မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ကျန်းမာရေး နှင့် ဖွံ့ဖြိုးမှုအတွက် အထိရောက်ဆုံးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မိခင်နို့သည် ကလေးငယ်များအတွက် သန့်ရှင်းသော၊ စိတ်ချရသော အကောင်းဆုံး အစာအာဟာရ ဖြစ်သည်။
မိခင်နို့သည် ကလေးငယ် မွေးစမှ အသက် (၆)လ အတွင်း လိုအပ်သော အစာ၊ အာဟာရ၊ စွမ်းအင် အားလုံးကို ထောက်ပံ့ပေးစွမ်းနိုင်သည်။ မိခင်နို့သည် အသက် (၁)နှစ်အရွယ် ကလေးငယ်များ လိုအပ်သော အစာအာဟာရ၏ တစ်ဝက်နီးပါးခန့် နှင့် (၂)နှစ်အရွယ် ကလေးငယ်များအတွက် သုံးပုံတစ်ပုံခန့်အထိ ထောက်ပံ့ပေးစွမ်းနိုင်ကြောင်း တွေ့ရှိရသည်။
မိခင်နို့တိုက်ကျွေးရာတွင် မိခင်နှင့်ကလေးတို့၏အနေအထား
မိခင်နို့ကို ထိရောက်စွာတိုက်ကျွေးနိုင်ရန် ကိုယ်နေဟန် အနေအထား မှန်ကန်စွာဖြင့် တိုက်ကျွေးခြင်းသည် အရေးကြီးသည်။ သို့မှသာ နို့တိုက်နေစဥ် ကာလတစ်လျှောက်လုံး မိခင်ရော၊ ကလေးပါ သက်တောင့်သက်သာဖြင့် ထိရောက်စွာ တိုက်ကျွေးနိုင်မည်ဖြစ်သည်။ မိခင်နို့ကို အချိန်ကြာကြာနှင့် အောင်မြင်စွာ တိုက်ကျွေးနိုင်ပြီး မိခင်နို့ နာကျင်ခြင်းကိုလည်း လျော့နည်းစေနိုင်သည်။
- မိခင်မှ သက်တောင့်သက်သာနှင့် ကြာရှည်စွာနို့တိုက်နိုင်မည့် အနေအထားတွင်ထိုင်ပါ
- ကလေး၏ နှာခေါင်းနှင့် မိခင်၏ နို့သီးခေါင်းသည် ကပ်လျက်အနေအထားတွင် ထားရှိရမည်
- ထို့နောက် ကလေး၏ အောက်နှုတ်ခမ်းနှင့် မိခင်၏ နို့သီးခေါင်းတို့ ထိတွေ့ပေးပါ။ သို့မှသာ ကလေး၏ ပါးစပ်ဟလာလိမ့်မည်
- ကလေးပါးစပ် အကျယ်ဆုံး ဟလာချိန်တွင် မိခင်၏ တခြားလက်တစ်ဖက်မှ လက်ချောင်းကလေးများကို ” C ” (သို့မဟုတ်) “ U “ ပုံသဏ္ဍာန်အနေအထားဖြင့် သားမြတ်ကိုကိုင်ပြီး ကလေးပါးစပ်ထဲသို့ သားမြတ်၏ အမည်းကွင်းဝင်အောင် ထည့်ပေးရမည်
- ကလေး၏လျှာသည် မိခင်သားမြတ်အသား၏ ပတ်ပတ်လည်ကို ဝိုင်းပတ်ထားသောပုံစံ ရှိရပါမည်
ထို့နောက်တွင် အနေအထား (position) မှန်ကန်စွာ ပွေ့ချီထားခြင်း ရှိမရှိကို စစ်ဆေးရမည်။- ကလေး၏ ဦးခေါင်း နှင့် ခန္ဓာကိုယ်သည် တစ်ဖြောင့်တည်း ဖြစ်နေရပါမည် (ကလေး၏ နားရွက်၊ ပခုံး၊ တင်ပါးတို့သည် မျဉ်းတစ်ဖြောင့်တည်း အနေအထား ဖြစ်ရမည်)
- ကလေး၏ မျက်နှာနှင့် မိခင်၏ သားမြတ်သည် မျက်နှာချင်းဆိုင် အနေအထား တွင်ရှိရမည်
- ကလေး၏ ခန္ဓာကိုယ် (ရင်ဘတ်) နှင့် မိခင် ခန္ဓာကိုယ် (ဝမ်းဗိုက်) တို့သည် နီးကပ်စွာရှိနေရမည်
- မိခင်၏ လက်တစ်ဖက်သည် ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပင့်မပြီး ထိန်းထားပေးသည့် အနေအထား ဖြစ်ရမည်။
