ကလေးအသက် ပထမ(၃)နှစ်အရွယ်သည် ကလေး၏ ဖွံ့ဖြိုးမှု၊ အသိဥာဏ်၊ အမူအကျင့်၊ ကျန်းမာရေး စသည်တို့အတွက် အခြေခံကောင်းများရရှိအောင် ဦးနှောက်အာရုံကြောများ အစိတ်အပိုင်းများကို ပြုပြင်ပြောင်းလဲပေးနိုင်သည့် အချိန်ကောင်းဖြစ်သည်။ ကလေး အသက်ကြီးလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲပေးနိုင်ရန် ခက်ခဲလာမည်။ ကလေးငယ်၏ အစောပိုင်းကာလတွင် စောစီးစွာ လေ့ကျင့်သင်ကြားပေးနိုင်ပါက၊ ကလေးငယ် အတွက် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားခြင်းဖြစ်နိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာနိုင်သည်။
ကလေးငယ်များအား စောစီးစွာလေ့ကျင့်သင်ကြားခြင်းသည် ကလေးအသက် ပထမ (၃) နှစ် အရွယ်အတွင်း လေ့ကျင့်သင်ကြားခြင်းဖြစ်ပြီး စာရေး၊ စာဖတ် စသည်တို့ကို သင်ကြားခြင်းမဟုတ်ပါ။ ကလေး၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စကားပြော၊ အပြန်အလှန်ဆက်သွယ်မှု၊ အမူအကျင့်စသည့် နိစ္စဓူဝ လိုအပ်ချက်များကို လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသို့လေ့ကျင့်ခြင်းသည် ကလေးငယ်အားလုံး အထူးသဖြင့် အောက်ပါအုပ်စုများတွင် ပါဝင်သော ကလေးများနှင့် မိသားစုများအတွက် ထောက်ပံ့ကူညီပေးနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုဖြစ်သည်။
စောစီးစွာလေ့ကျင့်သင်ကြားခြင်း ပြုလုပ်ပေးရမည့် ကလေးငယ်များ
- ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်မည့် ရောဂါအခြေအနေများ ရှိနေသောအုပ်စု (ဥပမာ- မွေးဖွားစဉ်က ခက်ခဲခဲ့သော ကလေးများ၊ လမစေ့ပေါင်မပြည့်ဘဲ မွေးခဲ့သော ကလေးများ၊ ဗီဇဆိုင်ရာ ရောဂါများရှိသောကလေးများ)
- တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အထွေထွေဖွံ့ဖြိုးမှု နောက်ကျနေသော ကလေးများ
- မသန်စွမ်းဖြစ်နေသော ကလေးများ
- အမြင်အာရုံ၊ အကြားအာရုံနှင့် အသိဉာဏ်ချို့တဲ့နေသောကလေးများ
စောစီးစွာလေ့ကျင့်သင်ကြားမှုပေးနိုင်ရန် လိုအပ်ချက်များ
- ကလေးပြုစုစောင့်ရှောက်တတ်ပြီး ကလေးလိုအပ်သည့်အချိန် တုံ့ပြန်မှုပေးနိုင်သည့် မိဘ (သို့မဟုတ်) ပြုစုစောင့်ရှောက်သူ
- ကလေးငယ်အတွက် လုံခြုံစိတ်ချရပြီး အထောက်အကူများ ပေးနိုင်သည့် ပတ်ဝန်းကျင်
- လုံလောက်သောအာဟာရတို့ဖြစ်သည်။
စောစီးစွာလေ့ကျင့်သင်ကြားခြင်း အမျိုးအစားများ
- အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်သင်ကြားခြင်း
- စကားပြော လေ့ကျင့်သင်ကြားခြင်း
- နိစ္စဓူဝ လိုအပ်ချက်များကို ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားခြင်း
- ကလေး အမူအကျင့်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း
- ကလေးငယ် လိုအပ်ချက်အလိုက် အခြားသော လေ့ကျင့်သင်ကြားခြင်းများ
- မိဘများကိုယ်တိုင် မိမိကလေးငယ်ကို လေ့ကျင့်သင်ကြားပေးနိုင်အောင် မိဘများကို လေ့ကျင့်သင်ကြားခြင်း (Parent training)
စောစီးစွာလေ့ကျင့်သင်ကြားခြင်းကိုရရှိသည့် ကလေးငယ်များအတွက် အကျိုးကျေးဇူးများ
- ကလေးဖွံ့ဖြိုးမှုမှတ်တိုင် အသစ်များကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်း
- ကျန်းမာရေး ကောင်းမွန်ခြင်း
- ဘာသာစကားပြောဆိုခြင်းနှင့် ဆက်သွယ်မှုစွမ်းရည် တိုးတက်ခြင်း
- မှတ်ဉာဏ်ဖွံ့ဖြိုးမှု တိုးတက်ခြင်း
- လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုအပိုင်း ဖွံဖြိုးတိုးတက်ခြင်း
- အခက်အခဲများကို ကျော်လွှားနိုင်ခြင်း
- ကလေးငယ်၏ အစောပိုင်း ကာလများတွင်သာမက ကလေးငယ်ဘဝ တစ်လျှောက်လုံးအတွက်ပါ မိသားစုသည် မိမိ၏ကလေးငယ် အထူးလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ခြင်း
- လူမှုအသိုင်းအဝိုင်းတွင်လည်း လူမှုစီးပွားဝန်ထုပ်ဝန်ပိုး လျှော့ချပေးနိုင်ခြင်း
- အထူးစောင့်ရှောက်မှုပေးရသော ကလေးများ၏ ပညာသင်ကြားရေး (special education) လိုအပ်ချက် လျှော့ချပေးနိုင်ခြင်း
မိဘများအနေဖြင့် မိမိကလေးငယ်သည် စောစီးစွာလေ့ကျင့်သင်ကြားခြင်းကို ခံယူပါက ကလေးငယ် ကြီးပြင်းလာသည့်အချိန်တွင်လည်း အထူးစောင့်ရှောက်မှုပေးရသော ကလေးများ ပညာသင်ကြားရေး (special education) ကို ဆက်လက်သင်ကြားရမည်ဟု သတ်မှတ်ထား၍မရပါ။ အထွေထွေဖွံ့ဖြိုးမှု တိုးတက်လာသောကြောင့် ပုံမှန်ပညာရေး (mainstream education) ဖက်သို့ ကူးပြောင်းလာနိုင်သော ကလေးများစွာရှိသည်။
References:
- What is “Early Intervention” and is my child eligible? (2018). Centers for Disease Control and Prevention. Retrieved June 10, 2024, from https://www.cdc.gov/ncbddd/actearly/parents/states.html
- Learn the Signs. Act Early. (2024). Centers for Disease Control and Prevention. Retrieved June 10, 2024, from https://www.cdc.gov/ncbddd/actearly/whyactearly.html
- Parlakian, R. (2023). What You Need to Know: Early Intervention | ZERO TO THREE. ZERO TO THREE. Retrieved June 10, 2024, from https://www.zerotothree.org/resource/what-you-need-to-know-early-intervention/
- The Importance of Early Intervention for Infants and Toddlers With Disabilities and Their Families | Frank Porter Graham Child Development Institute. (n.d.). Retrieved June 10, 2024, from https://fpg.unc.edu/publications/importance-early-intervention-infants-and-toddlers-disabilities-and-their-families
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.