Life Course Vaccination (ဘဝသက်တမ်းအလိုက် ကာကွယ်ဆေးထိုးခြင်း)

Life Course Vaccination (ဘဝသက်တမ်းအလိုက် ကာကွယ်ဆေးထိုးခြင်း)

အများပြည်သူကျန်းမာရေးအတွက် ကာကွယ်ဆေးများကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဖြစ်သည်။ လူတိုင်းသည် မည်သည့်အသက်အရွယ်တွင် ဖြစ်စေ၊ မည်သည့်လူမှုအသိုင်းအဝိုင်းတွင် နေထိုင်သည် ဖြစ်စေ ကြိုတင်ကာကွယ်နိုင်သော ရောဂါများ (vaccine-preventable diseases)ကို ကာကွယ်ပြီး ကာကွယ်ဆေးများ၏ အမြင့်ဆုံး အကျိုးကျေးဇူးများ ရရှိနိုင်ရန် မွေးစမှစ၍ အိုမင်းသည်အထိ ထိုးနှံသင့်သည်ဟု အကြံပြုထားသော ကာကွယ်ဆေးများအားလုံးကို လက်ခံရရှိသင့်သည်။

ကာကွယ်ဆေး

ကာကွယ်ဆေးများသည် ကလေးလူကြီးအားလုံး ထိုးနှံသည့်အခါ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည့်စုံအောင်မြင်ပြီးမှသာ သုံးစွဲထိုးနှံခွင့်ပြုထားသော ဆေးဝါးများဖြစ်သည်။ ထိုးဆေး၊ ပါးစပ်မှ အစက်ချဆေး၊ နှာခေါင်းအတွင်း ဖျန်းဆေးစသည်ဖြင့် ကာကွယ်ဆေး အမျိုးအစားများစွာ ရှိသည်။ ကာကွယ်ဆေးများကို ပိုးအသေ၏ အစိတ်အပိုင်းများမှလည်းကောင်း၊ ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှလည်းကောင်း ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားကြသည်။ အချို့ကာကွယ်ဆေးများကို ရောဂါပိုး၏ မျိုးရိုးဗီဇ အစိတ်အပိုင်း အနည်းငယ်ဖြင့်လည်း ပြုပြင်ထုတ်လုပ်ထားသည်။

ကိုယ်ခန္ဓာအတွင်းသို့ အဆိုပါပိုးအစိတ်အပိုင်းများ ဝင်ရောက်လာလျှင် ပဋိလှုံ့ပစ္စည်း (antigen)အနေဖြင့် လုပ်ဆောင်ပြီး ကိုယ်ခန္ဓာအတွင်းမှ ပဋိပစ္စည်း (antibody)များ ထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ရောဂါပိုးများဝင်ရောက်လာလျှင် တိုက်ခိုက်နိုင်ရန်နှင့် ခံနိုင်ရည်ရှိစေရန် ကာကွယ်ပေးသည်။ ကာကွယ်ဆေးထိုးပြီး ကိုယ်ခန္ဓာအတွင်း ပဋိပစ္စည်း (antibody) များထွက်ရှိရန် ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်ခန့်အထိ ကြာတတ်သည်။

ကာကွယ်ဆေးထိုးရသော အကြောင်းရင်းများ

အကယ်၍ ရောဂါပိုးမွှား တစ်မျိုးမျိုးသည် –

  • အဖြစ်များလျှင်
  • ကူးစက်ခံရပါက သေဆုံးနိုင်ခြင်း သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းရှိနိုင်လျှင်
  • ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်လျှင် စသည့်အခြေအနေ (၃) ရပ်နှင့် ကိုက်ညီပါက ဆေးပညာအရ ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သည်။
ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများ
  • အချို့သော ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြောင့် ဖြစ်သော ရောဂါအခြေအနေများကို ကာကွယ်ပေးသည်
  • ကိုယ်ခံအားတုံ့ပြန်မှုများ မရှိသေးသော၊ အားနည်းသော ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ရောဂါကူးစက်နိုင်ခြေကို လျော့နည်းစေသည်
  • ကလေးသေဆုံးမှုများကို လျော့ကျစေသည်
  • ကိုယ်ခံအားနည်းစေသည့် ကင်ဆာရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသူများ၊ ကိုယ်ခံအားတုံ့ပြန်မှုကို နည်းစေသော ဆေးဝါးများ (ဥပမာ – စတီးရွိုက်ဆေးများ) သောက်သုံးနေသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည် ရောဂါရှင်များကိုလည်း ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်ပေးသည်

