင့် အရည်များ မှတစ်ဆင့် အခြားသူဆီသို့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ထို့ကြောင့် လူတစ်ဦး၏ ခန္ဓာကိုယ်မှထွက်သော သွေးနှင့် အရည်များကို အခြားတစ်ဦးထံ မထိတွေ့ရန် ကာကွယ်ခြင်းသည် ပဓာနဖြစ်သည်။

ဘေးကင်းစိတ်ချရသောလိင်ဆက်ဆံခြင်း

အောက်ပါ နည်းလမ်းများဖြင့် ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်သည်။

  1. လိင်ဆက်ဆံဖော် (Sex partner) တစ်ဦးတည်းသာ ထားရှိခြင်း
    အကောင်းဆုံးနှင့် စိတ်အချရဆုံး ကာကွယ်ခြင်းမှာ ရောဂါပိုးကင်းရှင်းသော၊ မိမိတစ်ဦး တည်းနှင့်သာ လိင်ဆက်ဆံမှုရှိသော၊ တစ်ဦးတည်းသော လိင်ဆက်ဆံဖော်ထားရှိခြင်း ဖြစ်သည်။
    မိမိသည် မိမိဘဝ၏ လိင်ဆက်ဆံဖော်ကို တွေ့ရှိခဲ့ပြီဆိုလျှင် နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်သည်။ နှစ်ဦးသား အတူတူမနေခင် နှစ်ဦးစလုံး ကူးစက်စေတတ်သော ရောဂါပိုးများ ကြိုတင် စစ်ဆေးထားခြင်း၊ မိမိ၏ လိင်မှုဘဝဇာတ်ကြောင်းကို မိမိအဖော်အား ရင်ဖွင့်ထားရှိခြင်းကို ပြုလုပ်သင့်သည်။
  2. ကာကွယ်ခြင်းကို ပထမဦးစားပေး စဉ်းစားခြင်း
    လိင်ဆက်ဆံဖော်အသစ် တွေ့ရှိခဲ့လျှင်လည်း မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိအဖော်ကိုဖြစ်စေ အလိုလိုက်သည့်အနေနှင့် ပြင်ဆင်မှုမရှိဘဲ လိင်ဆက်ဆံခြင်း မပြုလုပ်မိရန် ဂရုပြုသင့်သည်။ လိင်ပိုင်းထိတွေ့မှု ပြုလုပ်ခဲ့သည်ရှိသော် သဘာဝအတိုင်းဆက်ဆံခြင်း၊ ပါးစပ်ဖြင့် ဆက်ဆံခြင်း၊ စအိုဖြင့် ဆက်ဆံခြင်း စသည့် မည့်သည့် နည်းလမ်းနှင့်ဖြစ်စေ ရောဂါကူးစက်နိုင်သည်ကို သတိထားရန်လိုသည်။ ထို့ကြောင့် အကာအကွယ်(ကွန်ဒုံး) သုံးရန် လိုအပ်သည်။
    အသက်ပြည့်ပြီးသူများအနေနှင့် ကွန်ဒုံးကို ဝယ်ယူရာတွင် ရှက်ရွံ့ခြင်းမရှိသင့်ပါ။ ကွန်ဒုံးအသုံးပြုနည်းကို ယနေ့ခေတ်တွင် လူမှုကွန်ရက်တွင် (Google၊ Youtube နှင့် social media)ပေါ်၌ အလွယ်တကူ ရှာဖွေနိုင်သည်။ အရည်အသွေးကောင်းသော ကွန်ဒုံးကိုသာ အသုံးပြုသင့်သည်။ ကွန်ဒုံးအသုံးမပြုမီ ၎င်း၏ သက်တမ်းကုန်ဆုံးရက်ကို စိစစ်ရန် လိုအပ်သည်။
    အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေး ရှိသောကြောင့် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီး ကြိုတင်ထိုးနှံထားသင့်သည်။ အမျိုးသမီးများအနေနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုပါ ကြိုတင်ထိုးနှံထားသင့်သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသည် အမျိုးသားများတွင် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်ပေးနိုင်သောကြောင့် ထိုးနှံနိုင်ရန် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။
  3. နီးကပ်စွာမနေခင် မိမိလိင်ဆက်ဆံဖော်ကို သတိထားစစ်ဆေးခြင်း
    အချို့သော ကူးစက်ရောဂါများသည် အရေပြားချင်း ထိတွေ့မှု မှတစ်ဆင့် ကူးစက်နိုင်သောကြောင့် အတူတူမနေခင် မိမိအဖော်၏ ခန္ဓာကိုယ်ကို လေ့လာ၍ မိမိကို မကူးစက်အောင် သတိထားသင့်သည်။
    အနာများရှိခြင်း၊ မိတ်၊ အင်ပြင်ကဲ့သို့ အရေပြားပေါ်တွင် အနီကွက်များရှိခြင်း၊ အရည်ကြည် ဖုများရှိခြင်း၊ လိင်အင်္ဂါ အနီးတစ်ဝိုက်တွင် ကြွက်နို့များရှိခြင်း စသည့် လက္ခဏာများရှိပါက လိင်ဆက်ဆံခြင်းမပြုမီ ဆရာဝန်နှင့် ပြသစစ်ဆေးရန် တိုက်တွန်းသင့်သည်။
  4. လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ရှာဖွေခြင်း
    ကူးစက်စေတတ်သော ရောဂါပိုးအများစုသည် လက္ခဏာ မပြတတ်သောကြောင့် သွေးနှင့် ဆီးကို ဓာတ်ခွဲကြည့်ခြင်းဖြင့် ရှာဖွေနိုင်သည်။ အထူးသဖြင့် အိတ်ချ်အိုင်ဗီပိုး (HIV)၊ အသည်းရောင်အသားဝါ ဘီ (Hepatitis B)၊ အသည်းရောင်အသားဝါ စီ (Hepatitis C) နှင့် ကာလသားရောဂါပိုး (syphilis) များကို စစ်ဆေးသင့်သည်။ အမျိုးသမီးများတွင် ဆီးပူညောင်းကျပိုး (gonorrhoea) နှင့် ကလင်မိုက်ဒီးယားဆီးပိုး (chlamydia) တို့ကိုပါ ဆီးမှတစ်ဆင့် စစ်ဆေးသင့်သည်။
  5. မူးယစ်ဆေးများ ရှောင်ကြဉ်ခြင်း
    အတူတူ လိင်ဆက်ဆံခြင်းမပြုခင် ဆုံးဖြတ်ချက်များ မမှားစေရန် မူးယစ်စေတတ်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းစေနိုင်သည့် အရက်၊ မူးယစ်ဆေးများသုံးစွဲပြီး လိင်ဆက်ဆံခြင်းကို ရှောင်ရှားသင့်သည်။
  6. မလိုလားအပ်သော ကိုယ်ဝန်ကို တားဆီးခြင်း
    ကိုယ်ဝန်ယူရန် အစီအစဉ် မရှိပါက မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းကို တားဆီးရန် အတူတူနေချိန်တွင် အကာအကွယ်သုံးခြင်း၊ သန္ဓေတားဆေးများ ကြိုတင်သုံးစွဲထားခြင်းနှင့် အသုံးမပြုနိုင်ခဲ့လျှင် အရေးပေါ် သန္ဓေတားဆေးများ သောက်သုံးခြင်းတို့အတွက် ပြင်ဆင်ထားရန်လိုသည်။
  7. မပြင်ဆင်ဘဲ လိင်ဆက်ဆံပြီးနောက် ရောဂါကာကွယ်ခြင်း
    အထက်ပါအချက်များ မပြင်ဆင်ဘဲ လိင်ဆက်ဆံခဲ့ပြီး မိမိတွင် ရောဂါကူးစက်ခံရသည်ဟု သံသယရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်သင့်သည်။ ဆရာဝန်မှ ရောဂါများ ရှိမရှိ စစ်ဆေးပါလိမ့်မည်။ PEP (post-exposure prophylaxis) ကို လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း သောက်ခြင်းဖြင့် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခြင်း မရှိရန် ကာကွယ်နိုင်သည်။ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးရန်လိုအပ်နိုင်သည်။
ရောဂါရှိပြီးသူများအတွက် ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်း အလေ့အထ