ထို့နောက် နို့ငုံကောင်းခြင်း (attachment) လက္ခဏာများ ရှိမရှိ စစ်ဆေးကြည့်ရှုရမည်။
- ကလေး၏ ပါးစပ်သည် ကျယ်ကျယ်ဟနေရမည်
- ကလေး မေးစေ့နှင့် မိခင် သားမြတ် တို့သည် ထိကပ်နေရမည်
- ကလေး၏ အောက်နှုတ်ခမ်းသည် အပြင်ကိုလန်နေရမည်
- မိခင်သားမြတ်ရှိ အမဲကွင်းတစ်ခုလုံးသည် ကလေးပါးစပ်တွင် ငုံထားသော အခြေအနေ ဖြစ်ရမည်
- ကလေးသည် နို့စို့ယူခြင်း၊ နားခြင်း၊ မျိုချခြင်းစသောအဆင့်များကို စည်းချက်ကျကျ ပြုလုပ်နေနိုင်လျှင် ထိရောက်စွာ နို့စို့နိုင်သောလက္ခဏာ ဖြစ်သည်
အထက်ပါ အနေအထားများဖြင့် နို့တိုက်ပါက မိခင်သည် နာကျင်မှုမရှိဘဲ သက်တောင့်သက်သာ ရှိနေပြီး ကလေးလည်း ကျေနပ်တင်းတိမ်နေသည်ကို တွေ့ရလိမ့်မည်။
နို့တိုက်ကျွေးသော မိခင်များတွင် တွေ့ကြုံလာနိုင်သည့် ပြဿနာများကို ဖြေရှင်းခြင်း
- နို့ထွက်နည်းခြင်း
မိခင်တစ်ယောက်သည် မိမိကလေးငယ်အတွက် မိခင်နို့ လုံလောက်စွာ ထုတ်ပေးနိုင်ခြင်း မရှိဟု ခံစားရသောအခါ စိတ်ပျက်အားငယ် ဝမ်းနည်းမှုများ ကြုံတွေ့ရနိုင်သည်။ ထိုသို့ဖြစ်လျှင် မိခင်နို့ ထွက်ရန် ပို၍ခက်ခဲတတ်သောကြောင့် စိတ်ကို ဖြေလျော့ထားရန်လိုအပ်သည်။ မွေးပြီးပြီးချင်းအချိန်တွင်ထွက်သော နို့ရည်ကြည်သည် ပမာဏနည်းသော်လည်း ကလေးငယ်အတွက် လိုအပ်သော အာဟာရများ၊ ရောဂါကာကွယ်သော ပဋိပစ္စည်းများ ပါသောကြောင့် ထွက်သလောက်ကိုတိုက်ရန် လိုအပ်သည်။
တွေ့ရများသော နို့ထွက်နည်းခြင်း အကြောင်းရင်းများမှာ
- မိခင်နို့ စတိုက်ရန် နောက်ကျခြင်း
- မိခင်နှင့် ကလေးကြား အသားချင်းထိတွေ့မှု မရှိခြင်း၊ နည်းပါးလွန်းခြင်း
- မိခင်သားမြတ်နှင့် ကလေးပါးစပ် ထိကပ်မှု မမှန်ခြင်း
- နို့တိုက်ချိန် ပုံသေသတ်မှတ်ထားခြင်း
- နို့တိုက်ချိန် နည်းခြင်း၊ ဝေးလွန်းခြင်း၊ ညဘက်တွင် နို့မတိုက်ခြင်း
- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု ရှိခြင်း
- ကလေးနှင့် သံယောဇဉ် မရှိခြင်း
- မိခင်နို့တိုက်ခြင်းကို ကြိုက်နှစ်သက်မှု မရှိခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- မီးဖွားပြီးကြုံတွေ့ရသော ပြဿနာများ (ဥပမာ – ဆီးချိုရောဂါ) ရှိခြင်း စသည်တို့ဖြစ်သည်။
နို့ထွက်နည်းခြင်းကိုကာကွယ်ရန် — - ကလေးမီးဖွားပြီးသည်နှင့် အစောဆုံး မိခင်နှင့် ကလေးခန္ဓာကိုယ် အရေပြားချင်း ထိကပ်စေပြီး နာရီပိုင်းအတွင်း အမြန်ဆုံး မိခင်နို့စတိုက်ရမည်
- ထိကပ်မှု မှန်ကန်စွာဖြင့် ငုံပြီး ထိရောက်စွာနို့စို့တတ်စေရန် ကျွမ်းကျင်သော သားဖွားဆရာမ၊ သူနာပြုဆရာမ၊ ဆရာဝန်များထံမှ အကူအညီ ရယူရမည်
- ကလေး အသက် (၆)လထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရမည်
