Immunization in children (ကလေးများနှင့် ကာကွယ်ဆေး)

Immunization in children (ကလေးများနှင့် ကာကွယ်ဆေး)

ကလေးငယ်များတွင် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ကိုယ်ခံအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေး၏ အသက်အရွယ်အလိုက် ကာကွယ်ဆေးများရရှိရန် အလွန်အရေးကြီးသည်။ ကိုယ်ခံအားဆိုသည်မှာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုး၊ မှိုပိုး စသည့် ရောဂါပိုးများရန်မှ ခံနိုင်ရည်ရှိစေရန် ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်သော စွမ်းအင်တစ်မျိုးဖြစ်သည်။

ကာကွယ်ဆေးများသည် ကလေးလူကြီးအားလုံး ထိုးနှံသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည့်စုံအောင်မြင်ပြီးမှသာ သုံးစွဲထိုးနှံခွင့်ပြုထားသော ဆေးဝါးများဖြစ်သည်။ ထိုးဆေး၊ ပါးစပ် အစက်ချဆေး၊ နှာခေါင်းအတွင်းဖျန်းဆေး စသည်ဖြင့် ကာကွယ်ဆေးအမျိုးအစား များစွာရှိသည်။ ကာကွယ်ဆေးများကို ပိုးအသေ၏ အစိတ်အပိုင်းများမှ လည်းကောင်း၊ ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှ လည်းကောင်း ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားကြသည်။ အချို့ကာကွယ်ဆေးများတွင် ရောဂါပိုး၏ မျိုးရိုးဗီဇအစိတ်အပိုင်း အနည်းငယ်ဖြင့် ပြုပြင်ထုတ်လုပ်ထားနိုင်သည်လည်းရှိသည်။

ကိုယ်ခန္ဓာအတွင်းသို့ အဆိုပါပိုးအစိတ်အပိုင်းများ ဝင်ရောက်လာလျှင် ပဋိလှုံ့ပစ္စည်း (antigen) အနေဖြင့် လုပ်ဆောင်ပြီး ကိုယ်ခန္ဓာအတွင်းမှ ပဋိပစ္စည်း (antibody)များ ထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ရောဂါပိုးများဝင်ရောက်လာလျှင် တိုက်ခိုက်နိုင်ရန်နှင့် ခံနိုင်ရည်ရှိစေရန် ကာကွယ်ပေးသည်။ ကာကွယ်ဆေးထိုးပြီး ကိုယ်ခန္ဓာအတွင်းပဋိပစ္စည်း (antibody) များထွက်ရှိရန် ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်ခန့်အထိ ကြာတတ်သည်။

Immunization in children image 1
ကလေးများအတွက် ကာကွယ်ဆေးများ

ကလေးငယ်များတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သော ရောဂါများ (Vaccine preventable diseases)နှင့် ရောဂါပိုးများမှာ _

  • အသည်းရောင်အသားဝါ ဘီ
  • ပြင်းထန်တီဘီရောဂါ
  • ဆုံဆို့နာ
  • ကြက်ညှာချောင်းဆိုး
  • မေးခိုင်
  • ပိုလီယို
  • ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်သော ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ
  • ပြင်းထန်အဆုတ်ရောင် ဘက်တီးရီးယားပိုး (Pneumococci)
  • အဆုတ်ရောင်နှင့် ဦးနှောက်အမြှေးရောင် ဘက်တီးရီးယားပိုး (Hib)
  • ပြင်းထန် ဦးနှောက်အမြှေးရောင် ဘက်တီးရီးယားပိုး (Meningococci)
  • ဝက်သက်
  • ဂျိုက်သိုး
  • ပါးချိတ်ရောင်
  • တုပ်ကွေး
  • ရေကျောက်
  • ဂျပန်ဦးနှောက်ရောင်
  • ရာသီတုပ်ကွေး
  • အသည်းရောင်အသားဝါ အေ ရောဂါပိုးတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အဆိုပါရောဂါများအတွက် ကာကွယ်ဆေးများ ရရှိထိုးနှံနိုင်သည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မထိုးနှံတော့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘီစီဂျီ (တီဘီ ကာကွယ်ဆေး)နှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို ယခုထက်တိုင် ဆက်လက်ထိုးပေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်များအရ အောက်ပါကာကွယ်ဆေးများကို မွေးကင်းစမှ အသက် (၁၂)နှစ်ထိ ကလေးများတွင် အသက်အရွယ်အလိုက် နီးစပ်ရာ အစိုးရဆေးရုံ (သို့မဟုတ်) ‌ဒေသန္တရ ဆေးခန်းများတွင် အခမဲ့ထိုးနှံနိုင်သည်။

