Formula feeding (ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း)

Formula feeding (ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း)

မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သွေးငယ်များအတွက် အာဟာရ အဖြစ်ဆုံးဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့တိုက်ကျွေးရန် အခက်အခဲရှိသော အခြေအနေများတွင် ဖော်မြူလာနို့မှုန့် တိုက်ရန် လိုအပ်လာနိုင်သည်။ ဖော်မြူလာနို့မှုန့် ဆိုသည်မှာ မိခင်နို့နှင့် အနီးစပ်ဆုံး ပြုလုပ်ပြင်ဆင်ထားသော၊ သန့်စင်သော နို့မှုန့်ဖြစ်သည်။ ဖော်မြူလာ နို့မှုန့်များကို နွားနို့၊ ဆိတ်နို့၊ ပဲနို့ တို့ကိုအခြေခံ၍ထုတ်လုပ်ထားပြီး အသက်အရွယ်အလိုက်တိုက်ကျွေးရမည့် ဖော်မြူလာနို့ မှုန့် အမျိုးအစားများစွာရှိသည်။

မိခင်နို့ တိုက်ကျွေးရန် အခက်အခဲရှိသော အခြေအနေများမှာ
  1. မိခင်သည် ရောဂါကြောင့် ဓါတ်ရောင်ခြည်ပြ၍ ဆေးကုသနေရခြင်း
  2. မိခင်သည် ရောဂါကြောင့် ကင်ဆာဆေးသောက်နေရခြင်း
  3. ကလေးကို ထိခိုက်စေနိုင်သောဆေးဝါးများ သောက်သုံး၍ ဆေးကုသနေရခြင်း
  4. မိခင်တွင် HIV/AIDS ပိုး ရှိနေခြင်း
  5. မိခင်သည် အကြောင်းတစုံတရာကြောင့် စိတ်ကျန်းမာရေးချို့ယွင်းနေခြင်း စသည်တို့ဖြစ်ပြီး ထိုအခြေအနေများတွင် ဖော်မြူလာနို့မှုန့်တိုက်ရန် လိုအပ်လာနိုင်သည်။
ဖော်မြူလာနို့တိုက်ကျွေးရန် လိုအပ်သောပစ္စည်းများ

အရေးကြီးသည့်အချက်မှာ လိုအပ်သောပစ္စည်းများကို ပိုးမွှားဝင်ရောက်မှုမှ ကာကွယ်ရန် သန့်ရှင်းစွာ ထားရှိရမည့်အပြင် ပိုးသတ်၍လည်း ထားရှိရမည်။

လိုအပ်သောပစ္စည်းများမှာ –

  1. နို့သီးခေါင်းနှင့် အဖုံးပါသော နို့ဘူး
  2. နို့ဘူးဆေးရန် စုတ်တံ (brush)

    Formula feeding IMG2 Formula feeding IMG3
  3. နို့ဘူးပိုးသတ်စက်၊ နို့ဘူးပေါင်းစက် (သို့မဟုတ်) ပေါင်းအိုး

    Formula feeding IMG1
  4. နို့မှုန့်ဘူး

နို့ဘူးနှင့် နို့သီးခေါင်းအမျိုးအစားသည် မိမိကလေး၏ အသက်အရွယ်ပေါ်မူတည်၍ ဝယ်ယူရမည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးရန် ပြင်ဆင်ခြင်း
  • နို့မှုန့်ဘူးတွင် ပါရှိသော ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးရမည်။
  • ပြင်ဆင်ချိန်တိုင်းတွင် သန့်ရှင်းသော ရေ(ရေသန့်)ကို သုံးပါ။ ရေသန့်မဟုတ်ပါက မသန့်ရှင်းသည့်အပြင် ဆိုဒီယမ်နှင့် ဆာလဖိတ် စသော ဓာတ်သတ္တုများ များပြားစွာ ပါဝင်နေနိုင်သည်။
  • ပိုးဝင်ရောက်မှု မရှိစေရန် ကလေးငယ်ကိုတစ်ခါနို့တိုက်မှ တစ်ခါပြင်ဆင်ရန် လိုအပ်သည်။