- နို့တင်းလွန်းခြင်း
မိခင်သည် နို့တင်းလွန်းခြင်းကြောင့် စိတ်မသက်မသာဖြစ်ပြီး နာကျင်မှုကို ခံစားရတတ်သည်။ နို့တင်းလွန်းသော ရင်သားသည် ရောင်ရမ်းတင်းမာပြီး သားမြတ်အရေပြားနီရဲနေတတ်သည်။ နို့ထွက်နိုင်ခြင်းမရှိဘဲ အဖျားရှိနေနိုင်သည်။
နို့တင်းလွန်းခြင်း အကြောင်းရင်းများမှာ —
- မိခင်သားမြတ်နှင့် ကလေးပါးစပ် ထိကပ်မှု မမှန်ခြင်း
- မိခင်နို့စတိုက်ရန် နှောင့်နှေးခြင်း
- မကြာခဏ နို့ညှစ် မထုတ်ခြင်း
- နို့တိုက်ရန်ကြာချိန် အတိအကျသတ်မှတ်ထားခြင်း
နို့တင်းလွန်းခြင်းကို ကာကွယ်ရန် — - နို့ကို မကြာခဏ လက်ဖြင့် (သို့မဟုတ်) စက်ဖြင့် ညှစ်ထုတ်၍ နို့ကို စောစော စတိုက်ရမည်
- မိခင်သားမြတ်နှင့် ကလေးပါးစပ် ထိကပ်မှုမှန်စွာ တိုက်ရမည်
- မီးဖွားပြီး အစောဆုံး မိခင်နို့စတိုက်ရမည်
- နို့တိုက်ချိန် ကန့်သတ်မထားဘဲ နို့တိုက်ရမည်
- နို့သီးခေါင်းကွဲခြင်း
နို့သီးခေါင်းကွဲခြင်း၊ နာခြင်းသည် နို့တိုက်စဉ် ထိကပ်မှုမမှန်ခြင်းကြောင့်ဖြစ်ပြီး အနေအထား နှင့် ထိကပ်မှုမှန်ကန်စွာဖြင့် နို့တိုက်ကျွေးရန် လိုအပ်သည်။ နို့တိုက်ပြီး ညှစ်ထားသောနို့ရည်ဖြင့် သုတ်လိမ်းပေးခြင်းသည်လည်း နာကျင်မှုကို သက်သာစေသည် ။
နို့သီးခေါင်း တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံး အက်ကွဲစပြုပြီး သွေးထွက်လာလျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသရမည်။ - နို့ကြောင်းပိတ်၍ သားမြတ်ရောင်ခြင်း
မိခင်နို့သည် သားမြတ်ထဲရှိ နို့ရည်ပြွန်များထဲသို့ စီးဆင်းပြီး ကလေးငယ်ဆီ ရောက်ရှိလာသည်။ ထို့ကြောင့် တခါတရံ နို့လမ်းကြောင်းပိတ်ခြင်းကြောင့် နို့ရည် အလွယ်တကူ မစီးဆင်းနိုင်ဘဲ နာကျင်မှု ခံစားရတတ်သည်။ ထို့သို နာကျင်မှု ခံစားရသောအခါ နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ တတ်ကျွမ်းသော သားဖွားဆရာမ၊ ဆရာဝန်တို့ဖြင့် ဆွေးနွေးတိုင်ပင်ရမည်။
နို့ကြောင်းပိတ်၍ သားမြတ်ရောင်ခြင်းဖြစ်စေသောအကြောင်းရင်းများ —
- နို့တိုက်ချိန် နည်းခြင်း၊ မကြာခဏ နို့မတိုက်ခြင်း
- တင်းလွန်းသောနို့ကို မကြာခဏ စနစ်တကျ မညှစ်ထုတ်ခြင်း
- သားမြတ်တစ်ရှူး ပျက်စီးနေခြင်း
- ကွဲနေသောနို့သီးခေါင်းမှတဆင့် ဘတ်တီးရီးယားပိုး ဝင်ရောက်ခြင်း
နို့ကြောင်းပိတ်၍ သားမြတ်ရောင်ခြင်း နာကျင်ခြင်းမှ သက်သာစေရန် — - မကြာခဏ နို့တိုက်ပေးရမည်
- နို့ကို မကြာခဏ ညှစ်ထုတ်ပေးရမည်
- မိခင်သားမြတ်နှင့် ကလေးပါးစပ် ထိကပ်မှု မှန်ကန်ရမည်
- နာကျင်သည့်နေရာကို ရေနွေးအိတ်ကပ်နိုင်သည်
