ဘီစီဂျီဆေးသည် တီဘီရောဂါ ကာကွယ်ဆေးဖြစ်သည်။ ဆေးစတင်တီထွင်ခဲ့သည့် ဆေးပညာရှင် နှစ်ဦးဖြစ်သော Dr. Albert Calmette နှင့် Dr. Camille Guerin ၏ မျိုးရိုးအမည်များကို အစွဲပြု၍ BCG (Bacillus Calmette–Guérin) ဟုခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ဘီစီဂျီကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးထိုးစီမံချက် အစီအစဥ်တွင် မပါဝင်တော့သော်လည်း မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများတွင်မူ အဆုတ်တီဘီသာမက အခြားပြင်းထန်သော တီဘီရောဂါအမျိုးအစားများပါ အဖြစ်များသောကြောင့် ကလေးတိုင်းကို ဘီစီဂျီ မဖြစ်မနေ ထိုးပေးသင့်သည်။
ကာကွယ်ဆေးထိုးပေးနိုင်သောအသက်
ဘီစီဂျီကာကွယ်ဆေးကို ကလေးမွေးစမှ အသက်တစ်လအတွင်း ထိုးပေးရမည်။ တစ်ကြိမ်သာထိုးရန် လိုအပ်သည်။ ပုံမှန်အားဖြင့် အသက် (၆) လအထိ နောက်အကျဆုံး ထိုးနိုင်သော်လည်း တီဘီရောဂါ အဖြစ်များသော ဒေသများတွင် အသက် (၅) နှစ်အထိ ထိုးနှံပေးနိုင်သည်။
ကာကွယ်နိုင်သောတီဘီအမျိုးအစားများ
ဘီစီဂျီဆေးသည် သာမန်အဆုတ်တီဘီရောဂါကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း တီဘီဦးနှောက်အမြှေးရောင်ရောဂါ (TB meningitis) နှင့် တစ်ကိုယ်လုံးပျံ့နှံ့တတ်သော တီဘီရောဂါ (miliary TB) စသော ပြင်းထန်တီဘီရောဂါများကို ကာကွယ်နိုင်သည်။
ကာကွယ်ဆေးထိုးပုံ
ဘီစီဂျီကာကွယ်ဆေးကို ကလေး၏ ဘယ်ဘက်လက်မောင်းတွင် အရေပြားအောက်သို့ ရှပ်၍ ထိုးပေးရသည်။ ဆေးထိုးပြီး (၁၅) မိနစ်ခန့် စောင့်ကြည့်ရမည်။ အနည်းငယ်နာကျင်သည်မှလွဲ၍ ဓာတ်မတည့်သည့် ပြဿနာများ ရှားပါးသည်။
ဘီစီဂျီကာကွယ်ဆေး မထိုးသင့်သောရောဂါ၊ အခြေအနေများ
- မွေးရာပါ ကိုယ်ခံအားချို့တဲ့သောရောဂါ (primary immunodeficiency disorders)
- အေအိုင်ဒီအက်စ်ရောဂါ
- ကိုယ်ခံအားကျဆင်းစေသည့် ဆေးများသောက်သုံးနေရခြင်း
- ပေါင်မပြည့် လမစေ့ဘဲ မွေးသော ကလေးများ (သို့သော် သတ်မှတ်ထားသည့် ကိုယ်အလေးချိန် (၂) ကီလိုဂရမ်ထက် ကျော်လာလျှင် ထိုးနိုင်သည်)
- တီဘီရောဂါအတွက် အရေပြားစစ်ဆေးသော T-test အဖြေတွင် positive ထွက်သော ကလေးများတွင် ဘီစီဂျီ မထိုးသင့်ပေ။
ကာကွယ်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် နောက်ဆက်တွဲဆိုးကျိုးမရှိပါ။ သို့သော် ကာကွယ်ဆေးအားလုံးတွင် တွေ့လေ့ရှိသော အောက်ပါ သာမန်နောက်ဆက်တွဲပြဿနာများကို တွေ့ရနိုင်သည်။
- ကိုယ်ပူနိုင်သည်။ အထူးသဖြင့် ဆေးထိုးပြီး (၁၂) နာရီအတွင်း စပူတတ်ပြီး နှစ်ရက်ခန့်အထိ ကြာတတ်သည်။
- ဆေးထိုးပြီး (၄၈) နာရီအတွင်း သာမန်ထက်အိပ်ချိန်ပိုနိုင်သည်။ သို့သော် ပုံမှန်နို့စို့နိုင်လျှင် စိုးရိမ်ရန် မလိုအပ်ပါ။
