ကလေးများတွင် လေထိုး လေအောင့်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း စသည့် လက္ခဏာများသည် အလွန်အတွေ့ရများပြီး ဆေးရုံ၊ ဆေးခန်းများသို့လည်း မကြာခဏပြသရသည်။ သို့ရာတွင် ဗိုက်နာသော ကလေး အများစုသည် အလိုလိုပြန်သက်သာသွားလေ့ရှိကြသည်။ ဗိုက်အောင့်၊ ဗိုက်နာခြင်းတစ်မျိုးတည်းသာ ဖြစ်လေ့ ရှိသလို တစ်ခါတစ်ရံ အခြားလက္ခဏာများ (ဥပမာ_အဖျားဝင်ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း) စသည်တို့နှင့်လည်း တွဲ၍တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများ ဗိုက်နာစေသော အကြောင်းရင်းများကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားနိုင်သည်။
- ဝမ်းဗိုက်အတွင်းရှိအင်္ဂါများ(ဥပမာ- အသည်း၊ အစာအိမ်၊ အူလမ်းကြောင်း) ၏ရောဂါများ
- အစာအိမ်နှင့်အူလမ်းကြောင်း ရောင်ခြင်း၊ ပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
- အူအတက်ရောင်ခြင်း၊ အူပိတ်ခြင်း နှင့် အူခေါက်ခြင်း၊
- ဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ သန်ထိုးခြင်း
- အစားမှားခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အစာနှင့် ဓာတ်မတည့်ခြင်း
- ဗိုင်းရပ်စ်ပိုးများကြောင့် ဝမ်းဗိုက်တွင်းအကျိတ်ငယ်လေးများ ရောင်ရမ်းခြင်း
- ပဋိဇီဝပိုးသတ်ဆေးများကြောင့် ဗိုက်နာခြင်း
- အသည်း၊ သည်းခြေ၊ ပန်ကရိယ၊ ကျောက်ကပ် ရောင်ခြင်း
- ကျောက်ကပ် ကျောက်တည်ခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- အပျိုဖေါ် ဝင်ခါစအရွယ် မိန်းကလေးများတွင် ရာသီလာစဥ် နာကျင်ခြင်း၊ သားဥအိမ် အရည်အိတ်တည်ခြင်း စသည့် အမျိုးသမီး ရောဂါများ
- ဝမ်းဗိုက်ပြင်ပမှ ရောဂါများ
- အဆုတ်ရောင်ခြင်း
- ဆီးချိုရောဂါ
- ခဲဆိပ်သင့်ခြင်း
- အကြောင်းရင်း ရှာမရသောဗိုက်နာခြင်းများ (non-specific or functional abdominal pain)
အထက်ပါအကြောင်းရင်းရှာမရသော ဗိုက်နာရောဂါကို အသက် (၃) နှစ်အထက် ကလေးများတွင် တွေ့ရတတ်သည်။ အနည်းဆုံး (၃)လခန့် နာလိုက်ပျောက်လိုက် ဖြစ်နေတတ်သည်။ ထိုကလေးများတွင် ပုံမှန် ကြီးထွားမှုရှိနေပြီး အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းများ မရှိပါ။ စမ်းသပ်စစ်ဆေးမှုများ အားလုံးပုံမှန်ဖြစ်လေ့ရှိပြီး စိုးရိမ်သောကများသော ကလေးများတွင် ပိုမိုတွေ့ရသည်။
အထက်ပါအကြောင်းရင်းများစွာအနက် အချို့ရောဂါများ (ဥပမာ – အူအတက်ရောင်ခြင်း၊ အူပိတ်ခြင်း နှင့် အူခေါက်ခြင်း) စသည်တို့သည် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ကလေးများတွင် ဗိုက်နာခြင်းသာမက အခြား အရေးကြီးသော လက္ခဏာများ တွဲ၍ ပေါ်လာပါက ဆေးရုံဆေးခန်းများသို့ ချက်ချင်း ပြသသင့်သည်။ သတိထားသင့်သည့် အရေးကြီးလက္ခဏာများမှာ
- နာကျင်မှုအလွန်ပြင်းထန်သောကြောင့် ပုံမှန်အမူအရာမျိုးမဟုတ်ဘဲ အလွန်ငြိမ်နေခြင်း (သို့မဟုတ်) အော်ဟစ်လူးလှိမ့်နေခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ချွေးစေးပြန်နေခြင်း၊ ဝမ်းဗိုက်ကိုအထိမခံနိုင်အောင်နာခြင်း
- ဗိုက်နာသောနေရာသည် ချက်ပတ်ပတ်လည်မဟုတ်ဘဲ ချက်နှင့်ဝေးရာ နေရာမျိုးတွင် ပြင်းထန်စွာ နာနေခြင်း
- အဖျားကြီးခြင်း
- အစာ၊ အရည် မဝင်ခြင်း၊ ဆီးသွားသည့် အကြိမ် သိသိသာသာနည်းခြင်း
- အဆက်မပြတ် အန်ခြင်း
- ဝမ်းထဲ သွေးပါခြင်း
- ဝမ်းဗိုက်ဖောင်း၍ ရောင်ရမ်းခြင်း
- လတ်တလော ဝမ်းဗိုက်နှင့် ကိုယ်ခန္ဓာကို ထိခိုက်ထားမိခြင်း
- အဆစ်များရောင်ခြင်း၊ အနီစက်၊ အနီကွက်များ ထွက်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဗိုက်နာသောကလေးအများစုသည် နာရီပိုင်းအတွင်း အလိုအလျောက် သက်သာသွားတတ်သောကြောင့် ဆေးရုံ၊ ဆေးခန်း ပြသရန်မလိုတတ်ပါ။ သို့သော် အရေးကြီးသောလက္ခဏာများ ပေါ်လာလျှင်ဖြစ်စေ၊ ဗိုက်နာသည့် အချိန်ကာလသည် (၂၄) နာရီကျော်လာလျှင်ဖြစ်စေ၊ ကလေးအခြေအနေကို စိုးရိမ်လျှင်ဖြစ်စေ၊ လိုအပ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုပါသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အထက်ပါ အရေးကြီးလက္ခဏာများရှိလာပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများလိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ကလေးအများစုသည် အလိုအလျောက် သက်သာပျောက်ကင်းတတ်သောကြောင့် ရောဂါရှာဖွေရန်၊ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် များသောအားဖြင့် မလိုအပ်ပေ။ သို့သော် အခြား လက္ခဏာများပါ တွဲ၍ ရှိနေပါက ရောဂါ အနေအထားပေါ် မူတည်၍ ဆရာဝန်မှ
