Medication during pregnancy (ကိုယ်ဝန်ဆောင်နှင့် ဆေးဝါးများ)

Medication during pregnancy (ကိုယ်ဝန်ဆောင်နှင့် ဆေးဝါးများ)

ကိုယ်ဝန်ဆောင်ကာလသည် အမျိုးသမီးများ၏ ဘဝတွင် အလွန်အရေးကြီးသော အချိန်ကာလဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲမှုကြောင့် ဆေးဝါးများ၏ အာနိသင်အပေါ် သက်ရောက်မှုများ ရှိနိုင်သည်။ ဆေးဝါးများကြောင့်လည်း သန္ဓေသားကို ထိခိုက်နိုင်သည်။ အချို့ဆေးဝါးများကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သို့မဟုတ် ကိုယ်ဝန်၏ ပထမ (၃) လပတ်ကာလ ကျော်လွန်ပြီးနောက် သောက်သုံးပါက အန္တရာယ်မရှိဟု သတ်မှတ်ထားသော်လည်း၊ သန္ဓေသားကို ထိခိုက်စေနိုင်သော ဆေးဝါးများကိုမူ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သောက်သုံးရန် မသင့်ပါ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးများသောက်သုံးရာတွင် ဆရာဝန်နှင့်တိုင်ပင်ပြီး စနစ်တကျ သုံးစွဲသင့်သည်။

ဆေးဝါးအုပ်စု (၅) မျိုး

ကိုယ်ဝန်ဆောင်စဉ် အသုံးပြုရသော ဆေးဝါးများကို သန္ဓေသားအား ထိခိုက်နိုင်မှုအလားအလာ (Potential teratogenic risks) ပေါ်မူတည်၍ အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (Food and Drug Administration – FDA) မှ အုပ်စု (၅) ခု ခွဲခြားထားသည်။ အုပ်စုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အုပ်စု (A)

စနစ်တကျနှင့် ပြည့်စုံစွာ ပြုလုပ်ထားသော လူသားလေ့လာစမ်းသပ်ချက်များအရ ကိုယ်ဝန်ပထမ (၃) လတာ ကာလအတွင်း သန္ဓေသားထိခိုက်မှုရှိကြောင်း အထောက်အထားဖော်ပြချက်မရှိသည့်အပြင် ကိုယ်ဝန်နောက်ပိုင်း ကာလများတွင်လည်း ထိခိုက်မှုအန္တရာယ် မတွေ့ရသော ဆေးဝါးများပါဝင်သည်။ (ဥပမာ _ ကိုယ်ဝန်ဆောင်အားဆေးများ၊ Levothyroxine)

အုပ်စု (B)

တိရစ္ဆာန်များတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသားထိခိုက်မှု မတွေ့ရှိရသော ဆေးဝါးများ သို့မဟုတ် တိရစ္ဆာန်များတွင် သန္ဓေသားထိခိုက်မှုရှိသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ပထမ (၃) လကာလအတွင်း သန္ဓေသားထိခိုက်မှုရှိကြောင်း အထောက်အထား မတွေ့ရှိရသော၊ ကိုယ်ဝန်နောက်ပိုင်းကာလများတွင်လည်း ထိခိုက်မှုအန္တရာယ် မတွေ့ရသော ဆေးဝါးများပါဝင်သည်။
(ဥပမာ _ ပါရာစီတမော၊ အမောက်ဆီစလင် – Amoxicillin)

အုပ်စု (C)

တိရစ္ဆာန်များတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသားကို ဆိုးကျိုးဖြစ်စေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်မူ လေ့လာစမ်းသပ်မှုများ မပြုလုပ်ထားသော ဆေးဝါးများ သို့မဟုတ် လေ့လာစမ်းသပ်မှု လုံးဝမရှိသေးသော ဆေးဝါးများ ပါဝင်သည်။ ထိုဆေးဝါးများကို အသုံးပြုရာတွင် မိခင်အတွက် အကျိုးရလဒ်နှင့် သန္ဓေသား၏ အန္တရာယ်ကို ချင့်ချိန်ရသည်။
(ဥပမာ – Diltiazem၊ Spironolactone)

အုပ်စု (D)