အသက်ကာကွယ်ဆေးအမျိုးအစားကာကွယ်နိုင်သောရောဂါများ
မွေးစ• အသည်းရောင် အသားဝါ ဘီ• အသည်းရောင်အသားဝါ ဘီ ရောဂါ
မွေးစ သို့မဟုတ် အသက်(၁)လ• ဘီစီဂျီ (BCG)• ပြင်းထန်တီဘီရောဂါ
အသက်(၂)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)
(DTaP၊ Hepatitis B၊ H.influenza)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(Rota)

• ပိုလီယို အစက်ချဆေး (OPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၄)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (Rota)

• ပိုလီယို ပါးစပ်အစက်ချဆေး (OPV)

• ပိုလီယို ထိုးဆေးတစ်ကြိမ် (IPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ

• ပိုလီယို အကြောသေရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၆)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပိုလီယို အစက်ချဆေး (OPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၉)လ• ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး

• ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး
• ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

• ဂျပန်ဦးနှောက်ရောင် ရောဂါ
အသက်တစ်နှစ်ခွဲ• ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး

• ငါးမျိုးစပ်ကာကွယ်ဆေး
• ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊အသည်းရောင်အသားဝါ ဘီ
အသက်(၉)နှစ်• အိတ်ချ်ပီဗီ ကာကွယ်ဆေး• သားအိမ်ခေါင်းကင်ဆာရောဂါ
အသက်(၁၀)နှစ်• အိတ်ချ်ပီဗီ ကာကွယ်ဆေး• သားအိမ်ခေါင်းကင်ဆာရောဂါ

အထက်ပါ ကာကွယ်ဆေးများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(Rota) နှင့် ပိုလီယို ပါးစပ်အစက်ချဆေး (OPV) တို့သည် ပါးစပ်မှအစက်ချ၍ တိုက်ရသော ကာကွယ်ဆေးအမျိုးအစားများဖြစ်ပြီး ကျန်သော ကာကွယ်ဆေးများမှာ ထိုးဆေးများဖြစ်ကြသည်။ လက်မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာကို ဖြစ်စေ၊ အရေပြားအောက်သို့ လျှပ်၍ဖြစ်စေ ထိုးရသောဆေးများဖြစ်သည်။

ထို့ပြင် ကလေးများ အသက်(၄)နှစ် မှ ‌(၆)နှစ်ကြား ‌ကျောင်းစမတက်မီ အချိန်တွင်

  1. ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ)
  2. ပိုလီယို ကာကွယ်ဆေး (ထိုးဆေး)
  3. ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး သုံးမျိုးစပ်ကာကွယ်ဆေး
  4. ရေကျောက်ကာကွယ်ဆေး တို့ကို တစ်ကြိမ်စီ ထပ်ဆောင်းထိုးနှံသင့်သည်။
အပိုထပ်ဆောင်း ထိုးနှံပေးနိုင်သော ကာကွယ်ဆေးများ

မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်တွင် မပါဝင်သော်လည်း ကလေးများအတွက် လိုအပ်သလို အပိုထပ်ဆောင်းပြီး ထိုးနှံပေးနိုင်သော ကာကွယ်ဆေးအချို့လည်းရှိသည်။ ပြင်ပ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အခကြေးငွေဖြင့် ထိုးနှံနိုင်သည်။ ထိုကာကွယ်ဆေးများမှာ _

(၁) ရာသီတုပ်ကွေး ကာကွယ်ဆေး

  • အသက် (၆)လ အထက်မှစ၍ ထိုးနှံနိုင်သည်
  • လက်‌မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသော ဆေးဖြစ်သည်
  • အသက် (၉)နှစ်အောက် ကလေးများတွင် ပထမဆုံးထိုးသည့်နှစ်တွင် နှစ်ကြိမ် (တစ်လစီခြား၍) ထိုးရန်လိုသည်၊ နောက်နှစ်များတွင် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ထိုးနှံသွားနိုင်သည်
  • အသက် (၉)နှစ် အထက် ကလေးကြီးများတွင်မူ တစ်နှစ်လျှင် တစ်ကြိမ်သာ ထိုးရန် လိုအပ်သည်။