နို့ဘူးဖျော်စပ်ပုံအဆင့်ဆင့်

ရေသန့် အနည်းဆုံး တစ်လီတာခန့်ကို ပွက်ပွက်ဆူအောင် ကြိုချက်ပြီး နာရီဝက်အအေးခံရမည်။ သို့မှသာ လိုအပ်သော အပူချိန် (၇၀)ဒီဂရီ ဆဲလ်စီးယပ်စ် (℃) ကို ရရှိမည် ဖြစ်သည်။ ကြိုတင်၍ ကြိုချက်ထားသော ‌ရေနွေး အဟောင်းများကို အသုံးမပြုရပါ။ နို့ ထည့်ဖျော်မည့် နို့ဘူး၊ နို့သီးခေါင်း၊ အဖုံးနှင့် ခွက်များကို နို့ဘူးပေါင်းစက်ရှိပါက စက်ဖြင့်ပိုးသတ်နိုင်သည်။ စက်မရှိလျှင် ပိုးသတ်ဆေးရည် သို့မဟုတ် သမားရိုးကျအတိုင်း ‌‌ရေနွေးဖြင့် သေချာစွာပြုတ်၍ ပိုးသတ်နိုင်သည်။

Formula feeding IMG4

ထို့နောက် နို့ဖျော်ရန် အညွှန်းပါ သတ်မှတ်ထားသော ပမာဏ၊ အချိုးအစားအတိုင်း နို့မှုန့်နှင့် ရေနွေးကိုထည့်ပြီး အမှုန့်ပျော်သည်အထိ လှုပ်၍ဖျော်ရမည် (ဥပမာ-နို့မှုန့် (၁) အောင်စအတွက် ရေနွေး (၃၀)စီစီဖြင့်ဖျော်ခြင်း)။

ဖျော်ထားပြီးသော နို့ကို အအေးခံရန် ရေအေးထည့်ထားသော ဇလုံထဲတွင် နို့ဘူးအောက်ခြေ တစ်ဝက်ခန့် မြှုပ်သည်အထိ ထားပေးရမည်။ ထို့နောက် အအေးခံထားသော နို့၏အပူချိန်ကို လက်ဖျံပေါ်တွင် အစက်ချ၍ စမ်းကြည့်ရပါမည်။ နို့ဘူးထိပ် (သို့မဟုတ်) နို့သီးခေါင်းကို အခြားအရာများနှင့် ထိတွေ့ခြင်းမရှိစေရန် သတိပြုရမည်။ မပူလွန်း၊ မအေးလွန်းသော အနေအထားသို့ ရောက်ရှိလျှင် ကလေးကို စတင် တိုက်ကျွေးနိုင်သည်။

Formula feeding IMG5

နို့ဘူးပိုးသတ်ခြင်း

ပိုးသတ်ခြင်းကို အောက်ပါအတိုင်း ပြုလုပ်ရမည်။

  1. ပြင်ဆင်မည့်သူသည် လက်ကို သန့်ရှင်းစေရန် ဆပ်ပြာနှင့် ရေ ကိုသုံး၍ လက်ဆေးရမည်။
  2. ပစ္စည်းထားမည့် စားပွဲမျက်နှာပြင်အား သန့်ရှင်းစွာထားရမည်။
  3. နို့သီးခေါင်းကွဲနေခြင်း၊ အဖုံးကွဲနေခြင်း ရှိမရှိ စစ်ဆေးရမည်။
  4. ပစ္စည်းအားလုံးကို သန့်ရှင်းစွာ ဆေးကြောထားရမည်။