ယခုကာလတွင် အိပ်ချ်အိုင်ဗီအပါအဝင် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ပြီး မိမိ၏လိင်ဆက်ဆံဖော်ကို မကူးစက်ရန် နည်းလမ်းများ ရှိနေပြီ ဖြစ်သည်။ အကယ်၍ မိမိတွင် ကူးစက်ရောဂါ ဝေဒနာတစ်ခုခု ခံစားနေရလျှင် မိမိအဖော်နှင့် အတူတူမနေခင်တွင် မိမိ၏ မိသားစု ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

အချုပ်ဆိုရလျှင် –

  • ဘေးကင်း စိတ်ချရသော လိင်ဆက်ဆံခြင်းဆိုသည်မှာ လိင်ဆက်ဆံခြင်းဖြင့် မိမိနှင့် မိမိ၏ လိင်ဆက်ဆံဖော်တို့ ရောဂါကူးစက်ခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်း တို့ကို ကြိုတင်ကာကွယ်နိုင်ရန် ဖြစ်သည်။
  • မိမိနှင့် မိမိအဖော်တို့ ပွင့်လင်းစွာတိုင်ပင်ခြင်း၊ နှစ်ဦးသား ကျန်းမာရေး စစ်ဆေးခြင်းဖြင့် ပျော်ရွှင်သော လိင်မှုဘဝကို ရရှိနိုင်သည်။
  • လူတစ်ဦးအနေနှင့် လိင်ဆက်ဆံဖက် တစ်ဦးတည်းသာ ထားရှိခြင်းသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါမှ ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။
  • အကာအကွယ် (ကွန်ဒုံး)ကို သေချာစွာ အသုံးပြုခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများနှင့် မလိုလားအပ်သောကိုယ်ဝန် ရရှိခြင်းမှ ကာကွယ်နိုင်သည်။

References:

  1. Safer Sex Guidelines. (2024). Johns Hopkins Medicine. Retrieved June 17, 2024, from https://www.hopkinsmedicine.org/health/wellness-and-prevention/safer-sex-guidelines#:~:text=Guidelines%20for%20safer%20sex&text=First%2C%20discuss%20past%20partners%2C%20history,condoms%20are%20made%20of%20polyurethane.
  2. Clinic, C. (2024). What You Should Know About Safe Sex Practices. Cleveland Clinic. Retrieved June 17, 2024, from https://health.clevelandclinic.org/safe-sex

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.