(၂) ရေကျောက်‌ရောဂါ ကာကွယ်ဆေး

  • အသက် (၁)နှစ် အထက်မှစ၍ ထိုးနှံနိုင်သည်၊ တစ်ကြိမ်ထိုးနှံပြီးလျှင် အသက် (၄)နှစ် မှ (၆)နှစ်ကြားတွင် နောက်ထပ်တစ်ကြိမ်ထိုးနိုင်သည်
  • လက်‌မောင်း (သို့မဟုတ်) ပေါင်တွင် အရေပြားအောက်သို့ လျှပ်၍ ထိုးရသော ဆေးဖြစ်သည်
  • အသက် (၇)နှစ် အထက်ရောက်မှထိုးသော ကလေးများတွင်မူ ကာကွယ်ဆေးနှစ်ကြိမ်ကို သုံးလခြား၍ ထိုးနိုင်သည်

သတိပြုရန်မှာ ရေကျောက်ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အတွင်း သွေး (သို့မဟုတ်) သွေးနှင့် ဆက်စပ်သောဆေးများကို မလိုအပ်ဘဲ သွင်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ခြောက်ပတ်အတွင်း အက်စ်ပရင် (aspirin) ကဲ့သို့ဆေးဝါးများ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်ရမည်။

(၃) အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး

  • အသက် (၁)နှစ် မှစ၍ ထိုးနှံနိုင်သည်၊ (၆)လခြား၍ နောက်တစ်ကြိမ် ထိုးရမည်
  • လက်‌မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသောဆေးဖြစ်သည်

(၄) ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (MenACWY vaccine)

  • အသက် (၁၁)နှစ် မှ (၁၂)နှစ်ကြားတွင် တစ်ကြိမ် ထိုးနိုင်သည်
  • လက်‌မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသောဆေးဖြစ်သည်
  • အသက် (၁၆)နှစ်တွင် ဒုတိယအကြိမ် ထိုးနိုင်သည်။

(၅) သွေးလွန်တုပ်ကွေးကာကွယ်ဆေး

သွေးလွန်တုပ်ကွေးကာကွယ်ဆေး Dengvaxia နှင့် Q denga ဟူ၍ (၂) မျိုးရှိသည်။ အချို့သောနိုင်ငံများတွင် ထိုးနှံနိုင်ပြီဖြစ်သော်လည်း သက်ဆိုင်ရာဆေးများ၏ ကန့်သတ်ချက်များ၊ နောက်ဆက်တွဲအန္တရာယ်များနှင့် အာနိသင်များကို စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်သည်။

(၆) ကိုဗစ်ကာကွယ်ဆေး
အသက် (၆)လနှင့်အထက် ကလေးတိုင်းကို ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။ အသက် (၁၂)နှစ်အောက် ကလေးများတွင် နောက်ဆုံးပေါ် Pfizer-BioTech (သို့မဟုတ်) Moderna covid 19 vaccine နှစ်မျိုးနှင့် အသက် (၁၂)နှစ်အထက် ကလေးများတွင် အထက်ပါဆေးနှစ်မျိုးအပြင် နောက်ဆုံးပေါ် Novavax ကာကွယ်ဆေးကိုပါ ထိုးပေးနိုင်သည်။