သန္ဓေသားအတွက် အန္တရာယ်ရှိသည်ဟု အထောက်အထား ဖော်ထုတ်ပြသနိုင်သော ဆေးဝါးများ ပါဝင်သည်။ သို့သော် မိခင်၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေများ သို့မဟုတ် အခြားစိတ်ချရသော ဆေးဝါးများ သုံး၍မရသည့် အရေးပေါ်ရောဂါအခြေအနေများတွင် သန္ဓေသားအတွက် အန္တရာယ်ရှိသော်လည်း မိခင်၏အကျိုးရလဒ်အတွက် လက်ခံ၍ အသုံးပြုသည်။
(ဥပမာ _ အတက်ရောဂါကုဆေးတချို့ – Phenytoin၊ Valproic acid)

အုပ်စု (X)

တိရစ္ဆာန်များ (သို့မဟုတ်) လူများတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသားကိုယ်အင်္ဂါ ချို့ယွင်းထိခိုက်မှုများ ရှိကြောင်း အထောက်အထား ဖော်ထုတ်ပြသနိုင်သော ဆေးဝါးများပါဝင်သည်။ မိခင်အကျိုးရလဒ်ထက်စာလျှင် ကလေးအတွက် ဆိုးကျိုးအလွန်များသောကြောင့် ကိုယ်ဝန်ဆောင်စဉ် ထိုဆေးများအသုံးပြုခြင်းကို တားမြစ်ထားသည်။
(ဥပမာ – Thalidomide၊ Warfarin)

ကိုယ်ဝန်ဆောင်စဥ် ခံစားရသောဝေဒနာများနှင့် သောက်သုံးနိုင်သောဆေးဝါးများ

ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အမျိုးသမီးများခံစားရသော ဝေဒနာများ သက်သာစေရန် စိတ်ချရသော ဆေးဝါးများကို ရွေးချယ်အသုံးပြုနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ခံစားရနိုင်သော ဝေဒနာများနှင့် သက်သာစေရန် အသုံးပြုနိုင်သည့် ဆေးဝါးများကို အောက်တွင် ဖော်ပြထားသည်။

(၁) ပျို့အန်ခြင်း (Nausea and Vomiting)
ကိုယ်ဝန်ဆောင်အမျိုးသမီး (၈၀) ရာခိုင်နှုန်းခန့်သည် ပျို့အန်ခြင်းကို ခံစားရသည်။

ဆေးဝါးများ

  • Doxylamine
  • Vitamin B6
  • Promethazine စသည့် ဆေးဝါးများကို အသုံးပြုနိုင်သည်။

အလွန်အမင်းပျို့အန်ခြင်းအတွက် အခြားသောဆေးများနှင့် မသက်သာပါက

  • Metoclopramide နှင့်
  • Ondansetron တို့ကို အသုံးပြုနိုင်သည်။

(၂) ဓာတ်မတည့်ခြင်း (Allergies)
ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းစသည့် ဓာတ်မတည့်မှု လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ဆေးဝါးများ

  • နှာခေါင်းချွဲဖျော်ဆေးများ (Neti pot, Saline Nasal Drops, Saline Spray)
  • စတီးရွိုက် နှာခေါင်းတွင်းဖျန်းဆေး (Steroid Nasal Spray)
  • Loratadine
  • Cetrizine
  • Chlorpheniramine စသည်တို့ကို အသုံးပြုနိုင်သည်။

(၃) ခေါင်းကိုက်ခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းများ (Headache, Body Aches, and Pain)
ကိုယ်ဝန်ဆောင်ချိန်တွင် ခေါင်းကိုက်ခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းများ ပိုမိုခံစားရနိုင်သည်။

ဆေးဝါးများ

  • ပါရာစီတမော (Acetaminophen) – စိတ်ချစွာ သောက်နိုင်သော အကိုက်အခဲပျောက်ဆေးဖြစ်သည်
  • အခြားအကိုက်အခဲပျောက်ဆေးများ (NSAIDs)
  • Ibuprofen – သန္ဓေသားကိုယ်အင်္ဂါ ချို့ယွင်းထိခိုက်မှုအန္တရာယ်မရှိသော်လည်း ကိုယ်ဝန်တတိယ (၃) လပတ်တွင် မသုံးစွဲသင့်ပါ

