Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Macrocephaly – large head (ဦးခေါင်းကြီးသောကလေး)

Macrocephaly – large head (ဦးခေါင်းကြီးသောကလေး)

ဦးခေါင်းကြီးခြင်းဆိုသည်မှာ ကလေး၏ ဦးခေါင်းလုံးပတ်သည် သက်တူရွယ်တူ၊ ယောက်ျား မိန်းမတူသော အခြားကလေးများထက် သိသာစွာ ကြီးနေခြင်း ဖြစ်သည်။ ဦးခေါင်းကြီးခြင်းသည် သာမန် လက္ခဏာတစ်ခု ဖြစ်နိုင်သကဲ့သို ဆိုးရွားသော ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။ အတွေ့များသော ရောဂါအကြောင်းရင်းများမှာ ဦးနှောက်တွင်း အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)နှင့် ဗီဇကြောင့် ဦးနှောက်ကြီးသော ရောဂါတချို့ဖြစ်သည်။

ကလေးတစ်ဦး၏ ဦးခေါင်းလုံးပတ်ကို သိရှိရန် အောက်ပါပုံအတိုင်း ပေကြိုးဖြင့် ဦးခေါင်း၏ အကျယ်ဆုံးနေရာ (အရှေ့ဖက်တွင် မျက်ခုံးများအပေါ်မှ အနောက်ဖက်တွင် နောက်စေ့အကျယ်ဆုံးနေရာအထိ) ကို တိုင်းတာသည်။

ရရှိသော ဦးခေါင်းလုံးပတ်ကို သတ်မှတ်ထားသော ဇယားကွက်ပါ ဂရပ်လိုင်းများတွင် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးရသည်။ ယောက်ျားလေး (သို့မဟုတ်) မိန်းကလေးအလိုက် သီးသန့်ဇယားကွက်များရှိသည်။ တိုင်းတာရရှိသော ဦးခေါင်းအရွယ်အစားကို အသက်အရွယ်အလိုက် မှတ်သားပြီး မည်သည့်ဂရပ်လိုင်းပေါ်တွင် ရှိသည် သို့မဟုတ် အောက်တွင် ရှိသည် သို့မဟုတ် နှစ်ခုကြားတွင်ရှိသည် စသည်ဖြင့် ကြည့်ရှုစစ်ဆေးရသည်။

ပုံမှန်ကလေးများသည် အောက်ဆုံးဂရပ်လိုင်း (3rd centile) နှင့် အပေါ်ဆုံးဂရပ်လိုင်း (97th centile)ကြားတွင် ရှိသည်။ အကယ်၍ ဦးခေါင်းလုံးပတ်သည် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ၏ အထက်တွင်ရှိနေလျှင် ဦးခေါင်းကြီးသည်ဟု သတ်မှတ်သည်။

Large head image3
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဦးခေါင်းအရွယ်အစားသည် ဦးခွံရိုး၊ ဦးနှောက်၊ ဦးနှောက်အတွင်းနှင့် ဦးနှောက်ပတ်လည်တွင် စီးဆင်းသော စီအက်စ်အက်ဖ်အရည် (CSF) တို့၏ အရွယ်အစား၊ ပမာဏပေါ်တွင် မူတည်သည်။ အောက်ပါ အကြောင်းများကြောင့် ဦးခေါင်းကြီးနိုင်သည်။

  1. ဦးခွံရိုးထူခြင်း [ဥပမာ _ သာလာဆီးမီးယား (Thalassaemia) ကဲ့သို့သော နာတာရှည် သွေးအားနည်းရောဂါများ၊ Cranial hyperostosis ကဲ့သို့သော အရိုးရောဂါများ]
  2. ဦးနှောက်ကြီးခြင်း _ ပုံမှန်သဘာဝ ဦးနှောက်ကြီးခြင်း၊ မိဘမျိုးရိုးလိုက်၍ ဦးနှောက်ကြီးခြင်း၊ ဗီဇဆိုင်ရာရောဂါများနှင့် ပုံမမှန်ဓာတ်ပစ္စည်းများ ဦးနှောက်တွင် စုဝေးလာသောရောဂါများ (Storage diseases)
  3. ဦးနှောက်တွင်း စီအက်စ်အက်ဖ် အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus) တို့ဖြစ်သည်။

