Potty training (အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်း)

Potty training (အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်း)

အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်းသည် အိမ်သာအိုး (သို့မဟုတ်) အိမ်သာကို ကလေးများ မှန်မှန်ကန်ကန်နှင့် သင့်လျော်သောအချိန်တွင် အသုံးပြုတတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။ ထိုသို့လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဆီးသွားခြင်းနှင့် ဝမ်းသွားခြင်းအတွက် ခန္ဓာကိုယ်၏အချက်ပြမှုများကို ကလေးများ မှတ်မိစေသည်။

စတင်သင့်သောအချိန်

ကလေးငယ်များကို အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းသည် ကလေး၏အသက်အရွယ်ပေါ် မူတည်မှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ မှတ်တိုင်များပေါ်တွင် မူတည်သောကြောင့် မည့်သည့်အသက်အရွယ်တွင် စတင်ရမည်ဟု အတိအကျမရှိပါ။ တစ်နှစ်အောက်ကလေးများတွင် အူလမ်းကြောင်းနှင့်ဆီးအိမ်ကို ထိန်းချုပ်နိုင်သောစွမ်းရည်သည် ဖွံ့ဖြိုးမှုမရှိသေးဘဲ အသက် (၁) နှစ်ခွဲခန့်တွင် အနည်းငယ် ထိန်းချုပ်နိုင်လာသည်။ ကလေးအများစုတွင် အသက် (၁)နှစ်ခွဲ မှ (၂)နှစ်အတွင်းသည် အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းအတွက် အဆင်သင့်ဖြစ်သည့် အခြေအနေဖြစ်သည်။ သို့သော် အချို့သောကလေးများသည် အသက် (၃) နှစ်အထိ အဆင်သင့်မဖြစ်သေးသည်များလည်း ရှိသည်။ ကလေးအဆင်သင့်မဖြစ်သေးလျှင် အလျင်မလိုသင့်ပေ။ စောစောစခြင်းဖြင့် လေ့ကျင့်ရန် ပိုကြာနိုင်သည်။ ယောက်ျားလေးများသည် မိန်းကလေးများနှင့်ယှဥ်လျှင် အချိန်ပိုယူရလေ့ရှိပြီး အနည်းငယ်နောက်ကျတတ်သည်။

အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်းကို ကလေးထံမှ အဆင့်သင့်ဖြစ်ကြောင်း အချက်ပြလက္ခဏာများရှိလျှင် စတင်ကျင့်ပေးနိုင်ပြီး အဆင်သင့် ဖြစ်မဖြစ်ကို အောက်ပါအချက်များဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်သည်။

  • လွယ်ကူသောညွှန်ကြားချက်များအား လိုက်နာနိုင်ခြင်း (ဥပမာ_အိမ်သာသို့သွားပါ၊ ထိုင်ပါ)
  • အိမ်သာ (သို့မဟုတ်) အိမ်သာကုလားထိုင် ထားရှိသည့်နေရာသို့ ကိုယ်တိုင် သွားနိုင်၊ ပြန်လာနိုင်ခြင်း
  • အိမ်သာ (သို့မဟုတ်) အိမ်သာကုလားထိုင်တွင် အကူအညီမပါဘဲ ထိုင်နိုင်ခြင်း၊ ပြန်ထနိုင်ခြင်း
  • စကားလုံး၊ အမူအရာ၊ ကိုယ်နေဟန်ထား စသည်တို့ဖြင့် အိမ်သာသွားချင်ကြောင်း ပြောဆိုညွှန်ပြနိုင်ခြင်း
  • သေးခံ (သို့မဟုတ်) အောက်ခံဘောင်းဘီအား အကူအညီမပါဘဲ ချွတ်နိုင်ခြင်း
  • အတိုင်းအတာတစ်ခုအထိ ဆီးထိန်းနိုင်ခြင်း၊ ဝမ်းထိန်းနိုင်ခြင်း၊ သေးခံအားမစိုအောင် အနည်းဆုံး (၂) နာရီခန့် ထိန်းထားနိုင်ခြင်း
  • သေးခံညစ်ပေနေလျှင် မနေတတ်ခြင်း

