Back pain (ခါးနာခြင်း)

Back pain (ခါးနာခြင်း)

မိသားစုဆရာဝန်နှင့်ပြသရသည့်ရောဂါများတွင် ခါးနာခြင်းသည် အအေးမိခြင်း(Common Cold) ပြီးလျှင် ဒုတိယအများဆုံးဟုဆိုသည်။ လူဦးရေ၏ (၈၀%) မှ (၉၀%) သည် ခါးနာခြင်းကိုကြုံတွေ့ဖူးကြပြီး နေ့စဥ် နေထိုင်မှုဘဝ၊ အလုပ်အကိုင်ကို အနှောင့်အယှက်အပေးဆုံး ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ ခါးနာခြင်းသည် သာမန်ကြွက်သားနာကျင်မှုမှသည် ကင်ဆာပျံ့နှံ့ခြင်းအထိ ဖြစ်စေသည့်အကြောင်းရင်း များစွာကျယ်ပြန့်သည်။ ခါးနာခြင်း အများစုကို မိမိကိုယ်တိုင် သက်သာပျောက်ကင်းအောင်ပြုလုပ်နိုင်သော်လည်း ရက်ရှည်ခံစားရလျှင်မူ အကြောင်းရင်းခံကို သိရှိကုသနိုင်ရန် စမ်းသပ်စစ်ဆေးမှုခံယူရမည်။

Back pain image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခါးနာခြင်းကို အမျိုးအစားခွဲလျှင် နာကျင်သည့်နေရာပေါ်မူတည်၍ (ခါးအပေါ်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတွင် နာခြင်း)ဟု ခွဲခြားနိုင်သည်။ ခါးအောက်ပိုင်းနာခြင်း (Low Back Pain)သည် အဖြစ်အများဆုံး ဖြစ်သည်။ နာကျင်မှုအတိုင်းအတာအရ သာမန်နာခြင်း၊ အတော်အတန်နာခြင်းနှင့် ပြင်းထန်စွာနာခြင်း ဟူ၍လည်း ခွဲခြားနိုင်သည်။ ဖြစ်ပေါ်သည့်အခြေအနေအရ ရုတ်တရက်ခါးနာခြင်း နှင့် နာတာရှည်ခါးနာခြင်း ကွဲပြား သည်။ အထက်ပါအမျိုးအစားများအရ ခါးနာစေသည့် နောက်ခံအကြောင်းရင်းများလည်း ကွာခြားသည်။ ခါးနာတိုင်း ကျောရိုးမကြီးကြောင့် နာကျင်သည်ဟုယူဆ၍မရပေ။

ကျောရိုးမှနာကျင်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်နိုင်သည်။

  • ကြွက်သားနှင့် အရွတ်ကြောများ ဒဏ်ပိခြင်း (Muscle and Ligament strains)
  • ထိခိုက်ဒဏ်ရာရခြင်း (Injury)
  • ကျောရိုးဆစ်ရောင်ခြင်း (Arthritis)
  • ကျောရိုးဆစ်ကြားရှိ အရည်အိတ်ကျွံခြင်း (Herniated Disc)
  • ကျောရိုးဆစ်အပေါက်ကျဉ်းခြင်း (Spinal Stenosis)
  • အာရုံကြောညပ်ခြင်း (Radiculopathy)
  • အရိုးပွ၊ အရိုးပါးရောဂါ (Osteoporosis)
  • အဆစ်ခိုင်ခါးကုန်းရောဂါ (Ankylosing Spondylosis)
  • ခါးရိုးကင်ဆာကျိတ်များ (Spinal Tumours)
  • ခါးရိုးသို့ကင်ဆာပျံ့နှံ့ခြင်း (Spinal metastasis)
  • ခါးရိုးတီဘီရောဂါ (Tuberculosis of Spine)

ကိုယ်တွင်းအင်္ဂါများမှနာကျင်မှုသည် ကျောဖက်သို့ ရွေ့လျားပျံ့နှံ့လာလျှင် ခါးနာခြင်းနှင့်ဆင်တူသည်။ အောက်ပါရောဂါများကြောင့် ခါးနာခြင်းဖြစ်တတ်သည်။

အမျိုးသမီးများတွင်ခါးနာလျှင် အောက်ပါရောဂါများဖြစ်နိုင်သည်။

  • သားအိမ်အသားလုံးတည်ခြင်း (Uterine Fibroids)
  • သားအိမ်ပြင်ပသွေးလုံးတည်ခြင်း (Endometriosis)
  • ကိုယ်ဝန်ဆောင်ခြင်း
  • ခါးရိုးကွင်းတွင်းပြည်တည်နာ (Pelvic Inflammatory Diseases)