ပိုးသတ်ခြင်းနည်းလမ်းများစွာ ရှိသည့်အနက် အောက်ပါ နည်းလမ်းများကို အသုံးများသည်။

  1. နို့ဘူးပေါင်းစက်ဖြင့် ပိုးသတ်ခြင်း
    • စက်တွင် ပါရှိသော ညွှန်ကြားချက်များကို လိုက်နာရန်
    • နို့ဘူး( ဖွင့်လျက်)၊ နို့သီးခေါင်းနှင့် အဖုံးတို့ကို မှောက်လျက်အနေအထားဖြင့်ထားရန်
  2. နို့ဘူးသီးသန့် ပိုးသတ်ဆေးရည် ဖြင့်ပိုးသတ်ခြင်း
    • ဘူးအတွင်း ပါရှိသော အညွှန်းများကိုလိုက်နာရန်
    • ဘူးအတွင်း အသုံးပြုသော ပိုးသတ်ဆေးရည်ကို (၂၄)နာရီ တစ်ခါ လဲလှယ်ပေးရန်
    • ပိုးသတ်ဆေးရည်ထဲတွင် နို့ဘူး၊ နို့သီးခေါင်းနှင့် အဖုံးတို့ကို အနည်းဆုံး မိနစ် (၃၀) ခန့်ထားရှိရန်
    • ထို့သို့ထားရှိစဉ် နို့ဘူး၊ နို့သီးခေါင်းနှင့် အဖုံး ထဲတွင် လေခိုခြင်း မရှိအောင် သတိပြုရန်
    • ပိုးသတ်နေစဉ် ပစ္စည်းအားလုံးသည် ဆေးရည်၏မျက်နှာပြင်အောက်တွင် မြုပ်နေအောင် ထားရှိရန်
  3. ရေနွေးဖြင့်ပြုတ်၍ ပိုးသတ်ခြင်း
    • ပိုးသတ်မည့်ပစ္စည်းများသည် ရေနွေးဖြင့်ပြုတ်၍ရသော ပစ္စည်းများ ဖြစ်ရမည်။
    • ပြုတ်မည့်အိုးကို အဖုံးအုပ်၍ ရေပွက်ပွက်ဆူသည်အထိ တည်ရမည်။
    • ပိုးသတ်မည့် ကိရိယာအားလုံးကို ရေမျက်နှာပြင်အောက်တွင် မြုပ်အောင် ထားပြီး အနည်းဆုံး မိနစ် (၂၀) ခန့် ရေနွေးဆူဆူဖြင့် ပြုတ်ရမည်။
    • ရေနွေးဖြင့်ပြုတ်၍ ပိုးသတ်ခြင်းနည်းလမ်းသည် နို့သီးခေါင်းများကို မြန်မြန် ပျက်စီးစေနိုင်ကြောင်း သတိပြုရမည်။

ဖော်မြူလာနို့မှုန့် ရွေးချယ်ခြင်း

မိခင်သည် မိခင်နို့တိုက်ရန် ခက်ခဲသော အခြေအနေများ ရှိပါက မွေးကင်းစကလေးများ အတွက် ထုတ်ထားသော ဖော်မြူလာနို့မှုန့်ကို ကလေး အသက် (၁) နှစ်ထိ တိုက်ကျွေးနိုင်သည်။

ကလေးများ၏ အသက်အရွယ်အလိုက် လိုအပ်သော အာဟာရအားလုံးနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသည့် မည်သည့်အမှတ်တံဆိပ်ကိုမဆို ရွေးချယ်အသုံးပြုနိုင်သည်။

ဖော်မြူလာနို့မှုန့်‌ ရွေးချယ်ရာတွင် သတ်တမ်းကုန်ဆုံးရက်ကိုစစ်ဆေးရန်လိုသည်။ နို့မှုန့်ဘူးသည် ယိုစိမ့်မှုမရှိဘဲ အလုံပိတ်ဖြစ်ရမည်။ သံချေးများတက်သော နို့မှုန့်ဘူးဖြစ်ပါက ကလေးအား တိုက်ကျွေးရန် မသင့်ပါ။ တရားမဝင် တင်သွင်းသော ဖော်မြူလာနို့မှုန့်များ သုံးစွဲခြင်းကို ရှောင်ကြဥ်ရမည်။