ဘီစီဂျီကာကွယ်ဆေး ထိုးပြီးသည့်နောက် ထိုးသောနေရာတွင် နီရဲနေတတ်ပြီး အဖုပုံစံပေါ်လာတတ်သည်။ ထို့နောက် (၂) ပတ်မှ (၆) ပတ်ခန့်အတွင်း ပြည်ဖုပုံစံ ပြောင်းသွားတတ်ပြီး တဖြည်းဖြည်းနှင့် ပြန်ခြောက်လာတတ်သည်။ တစ်ခါတစ်ရံ လနှင့်ချီ၍ ကြာမြင့်တတ်သည်။ သုံးလခန့်အကြာတွင်မူ အမာရွတ်အနေနှင့်သာ ကျန်တတ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်၏ ပုံမှန်တုံ့ပြန်မှုကြောင့်ဖြစ်ပြီး စိုးရိမ်ရန်မလိုပေ။
အများစုတွင် အနီဖု၊ ပြည်ဖု၊ နောက်ဆုံးအမာရွတ်အထိ အဆင့်ဆင့်ဖြစ်သော်လည်း အချို့ကလေးများတွင် အမာရွတ်ကျန်လေ့မရှိပါ။ အမာရွတ်မရှိခြင်းကြောင့် ကာကွယ်ဆေး အာနိသင်မထိရောက်ဟု သတ်မှတ်၍မရနိုင်ပါ။ နောက်ထပ်တစ်ကြိမ် ထိုးရန်လည်း မလိုအပ်ပါ။
အိမ်တွင်ကုသနည်းများ
အောက်ပါ ကုသနည်းများကို ဘီစီဂျီသာမက မည်သည့်ကာကွယ်ဆေးမဆို ထိုးပြီးချိန်တွင် လိုက်နာနိုင်သည်။
- ကာကွယ်ဆေးထိုးပြီးလျှင်မိခင်နို့ မကြာခဏ တိုက်ပေးပါ။ မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အနာအကျင်ပျောက်ဆေးဖြစ်သည်။
- ဖျားလျှင်၊ နာလျှင် ပါရာစီတမော တိုက်ပေးနိုင်သည်။
- ဆေးထိုးထားသောနေရာ အနာဖြစ်နေစဉ်အတွင်း
- သန့်ရှင်းသော ရေအေးဖတ် ကပ်ပေးနိုင်သည်။
- အနာကို သန့်သန့်ရှင်းရှင်း ထားပါ
- ကလေးကိုလည်း ရေချိုးပေးပါ။ အနာအပေါ်ယံကို ပိုးသတ်ထားသော ဂွမ်းနှင့် ဘီတာဒိုင်း (betadine) ဆေးကို သုံးပြီး ညင်ညင်သာသာ သန့်ရှင်းရေး ပြုလုပ်ပေးပါ
- အနာကို မညှစ်ရ၊ လိမ်းဆေးများ မလိမ်းရ၊ ပလတ်စတာများ မကပ်ရပါ
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
- ဘီစီဂျီကာကွယ်ဆေး ထိုးထားသည့် ဘယ်လက်မောင်းနေရာ၌ ကြီးမားသော ပြည်တည်နာ (အနာစိမ်း) ပေါက်ခြင်း (သို့မဟုတ်) ပြည်ပေါက်ထွက်ခြင်းများ ရှိခြင်း
- ဘယ်ဘက်လက်မောင်းအောက် ချိုင်းကြားတွင် နာကျင်၍ လက်ဖြင့် စမ်းကြည့်လျှင် အကျိတ်ဂလင်းများ ရောင်ရမ်းနေခြင်း
မိသားစုဆရာဝန်မှ စစ်ဆေးစမ်းသပ်မှုများပြုလုပ်၍ ကုသမှုပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
References:
- Bacille Calmette-Guérin (BCG) Vaccine for Tuberculosis. (2024). Tuberculosis (TB). Retrieved June 10, 2024, from https://www.cdc.gov/tb/hcp/vaccines/index.html#:~:text=Bacille%20Calmette-Gu%C3%A9rin%20(BCG)%20is%20a%20vaccine%20for%20tuberculosis%20(TB)%20disease.
- Website, N. (2024). BCG vaccine for tuberculosis (TB). nhs.uk. Retrieved June 10, 2024, from https://www.nhs.uk/vaccinations/bcg-vaccine-for-tuberculosis-tb/#:~:text=BCG%20vaccine%20for%20tuberculosis%20(TB)%20The%20BCG%20(Bacillus%20Calmette-Gu%C3%A9rin)%20vaccine
- Kids Health Info : BCG vaccine for TB. (n.d.). Retrieved June 10, 2024, from https://www.rch.org.au/kidsinfo/fact_sheets/BCG_vaccine_for_TB/#:~:text=The%20Bacillus%20Calmette%E2%80%93Gu%C3%A9rin%20(BCG)%20vaccine%20is%20used%20to%20prevent%20tuberculosis
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.