    ကလေးများ (အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွင်)တွင်အဖြစ်များသော ခါးနာခြင်းအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • ကြွက်သားအရွတ်ဒဏ်ပိခြင်း ( နေထိုင်ပုံမူမှန်ခြင်း၊ လေးလံသည့်ကျောပိုးအိတ်များလွယ်ခြင်း၊ ကစား ခုန်စားပြုလုပ်ခြင်း၊)
  • မွေးရာပါကျောရိုးပုံပျက်ခြင်းများ (ကျောရိုးလိမ်ခြင်း – Scoliosis၊ ကျောရိုးခုံးခြင်း – Kyphosis)
  • ထိခိုက်ဒဏ်ရာများ
  • အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း (တီဗွီ၊ ကွန်ပြူတာ၊ ဂိမ်း ကြာရှည်စွာကစားခြင်း)
  • လူကြီးတွင်ဖြစ်သော ကိုယ်တွင်းအင်္ဂါနာကျင်ခြင်းများသည် ကလေးများတွင်လည်းဖြစ်နိုင်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

ခါးနာခြင်းလက္ခဏာများနှင့်ပက်သတ်၍ နာကျင်မှုပုံစံကို မိမိကိုယ်တိုင်မှတ်သားခြင်းဖြင့် ဖြစ်နိုင်သည့် အကြောင်းရင်းကို ခန့်မှန်းနိုင်သည်။

  • နာကျင်သည့်နေရာကို တိကျစွာပြောနိုင်ရမည်။ (ခါး အပေါ်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း စသည်)
  • နာကျင်မှုပုံစံ – ရုတ်တရက်နာခြင်း၊ နာတာရှည်နာခြင်း၊ စူး၍နာခြင်း၊ အောင့်ခြင်း၊ ဆက်တိုက်နာခြင်း၊ နာလိုက်ပျောက်လိုက်ဖြစ်ခြင်း၊ လှုပ်ရှားမှု ပြုလုပ်လျှင်နာခြင်း၊ လဲလျောင်းနေစဉ်တွင်ပင် နာခြင်း၊ အိပ်ပျော်စဉ် နာ၍လန့်နိုးခြင်း
  • ခါးနာခြင်းနှင့်တွဲ၍ ဖြစ်သောလက္ခဏာများ – ဖျားခြင်း၊ ခြေထောက်ထုံကျဥ်ခြင်း၊ ခြေထောက်ကြွက်သား အားပျော့ခြင်း၊ မတ်တတ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ ဆီးဝမ်း မထိန်းနိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ခါးနာလျှင် အနားယူခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းဖြင့် မိမိကိုယ်တိုင် ဦးစွာကုသနိုင်သည်။ ကြွက်သား၊ အရွတ်များ ဒဏ်ပိခြင်းတွင် လဲလျောင်း အနားယူရုံဖြင့် အများအားဖြင့် သက်သာနိုင်သည်။ အောက်ပါအခြေအနေများတွင် မိသားစုဆရာဝန်နှင့် တိုင်ပင်ကုသမှု ခံယူသင့်သည်။ လိုအပ်လျှင် မိသားစုဆရာဝန်မှ အထူးကုဆရာဝန်များနှင့် လွှဲပြောင်းကုသမှုပေးလိမ့်မည်။

  • ရက်သတ္တပတ်အနည်းငယ်အထိ မသက်သာခြင်း
  • မခံမရပ်နိုင်အောင်နာခြင်း သို့မဟုတ် ကောင်းစွာအနားယူသော်လည်း မသက်သာခြင်း
  • ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ ထုံခြင်း (အထူးသဖြင့် ဒူးခေါင်း အောက်ပိုင်းတွင် ဖြစ်ပါက အာရုံကြောညပ်နေနိုင်သည်။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

ပေါ့ဆမှုမရှိဘဲ မဖြစ်မနေ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပြသကုသမှုခံယူရမည့်အခြေအနေများမှာ

  • ဆီးဝမ်း မထိန်းနိုင်ခြင်း၊ ဆီးမသွားနိုင်ခြင်း
  • ဖျားခြင်း
  • ထိခိုက်ဒဏ်ရာရပြီးနောက် ခါးနာခြင်း တို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း

ခါးနာခြင်းအား ဖြစ်စေသည့်အကြောင်းရင်းကိုသိရှိနိုင်ရန် လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခါးကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီးလျှင်

  • ဓါတ်မှန်ရိုက်ခြင်း (X ray)
  • ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း (CT Scan)
  • သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)
  • ဆေးသွင်းအရိုးဓါတ်မှန်ရိုက်ခြင်း (Bone Scan)
  • အရိုးသိပ်သည်းမှုစစ်ဆေးခြင်း (Bone Density tests)
  • ကြွက်သားလျှပ်စစ်စီးဆင်းမှုစစ်ဆေးခြင်း (EMG)
  • သွေးစစ်ခြင်း စသည်တို့ဖြင့် အကြောင်းရင်းကို ရှာဖွေနိုင်သည်။
ကုသခြင်း

ခါးနာခြင်းသည် ကျောရိုးတွင်ဖြစ်နိုင်သည့်ပြဿနာများသာမက အခြားရောဂါများလည်း ဖြစ်နိုင်သောကြောင့် ခါးနာသည့်အကြောင်းရင်းပေါ်မူတည်၍ ကုသမှုပေးရသည်။ အနားယူရုံဖြင့် ပျောက်ကင်းခြင်းမရှိသည့် ခါးနာခြင်းများကို ဖြစ်သည့်အကြောင်းရင်းအလိုက်ကုသမှု ပေးနိုင်သည်။ ခါးရိုးပြဿနာနှင့်မသက်ဆိုင်သော အခြားခါးနာခြင်းများကို သက်ဆိုင်ရာရောဂါအလိုက်ကုသမှု ပေးသည်။