(၄) အအေးမိဖျားနာခြင်း (Cold and Flu)
အအေးမိဖျားနာခြင်းဖြစ်ပါက ခံစားရသော ဝေဒနာတစ်ခုချင်းအပေါ် မူတည်၍ ဆေးဝါးများ အသုံးပြုနိုင်သည်။

ဆေးဝါးများ

  • ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
  • နှာခေါင်းချွဲဖျော်ဆေးများ (Neti pot, Saline Nasal Drops, Saline Spray)
  • ပါရာစီတမော (Acetaminophen)
  • Dextromethorphan
  • Diphenhydramine (လိုအပ်သည်ထက် ဆေးပမာဏများစွာ သောက်သုံးမိပါက သားအိမ်ကြွက်သားလှုပ်ရှားမှုများစေသော အခြေအနေဖြစ်နိုင်ခြေရှိသည်)
  • Guaifenesin [သန္ဓေသားတွင် မွေးရာပါကျောရိုးနှင့် ကျောရိုးအာရုံကြောမကြီးပြဿနာများ ဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုသင့်သည်]
  • Pseudoephedrine [သန္ဓေသားတွင် ချက်၏နံဘေး ဝမ်းဗိုက်ကြွက်သားများကြားရှိ အပေါက်မှ အူများ ကျွံထွက်နိုင်သောအခြေအနေ – Gastroschisis ဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုသင့်သည်]

(၅) ရင်ပူခြင်း (Heartburn)
ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးကြီးထွားလာသည်နှင့်အမျှ အစာအိမ်မှ အက်ဆစ်များ အစာမျိုပြွန်အတွင်း ပြန်တက်သဖြင့် ရင်ပူခြင်းကို ခံစားရနိုင်သည်။

ဆေးဝါးများ

  • Aluminum Hydroxide/ Magnesium Carbonate
  • Aluminum Hydroxide/ Magnesium Hydroxide
  • Calcium Carbonate/ Magnesium Carbonate
  • Ranitidine
  • Famotidine စသည့်ဆေးဝါးများကို သုံးစွဲနိုင်သည့်အပြင်
  • ဒိန်ချဉ်၊ နွားနို့စသည်တို့ကို သောက်သုံးနိုင်သည်။

(၆) ဝမ်းလျှောခြင်း (Diarrhea)
ကိုယ်ဝန်ဆောင်စဉ်တွင် ဝမ်းလျှောခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်

ဆေးဝါးများ

  • ဓာတ်ဆား
  • Probiotics
  • Loperamide [ကိုယ်ဝန် ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုနိုင်ပြီး၊ (၂၄) နာရီထက် ကျော်လွန်ပြီး သောက်သုံးရန် မသင့်ပါ]

(၇) ဝမ်းချုပ်ခြင်း (Constipation)
ကိုယ်ဝန်ဆောင်ဟော်မုန်းပြောင်းလဲမှုများ၊ ဗိုက်တာမင်အားဆေးများ၊ သန္ဓေသားကြောင့် အစာဟောင်းအိမ်အပေါ် ဖိအားသက်ရောက်မှုများကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။

ဆေးဝါးများ

  • Osmotic laxatives (e.g., Lactulose, Polyethylene glycol – PEG/Macrogol)
  • Bulk-forming laxatives (e.g., Psyllium, Methylcellulose)
  • Stool softener (Docusate sodium) စသည့်ဆေးဝါးများကို လိုအပ်ပါက သုံးနိုင်သည်။

အခြားနည်းလမ်းများ _ ရေများများသောက်ခြင်း၊ အမျှင်ဓာတ်များသော အစားအစာများ စားသုံးခြင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။

(၈) လိပ်ခေါင်းရောဂါ (Haemorrhoids)
နာတာရှည် ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းရောဂါ ဖြစ်ပေါ်နိုင်သည်။

ဆေးဝါးများ
Lidocaine (Xylocaine), Pramoxine, Zinc oxide, petroleum jelly, Witch Hazel Pad စသည့် လိမ်းဆေးများကို အသုံးပြုနိုင်သည်။

(၉) အိပ်မပျော်ခြင်း (Insomnia)
ကိုယ်ဝန်ဆောင်စဉ်တွင် အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဆေးဝါးများ
Diphenhydramine ကဲ့သို့ ဟစ်တမင်းဆန့်ကျင်ဆေးများကို အိပ်မပျော်ခြင်းအတွက် တစ်ခါတစ်ရံ အသုံးပြုနိုင်သည်။