အချို့သော ကာကွယ်ဆေးများသည် ရောဂါပိုးမွှားများသာမက ၎င်း​ပိုးများနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်သည်။ ဥပမာ _ သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်ပေါ် စေသော Human Papillomavirus (HPV) ပိုးကာကွယ်ဆေး၊ အသည်းကင်ဆာဖြစ်စေသော အသည်းရောင် အသားဝါ ဘီ ပိုးကာကွယ်ဆေး တို့ဖြစ်သည်။

ကာကွယ်ဆေးထိုးရန် ပိုမိုလိုအပ်သူများ
  • မွေးကင်းစ ကလေးငယ်များ
  • အသက် (၁၈) နှစ်အောက် ကလေးနှင့် ဆယ်ကျော်သက်များ
  • ကိုယ်ဝန်ဆောင် မိခင်များ
  • အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ
  • ကိုယ်ခံအားနည်းစေသော ရောဂါအခံရှိသူများ (ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးချိုဆီးချို စသည့် ရောဂါများ)
  • ကိုယ်ခံအားနည်းစေသော ဆေးဝါးများကို သောက်သုံးနေရသူများ
  • ဘေလုံး (Spleen) ခွဲစိတ်ဖြတ်ထုတ် ဖယ်ရှားထားသော လူနာများ
  • ကျန်းမာရေးဝန်ထမ်းများ
  • နာတာရှည်လူနာများကို ပြုစုစောင့်ရှောက်နေရသူများ စသည်တို့သည် ကာကွယ်ဆေးထိုးမှု ခံယူရန် လိုအပ်သည့် ဦးစားပေးများဖြစ်သည်။
ဘဝတလျှောက်တွင် ထိုးနှံသင့်သော အကြံပြု ကာကွယ်ဆေးများ
  1. အသက် (၁၂) နှစ်အောက်ရှိ ကလေးများအတွက် ကာကွယ်ဆေးများ
    ကာကွယ်ဆေးထိုးစီမံချက်များအတိုင်း အချိန်မီ ထိုးနှံပေးရန်လိုသည်။
    (ဆက်လက်ဖတ်ရှုရန် – ကလေးများနှင့် ကာကွယ်ဆေး)
  2. အသက် (၁၃) နှစ် မှ (၄၉) နှစ်ကြား အတွက် ကာကွယ်ဆေးများ
    • ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး – နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် တစ်ကြိမ် ထိုးရန်
    • ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး – နောက်ဆုံးထုတ် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးရန်
    • ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (Tdap) – တစ်ကြိမ်မှ မထိုးဖူးသူများအနေဖြင့် တစ်ကြိမ် ထိုးထားသင့်ပြီး ဆယ်နှစ်လျှင် တစ်ကြိမ် ထပ်မံ (booster dose) ထိုးရန်
    • သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV)
      • အသက် (၁၉) နှစ် မှ (၂၆) နှစ်အတွင်း (၂) ကြိမ် (သို့မဟုတ်) (၃) ကြိမ်ထိုးရန်
      • အသက် (၂၇) နှစ်ကျော်လျှင် ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်လျှင် ထိုးရန်
    • ရေကျောက်ရောဂါ ကာကွယ်ဆေး (Varicella)
      • အသက် (၄၅) နှစ်အောက် (၂) ကြိမ် ထိုးရန်
    • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MMR)
      • အသက် (၆၄) နှစ်အထိ (၁)ကြိမ် မှ (၂)ကြိမ်အထိ ထိုးရန်
    • အသည်းရောင် အသားဝါ ဘီ ပိုးကာကွယ်ဆေး
      • အသက် (၆၄) နှစ်အထိ ကာကွယ်ဆေး အမျိုးအစားနှင့် ပိုးကူးစက်နိုင်ခြေပေါ် မူတည်၍ အကြိမ်ရေပြည့်အောင် ထိုးရန်
    • အသည်းရောင် အသားဝါ အေ ပိုးကာကွယ်ဆေး
      • ကာကွယ်ဆေးအမျိုးအစားနှင့် ပိုးကူးစက်နိုင်ခြေပေါ် မူတည်၍ ထိုးရန်
    • သွေးလွန်တုပ်ကွေးကာကွယ်ဆေး
      • အချို့နိုင်ငံများတွင် ထိုးနှံနိုင်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာဆေးများ၏ ကန့်သတ်ချက်များ၊ နောက်ဆက်တွဲ အန္တရာယ်များနှင့် အာနိသင်များကို စောင့်ကြည့်စစ်ဆေးနေဆဲ ဖြစ်သည်။