  • အသက် (၆)လ မှ (၄)နှစ်အထိ ကလေးများတွင်
    • ယခင် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးဖူးသေးလျှင် Moderna ကာကွယ်ဆေးကို နှစ်ကြိမ် (သို့မဟုတ်) Pfizer ကာကွယ်ဆေးကို သုံးကြိမ်ထိုးနိုင်သည်
  • ယခင် ကာကွယ်ဆေး ထိုးဖူးပါက_
    • Moderna ကာကွယ်ဆေး တစ်ကြိမ် ထိုးဖူးလျှင် နောက်ထပ်တစ်ကြိမ်ကို နှစ်လခြား၍
    • Pfizer ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖူးလျှင် နောက်ထပ်တစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ်သာ ထိုးဖူးလျှင် နောက်ထပ်နှစ်ကြိမ်ကို နှစ်လစီခြား၍ ထပ်မံထိုးသင့်သည်
  • အသက် (၅)နှစ် မှ (၁၁)နှစ်အထိ ကလေးများကို ယခင် ကိုဗစ်ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ နောက်ဆုံးပေါ် Pfizer (သို့မဟုတ်) Moderna ကာကွယ်‌ဆေး တစ်ကြိမ် ထိုးသင့်သည်
  • အသက် (၁၂)နှစ်အထက် ကလေးများတွင်
    • ယခင်က ကိုဗစ်ကာကွယ်ဆေး မထိုးထားသော ကလေးများအား နောက်ဆုံးပေါ် Pfizer (သို့မဟုတ်) Moderna ကာကွယ်‌ဆေးတစ်မျိုးကို တစ်ကြိမ် ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံးပေါ် Novavax ကာကွယ်ဆေးကို နှစ်ကြိမ်ဖြစ်စေ ထိုးသင့်သည်
    • ယခင်က ကိုဗစ်ကာကွယ်ဆေးထိုးဖူးသော ကလေးများတွင် နောက်ဆုံးပေါ် ကာကွယ်ဆေးသုံးမျိုး (Pfizer, Moderna, Novavax)မှ တစ်မျိုးမျိုးကို တစ်ကြိမ် ထိုးသင့်သည်။
ကာကွယ်ဆေးထိုးရာတွင် သတိပြုရမည့် အချက်များ
  1. ကာကွယ်ဆေးထိုးခြင်းသည် ဘေးကင်းပြီး ရောဂါကာကွယ်ရာတွင် အထိ‌ရောက်ဆုံးဖြစ်သည်။ သို့သော် ရှားရှားပါးပါးနောက်ဆက်တွဲ အန္တရာယ်အနေဖြင့် ကာကွယ်ဆေးအားလုံးတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း သိရှိနားလည်ရမည်ဖြစ်သည်။ ကာကွယ်ဆေးများ၏ နောက်ဆက်တွဲ ပြဿနာများတွင်
    • သာမန်မပြင်းထန်သော လက္ခဏာများနှင့်
    • ပြင်းထန်သော လက္ခဏာများ ဟူ၍ (၂)မျိုး တွေ့ရတတ်သည်။
      ပြင်းထန်သောလက္ခဏာများ (ဥပမာပြင်းထန်သောဓာတ်မတည့်တုံ့ပြန်မှုဖြစ်ခြင်း၊ တက်ခြင်း) ဖြစ်စေသော ကာကွယ်ဆေးကို မိမိကိုယ်တိုင် သိရှိမှတ်သားထားရန် လိုသည်။ နောက်တစ်ကြိမ် ထိုးရပါက ဆရာဝန်အား ဓာတ်မတည့်တုံ့ပြန်မှုရာဇဝင်ကို ပြောပြပြီး ဆေးရုံတွင်သာ ထိုးသင့်သည်။ ဆေးထိုးပြီးနောက် ကလေးအား (၂၄)နာရီခန့် ဆေးရုံတင်၍ စောင့်ကြည့်ရန် လိုအပ်သည်။
  2. Live vaccine ဟုခေါ်သော ပိုးအရှင်၏တစ်စိတ်တစ်ပိုင်းမှ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့် ကာကွယ်ဆေးများ (ဥပမာ ‌ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေး)ကို မွေးရာပါကိုယ်ခံအား ချို့တဲ့သော‌‌ရောဂါရှိသည့် ကလေးများ၊ HIV ပိုးကြောင့် ကိုယ်ခံအား ချို့တဲ့သော ကလေးများ၊ ကိုယ်ခံအားကျစေသော ဆေးဝါးများ (ဥပမာ_ စတီးရွိုက်ကဲ့သို့ဆေးများ)ကို ပမာဏများများ သို့မဟုတ် ရေရှည်သောက်သုံးနေရသော ကလေးများတွင် ပုံမှန်အားဖြင့် ရှောင်သင့်သည် သို့မဟုတ် ဆရာဝန်နှင့်တိုင်ပင်ပြီးမှထိုးသင့်သည်။
    သို့ရာတွင် ရောဂါအခံကြောင့် စတီးရွိုက်သောက်ဆေးများ ကြာရှည်စွာစွဲသောက်နေရသော ကလေးများတွင် ကုသမှု ပြီးဆုံး၍ ဆေးများရပ်ရပါက ဆေးရပ်ပြီး တစ်လအကြာတွင် ကာကွယ်ဆေးများ ပြန်လည် ထိုးပေးနိုင်သည်။ ကင်ဆာရောဂါကလေးများတွင်လည်း ကင်ဆာကုသမှုများ လုံးဝပြီးမြောက်ပြီးနောက် တစ်နှစ်အကြာတွင် ကာကွယ်ဆေးများ ပုံမှန်ပြန်ထိုးနိုင်သည်။
  3. HIV ပိုးရှိသူမိခင်မှ မွေးဖွားသော ကလေးများအား ယခင်က ဘီစီဂျီ ကာကွယ်ဆေးမထိုးသင့်ကြောင်း အဆိုပြုချက်များ ရှိခဲ့သော်လည်း ယခုအခါ ယေဘုယျအားဖြင့် ကာကွယ်ဆေးစီမံချက်တွင် ပါဝင်သော ကာကွယ်ဆေးများအားလုံး ထိုးနှံခြင်းသည် ပို၍အကျိုးရှိကြောင်း တွေ့ရှိရသည်။
  4. ကြက်ဥပရိုတင်းဓာတ်များ ပါဝင်သော ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး သုံးမျိုးစပ်ကာကွယ်ဆေးနှင့် ရာသီတုပ်ကွေးကာကွယ်ဆေးများကို ကြက်ဥနှင့်မတည့်သော ကလေးများအား ထိုးနှံရာတွင် ဂရုပြုသင့်သည်။ သို့သော် ကြက်ဥနှင့် ဓာတ်မတည့်သော ကလေးများအား အထက်ပါ ကာကွယ်ဆေးနှစ်မျိုးထိုးနှံရာတွင် ပြင်းထန်သော လက္ခဏာများ ဖြစ်နိုင်ခြေနည်းပါး‌ကြောင်း သုတေသနမှတ်တမ်းများအရ သိရှိရသည်။
    ထို့အပြင် အချို့သောကာကွယ်ဆေးများတွင်ပါ၀င်‌သော ဓာတုပစ္စည်းအချို့ (ဥပမာ – gelatin, neomycin)နှင့် ပြင်းထန်သော ဓာတ်မတည့်မှုရှိသော ကလေးများသည်လည်း အဆိုပါကာကွယ်ဆေးများကိုရှောင်သင့်သည်။
  5. ပိုးအရှင်မှ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့် ကာကွယ်ဆေးနှစ်မျိုးကို တစ်ပြိုင်တည်းထိုးနှံလိုလျှင် တစ်ရက်တည်းတွင် ခန္ဓာကိုယ်၏ မတူညီသော နေရာများ၌ တစ်ပြိုင်တည်း ထိုးနှံနိုင်သည်။ ထိုသို့ မထိုးနှံလိုပါက ဆေးတစ်မျိုးနှင့် တစ်မျိုးအကြား (၄)ပတ် ခြားပြီးမှ ထိုးပေးသင့်သည်။ ပိုးအသေမှထုတ်ထားသော ကာကွယ်ဆေးများနှင့် တွဲထိုးလျှင်မူ အချိန်ခြားရန်မလိုဘဲ အဆင်ပြေသည့်ရက်တွင် ရှေ့ဆင့်နောက်ဆင့် ထိုးနှံနိုင်သည်။
  6. ကာကွယ်ဆေးထိုးမည့်နေ့တွင် ကလေးဖျားနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်။