အထက်ပါအချက်များမှ အများစုကိုပြုလုပ်နိုင်လျှင် ကလေးသည် အိမ်သာတက်လေ့ကျင့်ပေးခြင်းအတွက် အဆင်သင့်ဖြစ်နေနိုင်သည်။ အိမ်သာအိုး (သို့မဟုတ်) အိမ်သာကုလားထိုင်ဖြင့်သွားခြင်းကို လေ့ကျင့်ပေးခြင်းသည် အချိန်၊ အာရုံစူးစိုက်မှုနှင့် စိတ်ရှည်မှုများစွာ လိုအပ်သော်လည်း ရေရှည်တွင် ပိုမိုလွယ်ကူစေသည်။ ကလေးငယ်များအား အိမ်သာအိုးအသုံးပြုတတ်အောင် သင်ကြားပေးခြင်းသည် တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်ချေ။ တစ်ခါတစ်ရံတွင် (၃)လ မှ (၆)လအထိ ကြာတတ်သည်။ ထို့ကြောင့် စိတ်ရှည်ရန်လိုသည်။ ကလေးအဆင်သင့်မဖြစ်မီတွင် စောစမိလျှင် သင်ကြားခြင်းသည် အချိန်ပို၍ ကြာမြင့်တတ်သည်။ သို့သော် အခြားသောကိစ္စများ (ဥပမာ_မိသားစုနှင့်အတူ ခရီးသွားနေခြင်း၊ ကလေးအား ပုခက်မှအိပ်ရာသို့ပြောင်းသိပ်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့ ကလေးဖျားနာနေခြင်း)နှင့် မိသားစုထဲတွင် ကျန်းမာရေးကိစ္စများရှိနေလျှင် လေ့ကျင့်ခြင်းကို စောင့်ဆိုင်းသင့်သည်။

အိမ်သာတက်နိုင်ရန်လေ့ကျင့်ပေးမှုအတွက် အရေးကြီးသောပြင်ဆင်မှုများ
  • စတင်လေ့ကျင့်ချိန်တွင် အိမ်သာအိုး (သို့မဟုတ်) အိမ်သာကုလားထိုင်ကို အသုံးပြုသင့်သည်။ ကလေး၏ ခြေထောက်ကို ကြမ်းပြင် (သို့မဟုတ်) ခြေတင်ခုံပေါ်တွင် ထားပါ
  • ထိုအိမ်သာကုလားထိုင်နှင့် ကလေးကို ရင်းနှီးအောင် ပြုလုပ်ပေးသင့်သည်
  • ကလေးအား အိမ်သာအိုးထိုင်ကျင့်ခြင်းကို စတင်ရန်စီစဥ်ထားပါက ထိုအိမ်သာအိုးကို သင့်လျော်သောနေရာ (ဥပမာ_ရေချိုးခန်း)တွင် ထားသင့်သည်။ အိမ်သာအိုးတွင် ထိုင်နေစဥ် စာအုပ်ဖတ်ပြခြင်း၊ ကစားစရာများနှင့် ကစားခြင်းတို့ ပြုလုပ်နေနိုင်သည်
  • ကလေးက အိမ်သာကုလားထိုင်ကို ကြောက်ရွံ့နေလျှင်၊ ထိုကုလားထိုင်ကို အသုံးပြုရန် အလွန်အမင်း တွန်းအားပေးခြင်း မပြုလုပ်ရပါ
  • ပုံမှန် တစ်နေ့တစ်ကြိမ် ကလေးကို အဝတ်ဝတ်လျက်နှင့်ပင် အိမ်သာကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းသင့်သည်၊ ထိုသို့ထိုင်သည့်အတွက်လည်း ချီးကျူးပေးပါ
  • ထို့နောက် ကလေးများကိုယ်တိုင် အလွယ်တကူ ဝတ်နိုင်၊ ချွတ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ပေးသင့်သည်
  • ကလေး၏သေးခံ (သို့မဟုတ်) အောက်ခံဘောင်းဘီမှ မစင်ကိုယူ၍၊ ကလေး၏ အိမ်သာကုလားထိုင်တွင်းသို့ထည့်ပြပါ၊ သို့မှသာ ကလေးသည် မစင် မည်သည့်နေရာသို့သွားသည်ကို သိလာပါမည်
  • ကလေး၏ဆီးသွားခြင်း (သို့မဟုတ်) ဝမ်းသွားခါနီး ပြုမူတတ်သည့် အပြုအမူများ (ဥပမာ_မျက်နှာနီရဲလာခြင်း ၊ ညည်းသံများထွက်ခြင်း)ကို မှတ်သားထားသင့်သည်၊ ထိုကဲ့သို့အပြုအမူများဖြစ်လျှင် အိမ်သာအိုးရှိရာသို့ အမြန်ခေါ်သွားသင့်သည်
  • နေ့ခင်းဘက်တွင် ကလေး၏ဆီးသွားချိန်၊ ဝမ်းသွားချိန်တို့ကို သတိထား၍ ထိုအချိန်များ (အထူးသဖြင့် အစာစားပြီးချိန် သို့မဟုတ် အရည်များသောက်ပြီးချိန်)တွင် ကလေးအား အိုးပေါ်တွင် ထိုင်စေသည့် အလေ့အထကို ပြုလုပ်ပေးသင့်သည်
  • အိမ်သာတက်ပြီးသောအခါ သန့်ရှင်းရေး သေချာစွာပြုလုပ်တတ်ရန်၊ လက်ကို သေချာစွာဆေးရန် သင်ပေးသင့်သည်
  • ထိုသို့ပြုလုပ်နိုင်ခြင်းအတွက် ကလေးအား ချီးကျူးစကားများ ပြောပေးရမည်၊ အရုပ်လေးများပေးခြင်း သို့မဟုတ် အိပ်ယာဝင်ပုံပြင်များပြောပြခြင်း စသည့် ဆုချသည့်နည်းလမ်းများလည်း ပြုလုပ်နိုင်သည်