- ရင်သားမှ နို့သီးခေါင်းဘက်သို့ ဖြေးဖြေးချင်း နှိပ်နယ်ပေးရမည်
- ချောင်ချိသော အဝတ်အစားများဝတ်ဆင်ရမည်
- နို့တိုက်သော အနေအထား အမျိုးမျိုး ပြောင်းကြည့်ရမည်
မိခင်နို့တိုက်ကျွေးရာတွင် မိခင်များသည် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် မိခင်နို့တိုက်နေစဉ် ကာလတစ်လျှောက်လုံးတွင် မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများမှ အားပေးကူညီရမည်။
ထို့အပြင် မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ စိုးရိမ်စရာကိစ္စများနှင့် ကြုံရသောအခါတွင် သားဖွားဆရာမ၊ သူနာပြုဆရာမ၊ ဆရာဝန်တို့နှင့် မေးမြန်းတိုင်ပင်ရန်လိုအပ်သည်။
မိခင်နို့တိုက်ကျွေးခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများ
ကလေးများအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ —
- ကလေးငယ်အတွက် လိုအပ်သော ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်များအတွက် အရေးကြီးသောနေရာမှ ပါဝင်ခြင်း
- ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသော ပဋိပစ္စည်း များစွာပါဝင်သောကြောင့် ကလေးငယ်၏ကိုယ်ခံအားကောင်းလာခြင်း
- ကလေးငယ်များတွင် (အထူးသဖြင့် အသက် (၅) နှစ်အောက်တွင်) အဖြစ်များသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကို လျှော့ချပေးခြင်း
- ကလေးငယ်၏ ဦးနှောက်မှတ်ဉာဏ်ကို ဖွံ့ဖြိုးစေခြင်း
- မိခင်နို့ ကောင်းမွန်စွာ တိုက်ကျွေးခဲ့သော ကလေးများသည် အသက်ကြီးသောအခါ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ဖြစ်ခြင်းတို့ကို လျှော့ချပေးခြင်း
- ကလေးနှင့်မိခင်ကြား ပိုမိုရင်းနှီးလာခြင်း
မိခင်တွင်ရရှိသော အကျိုးကျေးဇူးများမှာ —
- မီးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော သွေးသွန်ခြင်းကို ကာကွယ်ပေးခြင်း
- မိခင်တွင် သဘာဝအလျောက် ကိုယ်ဝန်တားစေခြင်း
- ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အရိုးပွခြင်းတို့ကို လျှော့ချပေးခြင်း
- မိခင်နို့သည် သဘာဝအလျောက်ရသည့်အတွက် ငွေကြေးကုန်ကျမှုမရှိခြင်း
- မိခင်တွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါဖြစ်ပွားမှုကိုလျော့ကျနိုင်ခြင်း
မိခင်နို့သည် မီးဖွားပြီး အစောဆုံးတိုက်ကျွေးသင့်သော်လည်း အချို့အခြေအနေများတွင် ရှောင်ရှားသင့်သည်။
လုံးဝ ရှောင်ရှားရမည့် အခြေနေများ
- မိခင်သည် ရောဂါကြောင့် ဓါတ်ရောင်ခြည်ပြ၍ဆေးကုသနေရခြင်း
- မိခင်သည် ရောဂါကြောင့် ကင်ဆာဆေးသောက်နေရခြင်း