ကလေးငယ်များ သောက်သုံးရန် စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားသော ဖော်မြူလာနို့မှုန့်များကိုသာ တိုက်ကျွေးသင့်သည်။

နွားနို့၊ ဆိတ်နို့၊ ကျွဲနို့ တို့သည် အသက် (၁) နှစ်အောက် ကလေးများ တိုက်ကျွေးရန် မသင့်လျော်ပါ။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးရန်ပမာဏနှင့် အကြိမ်အရေအတွက်

မွေးကင်းစ ကလေးငယ်၏ အစာအိမ်သည်‌ သေးငယ်လွန်းသည့်အတွက် နို့ပမာဏများစွာ တိုက်ကျွေးရန် မလိုအပ်ပါ။ ထို့ကြောင့် မွေးကင်းစ ရက်သားကလေးအတွက် ဖော်မြူလာနို့မှုန့် (၁-၂) အောင်စကို (၂-၃)နာရီခြား၍ တိုက်ကျွေးနိုင်သည်။ ကလေးငယ်သည် ဆာလောင်သည့် လက္ခဏာပြပါက ပမာဏတိုး၍ တိုက်ကျွေးနိုင်သည်။ တစ်နေ့လျှင် (၈-၁၂) ကြိမ်အထိ တိုက်ကျွေးနိုင်သည်။ အသက်အရွယ် ကြီးလာသည်နှင့် အစာအိမ်လည်း ကျယ်လာသည့်အတွက် တိုး၍တိုက်ကျွေးနိုင်သည်။

လသားအရွယ် ကလေးငယ်များတွင် (၃-၄)နာရီခြား၍ တိုက်နိုင်သည်။ ကလေးငယ်အိပ်နေပါက သေးခံ (Diaper) လဲခြင်း၊ အဝတ်လဲပေးခြင်းများ ပြုလုပ်ပေးပြီး ကလေးကို နှိုး၍ တိုက်ရန်လိုသည်။ ထိုအရွယ်တွင် တစ်ကြိမ် နို့တိုက်သည့် အချိန်သည် ကြာနိုင်သကဲ့သို့ မြန်နိုင်သောကြောင့် စိတ်ပူရန်မလိုပါ။

(၆) လနှင့်အထက် ကလေးများတွင်မူ ဖြည့်စွက်စာကျွေးသည့်အတွက် နို့တိုက်သည့် အကြိမ်ရေနှင့် ပမာဏသည် နည်းသွားနိုင်သည်။ အသက် (၁)နှစ်အထက် ကလေးများတွင် ဖော်မြူလာနို့မှုန့်အစား ပိုးသတ်ထားသော နွားနို့၊ အချိုမပါသော ပဲနို့များကို တိုက်ကျွေးနိုင်သည်။

