မည်သူမဆို မတော်တဆချော်လဲပြီး ပြုတ်ကျနိုင်သော်လည်း အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် (အထူးသဖြင့် နာတာရှည်ရောဂါ ခံစားနေရသူများတွင်) လဲကျနိုင်ခြေပိုများသည်။ အသက် (၆၅) နှစ်နှင့်အထက် လူကြီးများတွင် လေးယောက်လျှင် တစ်ယောက် ဖြစ်နိုင်ခြေရှိပြီး တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် လဲကျနိုင်ခြေရှိသည်။ လဲကျခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသည်။ လဲကျခြင်းကြောင့် အရိုးကျိုးခြင်း၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်းနှင့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ် နိုင်သောကြောင့် သက်ကြီးရွယ်အိုများလဲကျခဲ့လျှင် ထိခိုက်ဒဏ်ရာ မရသည့်တိုင်အောင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသရန် လွန်စွာအရေးကြီးသည်။
သက်ကြီးရွယ်အိုများတွင် လဲကျခြင်းဖြစ်ပေါ်စေနိုင်သည့် အခြေအနေများ
သက်ကြီးရွယ်အိုများတွင် လဲကျခြင်းဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ခန္ဓာကိုယ်တွင် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း
- မိမိအိမ်နှင့်ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများရှိခြင်း
- အခြားသော အကြောင်းရင်းများနှင့် ရောဂါအခံများရှိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
- ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း
အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် ဇရာ၏ ပုံမှန်ဖြစ်စဥ်အတိုင်း တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ အသက်ကြီးသူများတွင် အစာစားချင်စိတ် လျော့နည်းလာကာ အစာအာဟာရပြည့်ဝအောင် မစားသောက်ကြသဖြင့် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။ ထို့အပြင်- ဟန်ချက်ညီအောင် ထိန်းသိမ်းရန် ခက်ခဲလာခြင်း
- ကြွက်သားများ အားနည်းလာခြင်း
- အမြင်အာရုံ အားနည်းလာခြင်း
- တုံ့ပြန်မှု နှေးလာခြင်း
- မှတ်ဉာဏ်လျော့နည်းခြင်း၊ သတိမေ့လျော့ခြင်း အစရှိသည့် အသက်ကြီးလျှင် ပုံမှန်ဖြစ်ပေါ်လာတတ်သော ပြောင်းလဲခြင်းများရှိပြီး နေမကောင်းဖြစ်လျှင် သို့မဟုတ် အခြေအနေတစ်ခုခုရှိလျှင် ပိုဆိုးစေနိုင်သည်။
- မိမိအိမ်နှင့်ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများရှိခြင်း
- အလင်းရောင် အားနည်းခြင်း
- ဖိနပ်များချောင်ခြင်း
- ကြမ်းပြင်စိုစွတ်၍ ချောနေခြင်း (ရေချိုးခန်း၊အိမ်သာ)
- ခလုတ်တိုက်နိုင်သော ပစ္စည်းများရှိနေခြင်း (ဥပမာ – ကြမ်းခင်းဖျာ၊ မီးခလုတ်၊ ကြမ်းပြင်ပေါ် ချထားသည့်ပစ္စည်းများ)
- လှေခါးထစ်၊ မညီမညာဖြစ်နေသော မြေပြင် (သို့မဟုတ်) အထစ်များရှိသော မျက်နှာပြင် အစရှိသောအရာများကြောင့် လူကြီးများ မကြာခဏ ခလုတ်တိုက် ချော်လဲတတ်ကြသည်
- အခြားသော အကြောင်းရင်းများနှင့် ရောဂါအခံများရှိခြင်း
- သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း
- အချို့သောဆေးများနှင့် ရောဂါများကြောင့် အထိုင်အထတွင် သွေးပေါင်ချိန်ကျခြင်း
- လေဖြတ်ရောဂါ
- ပါကင်ဆန်ရောဂါ
- အဆစ်ရောင်ရောဂါ
- ဆီးချိုရောဂါကြောင့် ခြေထောက်များ ထုံကျဥ်ခြင်း
- သွေးအားနည်းခြင်း
- နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံးအဆို့ရှင်ရောဂါများ
- စိတ်ကျရောဂါ
- အရိုးပွရောဂါ
- ဆေး (၄) မျိုးနှင့်အထက်ကို သောက်သုံးနေရခြင်း (Polypharmacy)
- ရောဂါပိုးဝင်ခြင်းနှင့် ပိုးဆိပ်ပျံ့ခြင်း အစရှိသော အခြေခံအကြောင်းရင်းများကြောင့် လဲကျနိုင်ခြေကို မြင့်တက်စေသည်။
နောက်ဆက်တွဲ ပြဿနာများ
လဲကျခြင်းကြောင့် အရိုးကျိုးခြင်း၊ ရက်ရှည်လများ ဆေးရုံတက်ရခြင်းနှင့် မိမိကိုယ်ကို ယုံကြည်ချက် လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လာသည်။
- ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- အရိုးကျိုးခြင်း (အထူးသဖြင့် တင်ပါးဆုံရိုး၊ လက်ဖျံရိုး)
- နာကျင်ခြင်း
- ကာလကြာရှည်စွာ မလှုပ်ရှားနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးအခြေအနေများ (ခြေထောက်သွေးခဲပိတ်ခြင်း၊ အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း၊ အိပ်ရာနာများဖြစ်ခြင်း)