  • အကိုက်အခဲပျောက် သောက်ဆေး၊ လိမ်းဆေးများ ပေးခြင်း
  • ပြန်လည်သန်စွမ်းရေးဌာနတွင် အပူပေးကုထုံး၊ အနီအောက်ရောင်ခြည်ကုထုံး၊ လေဆာကုထုံး၊ လျှပ်စစ် ကုထုံး၊ ဓါတ်အပ်စိုက်ကုထုံး၊ လေ့ကျင့်ခန်းကုထုံး၊ စတီးရွိုက် ဆေးထိုးခြင်း၊ ခါးထိန်းခါးပတ် ဝတ်စေခြင်း စသည်တို့ဖြင့် ကုသမှုခံယူနိုင်သည်။
  • အရိုးအကြောအထူးကုဆရာဝန်၊ ခါးရိုးခွဲစိတ်ဆရာဝန်များဖြင့်ပြသခြင်း

ရုတ်တရက်ခါးနာခြင်းခံစားရသူများတွင် အများအားဖြင့် ခွဲစိတ်ကုသရခြင်းမလိုအပ်ပေ။ အခြားကုသမှုများ အောင်မြင်မှုမရသည့်အခါတွင် ခါးနာခြင်းအကြောင်းရင်းကို တိကျစွာ ဖေါ်ထုတ်ပြီးမှသာ လိုအပ်လျှင် ခွဲစိတ်မှုပြုလုပ်လေ့ရှိသည်။ ခါးနာခြင်းနှင့်ယှဥ်တွဲ၍ အောက်ပါအခြေအနေများရှိလျှင်မူ ခွဲစိတ်မှုကို အမြန်ဆုံးပြုလုပ်ရန်လိုသည်။

  • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း၊ မသွားနိုင်ခြင်း
  • ခြေထောက်ပိုင်း အားပျော့ခြင်း၊ မလှုပ်ရှားနိုင်ခြင်း
  • ပေါင်ခြံ အတွင်းပိုင်းထုံခြင်း
ကာကွယ်ခြင်း

အရိုး၊ ကြွက်သားပြဿနာနှင့်သက်ဆိုင်သော ခါးနာခြင်းကိုကာကွယ်ရန် အကောင်းဆုံးနည်းမှာ နေ့စဥ်နေထိုင်၊ အလုပ်လုပ်ပုံ ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။

  • ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ပါ။ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ သည် ခါးနာခြင်းကိုကာကွယ်ရန် သင့်တော်သည့်လေ့ကျင့်ခန်းများဖြစ်သည်။
  • ဝမ်းဗိုက်နှင့်ကျော ကြွက်သားလေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ကြွက်သားသန်မာမှုရှိလျှင် ခါးနာခြင်း ဖြစ်နှုန်းနည်းနိုင်သည်။
  • စနစ်တကျထိုင်ပါ။ ကျောမှီနှင့်လက်တင်ပါသော ဆုံလည်ကုလားထိုင်ကိုရွေးချယ်ပါ။ မတ်မတ်ထိုင်ပါ။ ခါးနောက်တွင် ခေါင်းအုံးခုခြင်းဖြင့် ခါး၏သဘာဝမျဉ်းကွေးကို ထိမ်းသိမ်းရာရောက်သည်။ ထိုင်သည့်ပုံစံကို နာရီဝက်လျှင် တစ်ကြိမ် ပြောင်းလဲပါ။ မကြာခဏလမ်းထလျှောက်ပါ။ အထူးသဖြင့် ခရီးရှည်သွားခြင်းတွင် ဤအချက်ကိုဂရုစိုက်ပါ။

    Back pain image2
  • စနစ်တကျ မတ်တပ်ရပ်ပါ။ ခါးကိုင်း၍မရပ်ရ။ ကြာရှည်ရပ်ရမည်ဆိုလျှင် ခြေတစ်ဖက်ကို အနည်းငယ် မြင့်သည့် ခုံ (သို့မဟုတ်) အရာဝထ္ထုတစ်ခုပေါ်တင်ထားပါ။ ဘယ်၊ ညာပြောင်းပါ။
  • စနစ်တကျ “မ”ပါ။ ဖြစ်နိုင်လျှင် လေးပင်သောပစ္စည်းများကို “မ”မရ။ “မ”မည်ဆိုလျှင် ခါးကို မတ်အောင် ထားပါ။ ခြေထောက်နှင့်လက်အားကို သုံးပါ။ ဒူးကွေး၍ “မ”ပါ။ အခြားသူတစ်ဦးအား ပူးပေါင်းပါဝင်ရန် အကူအညီတောင်းပါ။

    Back pain image3
  • ကိုယ်အလေးချိန်လျှော့ချပါ။
  • ဆေးလိပ်မသောက်ရ။
  • ဒေါက်မြင့်ဖိနပ်မစီးရ။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.