ဦးနှောက်တွင်း စီအက်စ်အက်ဖ်အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)

ကလေးများတွင် ပိုမိုတွေ့ရသည်။ မွေးရာပါဖြစ်နိုင်သလို နောက်ပိုင်းမှ ဖြစ်လာသော ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများကြောင့်လည်း ရေအိတ်ကျယ်နိုင်သည်။

ဦးနှောက်အတွင်းတွင် ပုံမှန်ရေအိတ် (ventricle)လေးခုရှိပြီး ထိုရေအိတ်များအတွင်းတွင် စီအက်စ် အက်ဖ် (Cerebrospinal Fluid -CSF) ဟုခေါ်သော အရည်တစ်မျိုး စီးဆင်းနေသည်။ ဦးနှောက်အပေါ်ပိုင်း ရေအိတ်နှစ်ခု၏အတွင်းနံရံမှ စီအက်စ်အက်ဖ်အရည်စထွက်သည်။ ဦးနှောက်အတွင်းမှ စီအက်စ်အက်ဖ်အရည်သည် ဦးနှောက်အပြင်ဘက် မျက်နှာပြင်နှင့် ကျောရိုးအာရုံကြောမကြီးပတ်လည်သို့ပါ စီးဆင်းသည်။ ထိုသို့လှည့်ပတ်စီးဆင်းပြီးနောက် ဦးနှောက်အပေါ် အပြင်ဘက်မျက်နှာပြင်ရှိ သွေးကြောများမှ ပြန်လည်စုပ်ယူသည်။

ဤသို့ပုံမှန်စီးဆင်းနေသော စီအက်စ်အက်ဖ်အရည်သည်

  1. အကြောင်းအမျိုးမျိုးကြောင့် အထွက်များလျှင်
  2. အရည်လမ်းကြောင်းပိတ်လျှင်
  3. ပြန်စုပ်ယူခြင်းနည်းလျှင် စီအက်စ်အက်ဖ်အရည်များ ပိုများလာပြီး ရေအိတ်များလည်း ကျယ်လာနိုင်သည်။

ရေအိတ်ကျယ်စေသော ရောဂါများ

  1. စီအက်စ်အက်ဖ်အရည် အထွက်များခြင်း [ဥပမာ – စီအက်စ်အက်ဖ်ထုတ်သော ရေအိတ်နံရံတွင်ဖြစ်သည့် အကျိတ်တစ်မျိုး (choroid plexus papilloma)]
  2. အရည်လမ်းကြောင်းပိတ်ခြင်း [ဥပမာ_
    • စီအက်စ်အက်ဖ် စီးဆင်းသောလမ်းကြောင်း တစ်နေရာရာတွင် မွေးရာပါကျဉ်းနေခြင်း၊ ပိတ်နေခြင်း
    • မွေးကင်းစတွင် လမစေ့ဘဲမွေးခြင်း သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် ရေအိတ်များအတွင်း သွေးယိုစီးကာ သွေးခဲများဖြင့်ပိတ်ခြင်း
    • မွေးပြီးနောက်ပိုင်း ဦးနှောက်အမြှေးရောင် (Meningitis)၊ ဦးနှောက်အကျိတ် (Brain tumor) စသည်တို့ကြောင့် အရည်လမ်းကြောင်းပိတ်ဆို့ခြင်း]
  3. စီအက်စ်အက်ဖ်အရည် ပြန်စုပ်ယူမှုနည်းခြင်း – ဥပမာ – ဦးနှောက်အမြှေးရောင်ပြီးလျှင် ဦးနှောက်အပေါ် အပြင်ဘက်ရှိ သွေးကြောများရောင်ရမ်းပြီး အရည်ပြန်စုပ်ယူမှုအားနည်းသွားခြင်း

ယှဉ်တွဲလာတတ်သောလက္ခဏာများ

ဦးခေါင်းကြီးခြင်းနှင့် ထိုသို့ဦးခေါင်းကြီးခြင်းကို ဖြစ်စေသော ရောဂါအခြေအနေများ၏ လက္ခဏာများကို တွေ့ရသည်။ စီအက်စ်အက်ဖ် အရည်များသောကြောင့် ဦးခေါင်းကြီးလျှင် အထူးသဖြင့် ဦးခွံရိုး မဆက်သေးသော ကလေးငယ်များတွင် အောက်ပါလက္ခဏာများကိုပါ တွေ့ရသည်။