    • ဦးနှောက်အမြှေးရောင်ရောဂါနှင့် အဆုတ်ရောင် ကာကွယ်ဆေး (Hib)
      • အခြေအနေပေါ်မူတည်၍ (၁)ကြိမ် မှ (၃)ကြိမ်အထိ ထိုးရန် (အထူးသဖြင့် ဘေလုံးထုတ်ထားသူများ၊ ပင်မဆဲလ် အစားထိုးထားသူများ)
    • ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးများ (MenACWY, MenB)
      • အခြေအနေနှင့် ကာကွယ်ဆေးပေါ် မူတည်၍ (၁)ကြိမ် မှ (၃)ကြိမ်အထိ ထိုးရန် (အထူးသဖြင့် ဘေလုံးထုတ်ထားသူများ၊ ကိုယ်ခံအားကျဆင်းနေသူများ)
  3. အသက် (၅၀) နှစ် မှ (၆၄) နှစ်ကြားအတွက် ကာကွယ်ဆေးများ
    • ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး – နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် တစ်ကြိမ်ထိုးရန်
    • ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး – နောက်ဆုံးထုတ် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးရန်
    • ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (Tdap) – တစ်ကြိမ်မှ မထိုးဖူးသူများအနေဖြင့် တစ်ကြိမ် ထိုးထားသင့်ပြီး ဆယ်နှစ်လျှင် (၁) ကြိမ် ထပ်မံ (booster dose) ထိုးရန်
    • ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး (MMR)
      • အသက် (၆၄) နှစ်အထိ (၁) ကြိမ် မှ (၂) ကြိမ်အထိ ထိုးရန်
    • အသည်းရောင် အသားဝါ ဘီ ရောဂါ ကာကွယ်ဆေး
      • အသက် (၆၄) နှစ်အထိ ကာကွယ်ဆေးအမျိုးအစားနှင့် ပိုးကူးစက်နိုင်ခြေပေါ် မူတည်၍ အကြိမ်ရေပြည့်အောင် ထိုးနှံရန်
    • ရေယုန်ရောဂါကာကွယ်ဆေး (Shingles)
      • အသက် (၅၀) နှစ်အထက်တွင် မဖြစ်မနေ (၂) ကြိမ် ထိုးရန်
      • အသက် (၅၀) နှစ်အထိ ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်လျှင် ထိုးရန် (အထူးသဖြင့် ကိုယ်ခံအား ကျဆင်းနေသူများ)
  4. အသက် (၆၅) နှစ်နှင့် အထက်အတွက် ကာကွယ်ဆေးများ
    • ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး – နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် တစ်ကြိမ်ထိုးရန်
    • ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး – နောက်ဆုံးထုတ် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးရန်
    • ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (Tdap) – တစ်ကြိမ်မှ မထိုးဖူးသူများအနေဖြင့် တစ်ကြိမ်ထိုးထား၍ ဆယ်နှစ်လျှင် (၁) ကြိမ် ထပ်မံ (booster dose) ထိုးရန်
    • ရေယုန်ရောဂါကာကွယ်ဆေး (Shingles)
      • အသက် (၅၀) နှစ်အထက်တွင် မဖြစ်မနေ (၂) ကြိမ် ထိုးရန်
      • အသက် (၅၀) နှစ်အထိ ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်လျှင် ထိုးရန် (အထူးသဖြင့် ကိုယ်ခံအား ကျဆင်းနေသူများ)
    • ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး (Pneumococcal Vaccine)
      • အသက် (၆၅) နှစ်အထက် (၁) ကြိမ် (သို့မဟုတ်) (၂) ကြိမ် ထိုးရန်
      • အခြေအနေပေါ်မူတည်၍ (၅)နှစ် တစ်ကြိမ်ထိုးရန် (အထူးသဖြင့် ဘေလုံးထုတ်ထားသူများ၊ ကိုယ်ခံအား ကျနေသူများ)
  5. ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးများ
    ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုယ်ဝန်ဆောင်မိခင်၏ ကိုယ်ခံအားကို မြင့်တက်စေသည့်အပြင် သန္ဓေသားရောဂါဖြစ်ခြင်းကိုပါ ကာကွယ်ပေးသည်။ အောက်ပါတို့သည် ကိုယ်ဝန်ဆောင်စဉ် ထိုးနှံသင့်သော ကာကွယ်ဆေးများဖြစ်သည်။
    • အသည်းရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးသည် ပိုးအသေမှ ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Killed Vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်စဥ်ကာလနှင့် ကိုယ်ဝန်ဆောင်ပြီးကာလများတွင် ထိုးနှံနိုင်သည်။ ကူးစက်မှုနှုန်း အလွန်မြင့်မားသောကြောင့် ကာကွယ်‌ဆေးထိုးထားခြင်းသည် မိခင်ရော ကလေးကိုပါ ကာကွယ်ပေးနိုင်သည်။
    • ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေး (Tdap) ကို ကိုယ်ဝန် (၂၇ – ၃၆) ပတ်အတွင်း ထိုးနှံပေးခြင်းသည် ကလေးကိုပါ ရောဂါမဖြစ်စေရန် ရက်သတ္တပတ် အနည်းငယ်ထိ ကာကွယ်ပေးနိုင်သည်။ သုံးမျိုးပေါင်းစပ်ထားသော ကာကွယ်ဆေးမရရှိပါက မေးခိုင်ကာကွယ်‌ဆေးကို မဖြစ်မနေ ထိုးနှံရန်လိုသည်။ ကိုယ်ဝန်တစ်ခါဆောင်တိုင်း တစ်ခါထိုးနှံရန် လိုအပ်သည်။
    • တုပ်‌ကွေးကာကွယ်ဆေး (Flu Vaccine) ကို တုပ်ကွေးရာသီတွင် ကိုယ်ဝန်ဆောင်ပါက ထိုးရမည်။ ကိုယ်ဝန်ဆောင်ကာလတွင် တုပ်ကွေးရောဂါဖြစ်ပါက ပြင်းထန်သော‌ ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်ဖြင့် နှစ်စဥ်ထိုးပေးခြင်းဖြင့် မွေးလာမည့်ကလေးကိုပါ တုပ်ကွေး၏ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးနိုင်သည်။
    • ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး (Covid 19 Vaccine) သည် ကိုယ်ဝန်ဆောင်ကာလတွင် စိတ်ချ၍ အန္တရာယ်ကင်းပြီး မိခင်ရော၊ ကလေးကိုပါ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးနိုင်သည်။ ထိုးနှံရမည့် ကာကွယ်ဆေးအမျိုးအစားများကို သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန်လိုသည်။
    • အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး (Respiratory syncytial virus-RSV) ကာကွယ်ဆေးသည်လည်း ကိုယ်ဝန်ဆောင်မိခင်များတွင် ထိုးနှံသင့်သော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ RSV ဗိုင်းရပ်စ်ပိုးသည် ကလေးလသားအရွယ်မှ အသက် (၂) နှစ်အောက်တွင် ပြင်းထန်သော အဆုတ်လေပြွန်ရောင်ရောဂါကို ဖြစ်စေသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် RSV ကာကွယ်ဆေးကို ကိုယ်ဝန် (၃၂) ပတ် မှ (၃၆) ပတ်အတွင်း စက်တင်ဘာလနှင့် ဇန်နဝါရီလကြား ဗိုင်းရပ်စ်ပိုး ကူးစက်မှုများသည့် ကာလတွင် ထိုးနှံသင့်သည်။ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံနိုင်ခြင်း မရှိသေးပေ။
    • ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါကာကွယ်ဆေး (MMR) သည် အကောင်အရှင်၏ အစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေး (Live Vaccine) ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်စဥ်ကာလတွင် ထိုး၍မရပါ။ ထို့ကြောင့် ကလေးယူမည့် မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်မဆောင်ခင် တစ်လအလို၌ ကြိုတင်ထိုးနှံထားပါက ပို၍အကျိုးရှိနိုင်သည်။

Share

26 October 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.