Immunity in childhood (ကလေး၏ ကိုယ်ခံစွမ်းအား)

Immunity in childhood (ကလေး၏ ကိုယ်ခံစွမ်းအား)

ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားဆိုသည်မှာ ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်လာသော ရန်သူများ (အထူးသဖြင့် ပိုးမွှားများ) ကို ခုခံတိုက်ဖျက်ရန် သွေးဖြူဥများနှင့် ၎င်းတို့မှထုတ်လုပ်သည့် ဓာတ်ပစ္စည်းများ၊ ဂလင်းများ၊ ဘေလုံး (spleen) စသည်တို့ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်သည့် နည်းလမ်းများစွာရှိသည် (ဥပမာ ကလေးများကို သက်ဆိုင်ရာ ရောဂါအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းသည် ကလေးငယ်များ၏ ကိုယ်ခံစွမ်းအားကို တိုးမြင့်စေနိုင်သည်)။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်လည်း ကိုယ်ခံစွမ်းအား ကျဆင်းနိုင်သည်။ ဥပမာအားဖြင့် မွေးရာပါ ကိုယ်ခံစွမ်းအား ကျဆင်းနိုင်သည့်ရောဂါများ၊ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် ရောဂါနှင့်အခြေအနေများ (အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသော ကလေးများ၊ စတီးရွိုက်ကဲ့သို့ ဆေးဝါးများကို ရေရှည် သောက်သုံးနေရသည့် ကလေးများ) တွင်လည်း ကိုယ်ခံစွမ်းအားကျဆင်းနိုင်သည်။

ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား ကောင်းမွန်စေနိုင်သော နည်းလမ်းများ
  1. ကိုယ်ဝန်ဆောင်ဘဝတွင် သင့်တင့်မျှတသော အာဟာရကိုစားသုံးပါ။ မိခင်အတွက် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပါ။ သို့မှသာ မိခင်၏အချင်းမှတစ်ဆင့် သန္ဓေသားအတွက် လိုအပ်သော အာဟာရနှင့် ကိုယ်ခံစွမ်းအားများ ရောက်ရှိနိုင်သည်။
  2. မိခင်နို့တစ်မျိုးတည်းကိုသာ ခြောက်လအထိ တိုက်ကျွေးပါ။ နို့တိုက်မိခင်ကိုယ်တိုင်လည်း သင့်တင့်မျှတသော အာဟာရကို စားသုံးပါ။ မိခင်နို့ရည်မှတစ်ဆင့်လည်း အဖိုးတန်သည့် ပဋိပစ္စည်းများ ရရှိနိုင်သောကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေနိုင်သည်။
  3. ကလေးများကို ကာကွယ်ဆေးထိုးစီမံချက်များအတိုင်း မွေးကင်းစအရွယ်မှစ၍ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပါ။ ထို့အပြင် အသက်ခြောက်လမှစ၍ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုလည်း နှစ်စဉ်ထိုးပေးသင့်သည်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည်ရောဂါ ရှိနေသောကလေးများ၊ စတီးရွိုက်ကဲ့သို့သော ကိုယ်ခံအားကျဆင်းစေသည့်ဆေးများ ရေရှည်သောက်သုံးနေသော ကလေးများသည် တုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးနှံသင့်သည်။
  4. အိပ်ရေးဝဝ အိပ်ပါ။
    ကိုယ်ခံအားကောင်းစေရန်အတွက် ကလေးများသည် အသက်အရွယ်အလိုက် လိုအပ်သည့် အိပ်ချိန်ပြည့်ဝအောင် အိပ်စက်ရန်လိုသည်။ အသက် (၁)နှစ်အောက် ကလေးများအတွက် အနည်းဆုံး (၁၂) နာရီ၊ (၁)နှစ်မှ (၅)နှစ် ကလေးများအတွက် အနည်းဆုံး (၁၀) နာရီနှင့် (၅)နှစ်အထက် ကလေးများအတွက် (၉)နာရီခန့် အိပ်ချိန်ရှိသင့်သည်။
  5. သင့်တင့်မျှတသည့် အာဟာရကို ကျွေးပါ။
    ကိုယ်ခံစွမ်းအားကောင်းရန်အတွက် အာဟာရမှရရှိသည့် သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များသည်လည်း အရေးကြီးသည်။ အစာအုပ်စုသုံးခုလုံး မျှတစွာပါဝင်ပြီး အာဟာရပြည့်ဝသော အသား၊ ငါး၊ အသီးအနှံ၊ အစေ့အဆန် စသည်တို့ကို စားသုံးသင့်သလို အစားအသောက်များသည်လည်း သန့်ရှင်းလတ်ဆတ်ရန် လိုအပ်သည်။ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ မဖြစ်စေရန် လိုအပ်သည်။ အကြောင်းအမျိုးမျိုးကြောင့် အာဟာရမပြည့်ဝလျှင် (သို့မဟုတ်) ကလေးသည်အစားနည်းလွန်းလျှင် (သို့မဟုတ်) အစားရွေးလွန်းလျှင် ပုံမှန်လိုအပ်ချက် ဖြည့်တင်းပေးနိုင်ရန် ကလေးအားဆေးများ တိုက်ကျွေးနိုင်သည်။
  6. လက်ဆေးပါ။
    နှာစေး ချောင်းဆိုးပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အပြင်မှပြန်လာချိန် စသည်တို့တွင် စနစ်တကျ လက်ဆေးတတ်ရန် သင်ပေးပါ။
  7. မလိုအပ်သော စိုးရိမ်သောက၊ ပင်ပန်းမှုများကို လျှော့ချပေးပါ (ဥပမာ – ကျောင်းစာ၊ ကျူရှင်စာများနှင့် တနေကုန် လုံးပန်းနေရခြင်းမျိုးဖြစ်သည်)။
  8. ပုံမှန် လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခိုင်းပါ။ ပုံမှန်ကစားချိန်ပေးပါ။
  9. ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည့် အခြေအနေများ (ဥပမာ – လူထူထပ်သောနေရာ၊ မသန့်သည့်အစားအသောက်) ကိုရှောင်ကြဉ်ပါ။ ကျောင်းတက်နေသော ကလေးများသည် စာသင်ခန်းကျဉ်းလေးအတွင်း အချင်းချင်းကူးစက်မှု မြန်ဆန်သဖြင့် မကြာခဏပို၍ နေမကောင်းဖြစ်တတ်သည်။ ထို့ကြောင့် ကလေးတစ်ယောက် နေမကောင်းဖြစ်လျှင် ကျောင်းမလွှတ်သင့်ပါ။ အိမ်တွင် လူကြီးများ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးဖြစ်လျှင် ကလေးများနှင့်ဝေးဝေးနေပါ။ နှာခေါင်းနှင့် ပါးစပ်ကို ကာ၍ နှာစေး၊ ချောင်းဆိုးပြုလုပ်ပါ။ နှာခေါင်းစည်းတပ်ပါ။ အိမ်နှင့်ပတ်ဝန်းကျင်၌ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ နေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းစေရန် စီမံထားပါ။

မိဘများအနေနှင့် ဤနည်းလမ်းများကို ဆောလျင်စွာ စနစ်တကျ ပုံမှန် လိုက်နာကျင့်သုံးမည်ဆိုလျှင် ကလေးတစ်ယောက်၏ ကိုယ်ခံစွမ်းအား ကျဆင်းခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. All About the Immune System (for Parents). (n.d.). Retrieved June 24, 2024, from https://kidshealth.org/en/parents/immune.html
  2. Immunity in childhood | SMA HCP. (n.d.). Retrieved June 24, 2024, from https://www.smahcp.ie/immunity/immunity-in-childhood

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.