  • ငယ်ထိပ်မပိတ်ဘဲ ကျယ်နေခြင်း၊ ဖောင်းတင်းနေခြင်း
  • ဦးခွံရိုးဆက်ကြောင်းများ ဟနေခြင်း
  • ဦးခေါင်းအရေပြား ပြောင်တင်းနေခြင်း၊ သွေးကြောများကို ထင်ထင်ရှားရှားတွေ့ရခြင်း
  • မျက်လုံးနှစ်လုံး အောက်ဖက်စိုက်နေခြင်း စသည်တို့ ဖြစ်သည်။
Large head image2

ဦးနှောက်တွင်းဖိအား များလာသောကြောင့် ကလေးအသက်အရွယ်ပေါ် မူတည်ပြီး ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ ဖွံ့ဖြိုးမှုနှေးခြင်း စသည်တို့ကိုလည်း တွေ့ရနိုင်သည်။ 

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

စီအက်စ်အက်ဖ်အရည်များ၍ ရေအိတ်ကျယ်ကြောင်း သေချာစွာသိရန်နှင့် အကြောင်းရင်းကိုသိရှိရန် ဦးခေါင်း ကွန်ပြူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI) စသည်တို့ လိုအပ်သည်။

ကုသခြင်း

ဦးခေါင်းကြီးစေသော အကြောင်းရင်းသည် ကုသ၍ရပါက ထိုရောဂါအခြေအနေကို ကုသရန် လိုအပ်သည်။ ဥပမာ ပိတ်နေသော အဖုအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။

ဦးခေါင်းခွံကို ခွဲစိတ်၍ ပိုက်ထည့်ပြီး ထိုပိုက်မှတစ်ဆင့် ဦးနှောက်အတွင်း ပမာဏများနေသော စီအက်စ်အက်ဖ်အရည်ကို ခန္ဓာကိုယ်တစ်နေရာသို့ စီးဆင်းစေခြင်းဖြင့် ကုသနိုင်သည်။ များသောအားဖြင့် ဝမ်းဗိုက်ခေါင်းအတွင်းသို့ စီးဆင်းစေသောပိုက် (ventriculoperitoneal shunt- VP Shunt)ကို ပြုလုပ်လေ့ရှိသည်။ ဝမ်းဗိုက်အတွင်းနံရံမှတစ်ဆင့် စီအက်စ်အက်ဖ်အရည်ကို ပြန်လည်စုပ်ယူသည်။ ထိုပိုက်သည် အမြဲထည့်ထားရသော ပိုက်မျိုးဖြစ်ပြီး တစ်ခါတစ်ရံ ပိုက်ပိတ်ခြင်း၊ ပိုက်အတွင်း ပိုးဝင်ခြင်းများ ဖြစ်လျှင် ပြန်လည်ခွဲစိတ်ရနိုင်သည်။

ကာကွယ်ခြင်း

ဦးနှောက်အရည်များသော ရောဂါအားလုံးကို မကာကွယ်နိုင်သော်လည်း ကိုယ်ဝန်ဆောင်ဘဝ အာဟာရ ပြည့်စုံစွာ စားသုံးခြင်း၊ ကိုယ်ဝန်မှန်မှန်ပြခြင်း၊ ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းနားလည်သူများနှင့် မွေးဖွားခြင်း၊ မိမိကလေးငယ်ကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ဖြင့် စီအက်စ်အက်ဖ်အရည်များနိုင်သည့် အချို့သောအကြောင်းရင်းများကို ကာကွယ်နိုင်သည်။

References:

  1. Macrocephaly. (2024). Cleveland Clinic. Retrieved July 23, 2024, from https://my.clevelandclinic.org/health/diseases/22685-macrocephaly
  2. Gabbey, A. E. (2018). Macrocephaly. Healthline. Retrieved July 23, 2024, from https://www.healthline.com/health/macrocephaly
  3. WebMD Editorial Contributor. (2023). What you should know about macrocephaly. WebMD. Retrieved July 23, 2024, from https://www.webmd.com/brain/what-you-should-know-about-macrocephaly

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.