- မိမိဘာသာ လှုပ်ရှားမှုပြုလုပ်ရန် ခက်ခဲခြင်း
- လမ်းလျှောက်သည့်ပုံစံမမှန်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
- လူမှုရေးပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
- တစ်စုံတစ်ဦး၏ အကူအညီမပါဘဲ မိမိဘာသာ တစ်ယောက်တည်း လွတ်လပ်စွာ လှုပ်ရှားနေထိုင်မှု မပြုလုပ်နိုင်ခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်ခြင်း
- ဆေးရုံတက်ရသည့် ကုန်ကျစရိတ်များခြင်း
- ဆေးရုံ ရက်ရှည်တက်ရသောကြောင့် လူမှုရေးပျက်ကွက်ခြင်း
- အရည်အသွေးပြည့်ဝသော လူနေမှုဘဝကို မရရှိခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာနိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
- နေ့စဥ်လုပ်ငန်းဆောင်တာများကို အခြားသူများ၏ အကူအညီမပါဘဲ မိမိဘာသာ မလုပ်ဆောင်နိုင်သောကြောင့် စိတ်ပျက်အားငယ်လာခြင်း
- နောက်တစ်ကြိမ် ထပ်မံလဲကျမည်ကို စိုးရိမ်ခြင်း
- လဲကျခြင်းကြောင့် ဒဏ်ရာရပြီးနောက် စိတ်မလုံခြုံမှုကို ခံစားရခြင်း
- လမ်းလျှောက်အကူပစ္စည်းများ အသုံးပြုရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်ခြင်း
- လဲကျပြီးနောက် မိမိဘာသာ မစောင့်ရှောက်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကို အားကိုးလေးစားမှု မရှိတော့ခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်လာတတ်သည်။
လဲကျခြင်းဖြစ်ပေါ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ
လဲကျခြင်းကြောင့် လတ်တလောထိခိုက်မှုမရှိသည့်တိုင်အောင် လဲကျသည့်အကြောင်းရင်းများကို ရှာဖွေရန် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။ လဲကျခြင်းကို ကုသရာတွင် လဲကျခြင်းကြောင့် လတ်တလောဖြစ်ပေါ်သော ထိခိုက်ဒဏ်ရာကို ကုသခြင်းနှင့် နောက်တစ်ကြိမ် ထပ်မံလဲကျခြင်း မဖြစ်ပေါ်စေရန် လိုအပ်သောကုသမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်မှုများကို အောက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးခြင်းတို့ ပါဝင်သည်။
- အရိုးကျန်းမာရေး ကောင်းမွန်စေရန်နှင့် လဲကျလျှင် အရိုးကျိုးနိုင်ခြေ လျော့ကျစေရန် ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ ဖြည့်စွက်ပေးခြင်း
- လက်ရှိသောက်နေသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်လျှင် ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ဆေးရပ်ခြင်း၊ ဆေးပြောင်းခြင်း
- အမြင်အာရုံပြဿနာအတွက် မျက်စိအထူးကုဆရာဝန်များနှင့် ပုံမှန်မျက်စိစစ်ဆေးခြင်း၊ အတွင်းတိမ်ကြောင့်ဖြစ်ပါက ခွဲစိတ်ကုသခြင်း
- တင်ပါးဆုံရိုးအကာ (Hip Protectors) အသုံးပြုခြင်း
- ရောဂါအခံများကြောင့်ဖြစ်ပါက ထိရောက်စွာကုသခြင်း
- ခြေထောက်တွင် နာကျင်၊ ရောင်ရမ်း၊ ထုံကျဥ်ခြင်းများရှိလျှင်လည်း ခြေထောက်ကို ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်၍ သက်သာအောင်ကုသပေးခြင်း
- ကိုယ်လက်လှုပ်ရှားမှုရှိအောင် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀)ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကြွက်သားများသန်မာပြီး ခန္ဓာကိုယ်စည်းချက်ညီအောင် ထိန်းသိမ်းနိုင်ခြင်း
- အာဟာရပြည့်ဝ၍ ကျန်းမားရေးနှင့်ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
- ထိုင်ရာမှ သို့မဟုတ် လဲလျောင်းရာမှ တဖြည်းဖြည်းချင်း မတ်တတ်ရပ်ခြင်းဖြင့် ရုတ်တရက်မူးဝေ၍ လဲကျခြင်းကို ကာကွယ်ခြင်း
- မိမိနေအိမ်ပတ်ဝန်းကျင်ကို အလင်းရောင်ကောင်းကောင်းရရှိအောင် ပြုလုပ်ခြင်း
- ကြမ်းပြင်များကို စိုစွတ်မှုမရှိအောင် ပြုလုပ်ခြင်း၊ ချောနိုင်သော နေရာများတွင် ချော်မလဲစေရန် အခင်းများ ခင်းပေးထားခြင်း
- ပတ်ဝန်းကျင်ရှိ ခလုတ်တိုက် ချော်လဲနိုင်သောအရာများကို ဖယ်ရှားထားခြင်း
- လမ်းလျှောက်ရာတွင် အထောက်အကူပြုပစ္စည်းများကို အသုံးပြုခြင်း စသည့်နည်းလမ်းများဖြင့် လဲကျခြင်းကို ကာကွယ်ကုသနိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.