- ကလေးကို ထိခိုက်စေနိုင်သော ဆေးဝါးများ သောက်သုံး၍ ဆေးကုသနေရခြင်း
မိခင်နို့တိုက်ရန် သတိထားသင့်သော အခြေအနေများမှာ –
- မိခင်သည် HIV/AIDS ကူးစက်ခံထားရပါက ဆရာဝန်နှင့် တိုင်ပင်၍ မိခင်နို့ တိုက်မတိုက် ဆွေးနွေးသင့်သည်။
- မိခင်သည် အကြောင်းတစုံတရာကြောင့် စိတ်ကျန်းမာရေးချို့ယွင်းနေလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
ကလေးငယ်တွင်မိခင်နို့စို့ရန်အခက်အခဲရှိသောအခြေအနေများ
အောက်ဖော်ပြပါအခြေအနေများသည် မိခင်နို့စို့ရန် အခက်အခဲရှိသော အခြေအနေများဖြစ်သည်။ ၎င်းအခြေအနေများမှာ
- ပေါင်မစေ့၊ လမစေ့ ကလေးများ
- အရေးပေါ်ကုသမှုခံယူနေသောကလေးများ
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ
- အူလမ်းကြောင်း ပြဿနာရှိသော ကလေးများ
- အပြင်အလုပ်လုပ်သော မိခင်၏ကလေးများ
- အရက်နှင့် စိတ်ကိုစွဲလမ်းစေသောဆေးများ သုံးစွဲသည့် မိခင်၏ကလေးများ
တချို့သောအခြေအနေများတွင် မိခင်နို့ကို လက်ဖြင့်ညှစ်၍ဖြစ်စေ၊ စက်ဖြင့်ညှစ်၍ဖြစ်စေ ပြုလုပ်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ကျွေးနိုင်သည်။
လက်ဖြင့်မိခင်နို့ရည်ညှစ်ခြင်း
လက်ဖြင့်နို့ရည်ညှစ်ခြင်းသည် အသုံးဝင်သောနည်းလမ်းဖြစ်သောကြောင့် မိခင်တိုင်း လေ့လာသင်ယူရန်လိုသည်။ နို့ညှစ်ကိရိယာကို အသုံးပြု၍လည်းရနိုင်သည်။ သို့သော် လက်ဖြင့်ညှစ်ခြင်းသည် နို့ရည်ကိုပို၍ထွက်စေသည်။ လက်ဖြင့် မိခင်နို့ရည်ညှစ်ပုံ အဆင့်ဆင့်မှာအောက်ပါအတိုင်းဖြစ်သည်။ ဖိ၊ ညှစ်၊ လျှော့ ပုံစံဖြင့် ညှစ်ရမည်။
- လက်ကို ဆပ်ပြာနှင့်ဆေးပါ။
- နို့ထည့်မည့်ခွက်ကို သေချာစွာ ဆေးကြောသန့်စင်ပါ။
- မိခင်သည် သက်တောင့်သက်သာရှိသော အနေအထားတွင်ထိုင်ပါ။
- သားမြတ်တင်းနေပါက ညင်သာစွာနှိပ်နယ်ပေးပါ သို့မဟုတ် နွေးသောအဝတ်ဖြင့် အုပ်၍ နှိပ်နယ်ပေးပါ။
- သားမြတ်၏ အမဲကွင်းအပေါ်တွင် လက်မကိုထား၍ ကျန်လက်ချောင်းများကို အောက်တွင်ထားကာ“ C “ ပုံစံကိုင်ပါ။
- ထိုအနေအထားဖြင့် ရင်ရှိရာဘက်သို့ နောက်ပြန် ဖိနှိပ်ပါ။
- လက်မနှင့် လက်ချောင်းများကို အသုံးပြု၍ သားမြတ်ကို ဖိညှစ်ပါ။
- ဖိညှစ်ထားသောအားကို ပြန်လျှော့ကျ၍ ဖိ၊ ညှစ်၊ လျှော့ ပုံစံဖြင့် စည်းချက်ကျကျ ပြုလုပ်၍ ညှစ်ပါ။
- သားမြတ်တစ်ခုကို ဘယ်မှညာ၊ ညာမှဘယ်ဖြင့် တစ်လှည့်စီညှစ်ပါ။
- ထို့နောက် သားမြတ် နောက်တစ်ခုသို့ပြောင်း၍ ပုံစံအတိုင်းညှစ်ပါ။
- နို့သီးခေါင်းကို ညှစ်ခြင်း မပြုရပါ။
- ညှစ်ထားသောနို့များသည် အခန်းအပူချိန်တွင် (၂) နာရီကျော်ပါက စွန့်ပစ်ရန်လိုသည်။
မိခင်နို့တိုက်ကျွေးသောမိခင်၏အာဟာရ