အိမ်သာကုလားထိုင်တွင်ထိုင်ခြင်းသည် ကလေး၏စိတ်ဆန္ဒဖြင့် လုပ်ခြင်းသာဖြစ်သင့်သည်။ အတင်းတိုက်တွန်းခြင်းမပြုရပါ။ အတင်းအကျပ်တိုက်တွန်းလျှင် ပို၍ငြင်းဆန်ခြင်းဖြစ်တတ်သည်။ အကယ်၍ ကလေးသည် စိတ်ဖိစီးမှုများဖြစ်လျှင်၊ စိတ်ပူပန်များဖြစ်လျှင် အဆင်မပြေမှုများနှင့် ကြုံနိုင်သည်။ ထိုသို့ဖြစ်လျှင် တစ်ခါတစ်ရံ မတော်တဆမှုများ ဖြစ်တတ်ပါသည်။ ကလေးအား အပြစ်ပေးခြင်း၊ ရှက်ရွံ့စေခြင်းတို့ မဖြစ်စေဘဲ နှစ်သိမ့်ပေးရမည်ဖြစ်သည်။ အခြားသောကလေးများနှင့် နှိုင်းယှဥ်ခြင်းမပြုသင့်ပါ။

ညအချိန်များတွင် အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်း

ညဘက်အိပ်ချိန်များတွင် အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်း မစတင်မီတွင် နေ့အချိန်များတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် အခြေအနေကို လေ့ကျင့်ပြီးဖြစ်နေသင့်သည်။ ကလေးသည် နေ့အချိန်များတွင် ရက်အနည်းငယ်ဆက်တိုက် သေးခံထဲတွင် မသွားတော့လျှင် သို့မဟုတ် အနည်းငယ်သာစိုခြင်းများဖြစ်လျှင် ညဘက်လေ့ကျင့်ပေးခြင်းကို စတင်ရန် အဆင်သင့်ဖြစ်နေနိုင်သည်။

စတင်ကျင့်ချိန်တွင် ကလေးအား အိပ်ရာမဝင်မီတွင် အိမ်သာသွားခိုင်းရန်နှင့် ညဘက်တွင် အလွယ်တကူအသုံးပြုနိုင်စေရန် အိမ်သာအိုးအား အိပ်ရာအနီးနားတွင် ထားသင့်သည်။ တစ်ခါတစ်ရံတွင် မတော်တဆအနေဖြင့် အိပ်ရာထဲတွင် သွားနိုင်သည့်အတွက် ထိုအချိန်အတောအတွင်း အိပ်ရာခင်းများကို အစွပ်စွပ်ထားခြင်း၊ ညအချိန်နှင့် တစ်ရေးအိပ်နေချိန်များတွင် သေးခံဝတ်ပေးထားခြင်း၊ တစ်ခါသုံး လေ့ကျင့်ရေးဘောင်းဘီ ဝတ်ပေးထားခြင်းတို့ကို ပြုလုပ်နိုင်သည်။

တစ်ရေးတစ်မောအိပ်ချိန်နှင့် ညဘက်အိပ်ချိန်များတွင် လေ့ကျင့်မှုသည် ပုံမှန်အားဖြင့် အောင်မြင်ရန် ပိုကြာသည်။ ဆီးသွားလိုသည့်အချိန်များ၊ ဝမ်းသွားချင်သည့်အချိန်များတွင် နိုးလာစေသည့် အခြေအနေဖြစ်စေရန် တစ်ခါတစ်ရံ လပေါင်းများစွာအထိ ကြာနိုင်သည်။ သို့ရာတွင် အသက် (၅) နှစ်ကျော်သည်အထိ ညဘက်များတွင် အိပ်ရာထဲ ဆီးသွားနေသေးလျှင် ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်သည်။

References:

  1. Potty training: How to get the job done. (n.d.). Mayo Clinic. Retrieved May 28, 2024, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/potty-training/art-20045230
  2. Toilet Training (for Parents). (n.d.). Retrieved May 28, 2024, from https://kidshealth.org/en/parents/toilet-teaching.html
  3. Website, N. (2024). How to potty train. nhs.uk. Retrieved May 28, 2024, from https://www.nhs.uk/conditions/baby/babys-development/potty-training-and-bedwetting/how-to-potty-train/
  4. Toilet Training. (n.d.). Stanford Medicine Children’s Health. Retrieved May 28, 2024, from https://www.stanfordchildrens.org/en/topic/default?id=toilet-training-90-P02300
  5. Toilet training: a practical guide. (2023). Raising Children Network. Retrieved May 28, 2024, from https://raisingchildren.net.au/preschoolers/health-daily-care/toileting/toilet-training-guide

Share

20 November 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.