References:

  1. About Vaccines for your Children. (2024). Vaccines for Your Children. Retrieved July 3, 2024, from https://www.cdc.gov/vaccines-children/about/index.html
  2. World Health Organization: WHO. (2019). Vaccines and immunization. Retrieved July 3, 2024, from https://www.who.int/health-topics/vaccines-and-immunization
  3. Vaccinations for children – Start for Life. (n.d.). nhs.uk. Retrieved July 3, 2024, from https://www.nhs.uk/start-for-life/toddler/vaccinations-for-children/
  4. Questions about vaccination? Mayo Clinic can help. (n.d.). Mayo Clinic. Retrieved July 3, 2024, from https://www.mayoclinic.org/diseases-conditions/infectious-diseases/in-depth/vaccine-guidance/art-20536857#:~:text=Here%27s%20what%20you%20need%20to%20know%20about%20vaccines%20that%20are
  5. Professional, C. C. M. (2024). Vaccines. Cleveland Clinic. Retrieved July 3, 2024, from https://my.clevelandclinic.org/health/treatments/24135-vaccines
  6. CDC. (2024). 2024–2025 COVID-19 Vaccine Immunization Schedule for People 6 Months of Age and Older. Retrieved July 3, 2024, from https://www.cdc.gov/vaccines/covid-19/downloads/covid-19-immunization-schedule-ages-6months-older.pdf
  7. Child and Adolescent Immunization Schedule by Age. (2024). Vaccines & Immunizations. Retrieved July 3, 2024, from https://www.cdc.gov/vaccines/hcp/imz-schedules/child-adolescent-age.html
  8. Staying Up to Date with COVID-19 Vaccines. (2024). COVID-19. Retrieved July 3, 2024, from https://www.cdc.gov/covid/vaccines/stay-up-to-date.html

Share

9 December 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.