မိခင်နို့တိုက်သော မိခင်များသည် နို့တိုက်နေစဉ်တွင် အစာအာဟာရစုံလင်စွာ စားသောက်ရန်လိုသည်။ သို့မှသာ မိခင်ရော ကလေးပါ အာဟာရပြည့်ဝ၍ ရောဂါကင်းရှင်းမည်။
- နို့တိုက်မိခင်သည် အစာအုပ်စုအကုန်လုံးကို သင့်တင့်မျှတစွာစားရန်လိုသည် (ဥပမာ-အသီးအနှံ၊ အသား၊ ဆန်၊ ဂျုံ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး စသည်)။
- အာဟာရှိသော အရည်များကို သောက်ရန်လိုသည် (ဥပမာ- အသားပြုတ်ရည်များ၊ အသီးဖျော်ရည်များ)။
- ပူစပ်လွန်း၊ ငန်လွန်း၊ ချိုလွန်းသော၊ သကြားဓာတ် များလွန်းသော အစာများ၊ အသင့်စားအစာများ စသည်တို့ကို အသင့်အတင့်သာစားရမည်၊ လျှော့စားနိုင်လျှင် ပို၍ ကောင်းသည်။
- အစားအစာများကို သေချာစွာချက်ပြုတ်၍ စားသောက်ရန်လိုသည်၊ မကျက်တကျက်စားခြင်း၊ အစိမ်းစားခြင်းများ မပြုလုပ်ရပါ။
- ကဖိန်းဓာတ်များသော အစားအစာများ (ဥပမာ-ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်များ)နှင့် အရက်၊ ဘီယာသောက်သုံးခြင်းများ မပြုရပါ။
- မာကျူရီဓါတ်များသော ပင်လယ်ငါးများ၊ ငါးခြောက်များကို မစားသင့်ပါ။
References:
- Professional, C. C. M. (2023). Benefits of Breastfeeding. Cleveland Clinic. Retrieved June 10, 2024, from https://my.clevelandclinic.org/health/articles/15274-benefits-of-breastfeeding
- Hand Expression. (2024). Infant and Child Feeding in Emergencies. Retrieved June 10, 2024, from https://www.cdc.gov/infant-feeding-emergencies-toolkit/php/hand-expression.html
- Expressing breast milk by hand – Start for Life. (n.d.). nhs.uk. Retrieved June 10, 2024, from https://www.nhs.uk/start-for-life/baby/feeding-your-baby/breastfeeding/expressing-your-breast-milk/expressing-breast-milk-by-hand/#how-to
- Maternal Diet and Breastfeeding. (2024). Breastfeeding Special Circumstances. Retrieved June 10, 2024, from https://www.cdc.gov/breastfeeding-special-circumstances/hcp/diet-micronutrients/maternal-diet.html#:~:text=Breastfeeding%20mothers%20generally%20need%20more,amount%20they%20consumed%20before%20pregnancy
- UNICEF. (n.d.). 5 common breastfeeding problems. Retrieved June 10, 2024, from https://www.unicef.org/parenting/food-nutrition/5-common-breastfeeding-problems
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.