ဖော်မြူလာနို့မှုန့်ထားသိုသိမ်းဆည်းပုံ

ကလေးငယ်အား ရောဂါပိုးဝင်ရောက်မှုမှ ကာကွယ်ရန် နို့တိုက်မည့် အချိန်ရောက်မှသာ ဖျော်ရမည်။ ကလေးငယ် နို့တစ်ခါသောက်ပြီးတိုင်း မကုန်ဘဲကျန်နေသော နို့များကို စွန့်ပစ်ရပါမည်။ အခန်း အပူချိန်ထဲတွင် (၂) နာရီကျော်၍ ထားမိသော ဖျော်ထားပြီး နို့များကိုလည်း စွန့်ပစ်ရန်လိုသည်။ ဖျော်ပြီး (၁)နာရီ အတွင်းတွင် တိုက်ကျွေးရန် လိုအပ်သည်။ တစ်ကြိမ် တိုက်ကျွေးတိုင်းတွင် နောက်တစ်ကြိမ် တိုက်ကျွေးရန်အတွက် ပစ္စည်းများကို သေချာဆေးကြောသန့်စင်ရန် လိုသည်။ ဖော်မြူလာနို့မှုန့်ဘူးကို ဖွင့်၍အသုံးပြုပြီးပါက အေး၍ခြောက်သွေ့သောနေရာတွင်ထားရန်လိုသည်။ ရေခဲသေတ္တာထဲတွင် မသိမ်းရပါ။ ဘူးဖွင့်ပြီး (၁)လအတွင်းအသုံးပြုရမည်။ စတင်သုံးစွဲသည့် နေ့စွဲကို မှတ်သားထားရန်လိုသည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးရာတွင် လုပ်ဆောင်ရန် လိုအပ်သော ပြင်ဆင်ပုံများ၊ ပိုးသတ်နည်းများ၊ ဖျော်စပ်နည်းများနှင့် ပတ်သက်၍ မေးမြန်းလိုလျှင် မိသားစုဆရာဝန်များ၊ တတ်ကျွမ်းသော သားဖွားဆရာမများ၊ သူနာပြု ဆရာမများနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး အကြံဉာဏ်ရယူနိုင်သည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း၏အားနည်းချက်များ

ဖော်မြူလာနို့မှုန့်သည် မိခင်နို့ နှင့် အနီးစပ်ဆုံးတူအောင် ပြုလုပ်ပြင်ဆင်ထားသော်လည်း အားနည်းချက် အနည်းငယ်ရှိနိုင်သည်။ ၎င်းတို့မှာ –

  1. ပဋိပစ္စည်းများပါဝင်မှု မရှိခြင်း
    • ဖော်မြူလာနို့တွင် မိခင်နို့မှ ရရှိနိုင်သော ပဋိပစ္စည်းများ မပါဝင်သောကြောင့် ရောဂါကာကွယ်သည့် ခုခံအားကို မရရှိနိုင်ပါ။
  2. ပြင်ဆင်ပြုလုပ်ရန် အချိန်လိုအပ်ခြင်း
    • ဖော်မြူလာနို့ဖျော်ရာတွင် နို့မှုန့်၊ နို့ဘူး၊ နို့သီးခေါင်း ဝယ်ရခြင်း၊ ဖျော်ရန်နှင့် ပိုးသတ်ရန် အချိန်ပေးရခြင်း တို့ရှိနိုင်သည်။
  3. ကုန်ကျစရိတ်များခြင်း
    • ဖော်မြူလာနို့မှုန့်နှင့် လိုအပ်သောပစ္စည်းများ ဝယ်ရန် ငွေကြေးကုန်ကျနိုင်သည်။
  4. ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
    • ဖော်မြူလာနို့မှုန့် တိုက်သော တချို့သောကလေးများတွင် ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်တတ်သည်။
  5. ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြင်း
    • နို့ဘူး၊ နို့သီးခေါင်း စသည်တို့ကိုကောင်းစွာ ပိုးမသတ်ပါက ရောဂါပိုးကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်။

References:

  1. Website, N. (2023). Sterilising baby bottles. nhs.uk. Retrieved May 27, 2024, from https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/sterilising-baby-bottles/
  2. Website, N. (2024). How to make up baby formula. nhs.uk. Retrieved May 27, 2024, from https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/making-up-baby-formula/
  3. How Much and How Often to Feed Infant Formula. (2023). Centers for Disease Control and Prevention. Retrieved May 27, 2024, from https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/how-much-how-often.html
  4. Infant Formula Preparation and Storage. (2023). Centers for Disease Control and Prevention. Retrieved May 27, 2024, from https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/infant-formula-preparation-and-storage.html

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.