အခြားနည်းလမ်းများ _ ပုံမှန် သက်သောင့်သက်သာဖြင့် အိပ်စက်ခြင်း၊ ကဖိန်းဓာတ်ကို ကန့်သတ်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေသော နည်းလမ်းများ ကျင့်သုံးနိုင်သည်။

(၁၀) အရေပြားဆိုင်ရာရောဂါနှင့် အခြေအနေများ

ဆေးဝါးများ

  • ပြတ်ရှဒဏ်ရာ၊ ကုတ်ခြစ်ရာ၊ အပူလောင်ခြင်း (Cuts, Scrapes, and Burns) များအတွက်
    • Bacitracin Ointment
    • Neomycin
    • Polymyxin B လိမ်းဆေးများ
  • အနီကွက်များ (Rash) များအတွက်
    • Diphenhydramine Cream
    • 1% Hydrocortisone Cream (စတီးရွိုက် လိမ်းဆေး) လိမ်းခြင်းအပြင်
    • အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်း (Oatmeal Bath) ပြုလုပ်နိုင်သည်
  • မှိုရောဂါ (Fungal Infections)
    • Fluconazole
    • Miconazole လိမ်းဆေးများကို အသုံးပြုနိုင်သည်
ကိုယ်ဝန်ဆောင်စဥ် ထိုးနိုင်သောကာကွယ်ဆေးများ

အောက်ဖော်ပြပါ ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ထိုးသင့်သည်။

  • အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B vaccine)
  • မေးခိုင်နှင့်ဆုံဆို့ကာကွယ်ဆေး (Tdap vaccine)
  • ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)
  • ကိုဗစ်ကာကွယ်ဆေး (COVID-19 vaccine)

ထို့ပြင်အဖြစ်များ၍ ရောဂါကူးစက်နိုင်ခြေမြင့်မားသော နေရာဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်

  • ဦး‌နှောက်အမြှေးရောင် ကာကွယ်ဆေး (Meningococcal Vaccine)
  • ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal Vaccine) များကို လိုအပ်လျှင် ထိုးနိုင်သည်။

သို့သော် ရေကျောက်ကာကွယ်ဆေး (Varicella vaccine) နှင့် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေး (MMR vaccine) ကဲ့သို့ ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင်နေစဥ် မထိုးသင့်ပါ။

သတိပြုရမည့်အချက်များ
  • ကိုယ်ဝန်မဆောင်မီကတည်းက ဆေးဝါးများ သောက်သုံးနေရပါက၊ ကိုယ်ဝန်ဆောင်ချိန်တွင် ထိုဆေးဝါးများကို ဆက်လက်သောက်သုံးရန် သင့်မသင့် မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) ဆေးညွှန်းပေးထားသော ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်
  • ဆရာဝန်မှ လိုအပ်သော ဆေးအသစ်ညွှန်ကြားသည့်အခါတွင်လည်း မိမိတွင် ကိုယ်ဝန်ရှိနေကြောင်းကို မမေ့မလျော့ အသိပေးရန် လိုအပ်သည်

References:

  1. Clinic, C. (2025). Your guide to Pregnancy-Safe Medications. Cleveland Clinic. Retrieved January 18, 2025, from https://health.clevelandclinic.org/pregnancy-safe-medications
  2. Taking medicine during pregnancy. (n.d.). WebMD. Retrieved January 18, 2025, from https://www.webmd.com/baby/taking-medicine-during-pregnancy
  3. FDA pregnancy categories. (n.d.). Drugs.com. Retrieved January 18, 2025, from https://www.drugs.com/pregnancy-categories.html
  4. Black, R. A., & Hill, D. A. (2003, June 15). Over-the-Counter Medications in Pregnancy. AAFP. Retrieved January 18, 2025, from https://www.aafp.org/pubs/afp/issues/2003/0615/p2517.html
  5. Guidelines for vaccinating pregnant women. (2024, July 12). Pregnancy and Vaccination. Retrieved January 18, 2025, from https://www.cdc.gov/vaccines-pregnancy/hcp/vaccination-guidelines/index.html

Published: 25 February 2025

Share

25 February 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.