- သွေးကို ဓာတ်ခွဲ စစ်ဆေးခြင်း
- အသည်းနှင့် ကျောက်ကပ်ဓာတ်များ စစ်ဆေးခြင်း
- ဆီးစစ်ခြင်း၊ ဝမ်းစစ်ခြင်း
- ဝမ်းဗိုက်ဓါတ်မှန်၊ အာထရာဆောင်း၊ ကွန်ပြူတာဓာတ်မှန်များရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
ဗိုက်နာသော အကြောင်းရင်းကိုရှာဖွေကုသရသည်။
အကြောင်းရင်းရှာမရသောဗိုက်နာခြင်းများအတွက် အိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်သည်။
လိုက်နာသင့်သောအချက်များမှာ –
- အရည် များများ တိုက်ပေးပါ။ ရေဓာတ်ခန်းခြောက်ခြင်းသည် ဗိုက်နာခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
- ကလေးကို အဆာမခံစေဘဲ အစားအသောက်ပုံမှန် ကျွေးပေးပါ။ သန့်ရှင်းလတ်ဆတ်သော အစားအစာများသာ ကျွေးပေးပါ။ အထူးသဖြင့် ထမင်းပျော့ပျော့၊ ပေါင်မုန့်၊ ကိတ်မုန့် စသည်တို့ကို ကျွေးပါ။ တပြိုင်နက် အများကြီး မစားစေဘဲ ပမာဏ နည်းနည်း နှင့် မကြာခဏ ကျွေးပေးပါ။
- ကလေးကို အနားပေးပါ။ ဗိုက်နာနေစဥ်အတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများသော အလုပ်များ ပြုလုပ်ခြင်းကို လျှော့ပေးပါ။
- ကလေးကို ဝမ်းချုပ်မခံပါနှင့်။ ပုံမှန်ဝမ်းသွားစေသောအကျင့်ကို ပြုစုပျိုးထောင်ပေးပါ။ ဝမ်းအလွန်ချုပ်လျှင် ရေများများ တိုက်ပေးခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာများကို ကျွေးပေးခြင်းတို့ အပြင် ဝမ်းပျော့ဆေးများကိုလည်း ဆရာဝန် ညွှန်ကြားချက်ဖြင့် တိုက်ပေးနိုင်သည်။
- အသက် (၂)နှစ်နှင့်အထက် ကလေးများတွင် သန်ထခြင်းကို ကာကွယ် ကုသရန် သန်ချဆေးကိုလည်း (၆)လ (သို့မဟုတ်) တစ်နှစ်လျှင် တစ်ကြိမ် တိုက်ပေးရန် လိုပါသည်။
- ဗိုက်နာနေချိန်တွင် ကလေးဝမ်းဗိုက်ကို ဖွဖွလေးပွတ်သပ်ပေးခြင်းမျိုး ပြုလုပ်ပေးနိုင်သည်။ (သို့သော် နှိပ်နယ်ခြင်း မပြုရ) ခပ်နွေးနွေး ရေနွေးအိတ် သို့မဟုတ် ရေနွေးအဝတ်လေးအား ဝမ်းဗိုက်ပေါ် ကပ်ပေးခြင်း၊ ကလေးအား အာရုံပြောင်းပေး၍ စာအုပ်လေးများ ဖတ်ပြခြင်း၊ အရုပ်များနှင့် ဆော့ကစားစေခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။
- ဗိုက်နာနေချိန်တွင် အဖျားရှိပါက သို့မဟုတ် မအီမသာဖြစ်ခြင်းများ ရှိပါက ပါရာစီတမောတိုက်ပါ
- မကြာခဏဖြစ်နေပါက အပြုအမူဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုထုံးများကို ခံယူရန်လည်း လိုအပ်တတ်သည်။
ကာကွယ်ခြင်း
ဗိုက်အောင့်ဗိုက်နာခြင်းသည် ဖြစ်စေသော အကြောင်းရင်းများစွာရှိသောကြောင့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပါ။
References:
- Clinical Practice Guidelines : Abdominal pain – acute. (n.d.). Retrieved June 12, 2024, from https://www.rch.org.au/clinicalguide/guideline_index/Abdominal_pain/
- Abdominal pain. (2023). Mayo Clinic. Retrieved June 12, 2024, from https://www.mayoclinic.org/symptoms/abdominal-pain/basics/causes/sym-20050728
- Symptom Checker. (2020). Mayo Clinic. Retrieved June 12, 2024, from https://www.mayoclinic.org/symptom-checker/abdominal-pain-in-children-child/related-factors/itt-20009075#:~:text=Seek%20emergency%20care%20if%20your,saliva%20or%20crying%20without%20tears
- Partners in Paediatrics. (2023). Partners in Paediatrics | PiP clinical guidelines. Retrieved June 12, 2024, from https://partnersinpaediatrics.org/clinical-guidelines
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.