Neck glands in children (ကလေးများတွင် တွေ့ရသော လည်ပင်းအကျိတ်များ)

Neck glands in children (ကလေးများတွင် တွေ့ရသော လည်ပင်းအကျိတ်များ)

ကလေးများတွင် လည်ပင်း၊ နားရွက်အနောက်နှင့် နောက်စေ့တို့တွင် အကျိတ်၊ အဖုလုံးလေးများကို မကြာခဏ စမ်းမိလေ့ရှိပြီး လူကြီးမိဘများ စိုးရိမ်ပူပန်တတ်ကြသည်။ အကျိတ်များ စမ်းမိတိုင်း စိတ်ပူရန် မလိုပါ။ ထိုအကျိတ်များကို ပြန်ရည်ကျိတ်ဂလင်းများ (lymph nodes)ဟုခေါ်ပြီး ထိုဂလင်းများသည် ပြန်ရည်ကြောစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြင်ပမှဝင်လာသော ပိုးမွှားများနှင့် ကူးစက်ရောဂါများကို တွန်းလှန် တိုက်ခိုက်ပေးသည့်လုပ်ငန်းတွင် ပါဝင်သည်။ ပြန်ရည်ကျိတ်ဂလင်းများသည် ပုံစံနှင့် အရွယ်အစားမျိုးစုံရှိပြီး ခန္ဓာကိုယ်အနှံ့ အလုံး (၆၀၀)ခန့်ရှိကာ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံ နေရာများတွင်ရှိသော အကျိတ်များသည် လက်ဖြင့် စမ်းမိတတ်သော အကျိတ်ဂလင်းများဖြစ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းတွင်လည်း အများအပြားရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လည်ပင်း ပြန်ရည်ကျိတ်ဂလင်းများ ကြီးရသော အကြောင်းရင်းများအနက် အဖြစ်အများဆုံးမှာ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အများအားဖြင့် ကုသရန် လွယ်ကူသောရောဂါပိုးများ ဖြစ်ကြသည်။ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းအရေပြား စသည်တို့တွင် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးများ ဝင်သည့်အခါ သက်ဆိုင်ရာ လည်ပင်း‌‌နေရာတဝိုက်တွင် အကျိတ်များ ကြီးလာလေ့ရှိသည်။ လက်နှင့် ခြေထောက်တွင် အနာများဖြစ်ပါက ချိုင်းနှင့် ပေါင်ခြံတွင် အကျိတ်များ ကြီးလာလေ့ရှိသည်။ ယင်းမှာ ခန္ဓာကိုယ်၏ ရောဂါတုံ့ပြန်မှု ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အချိန်တိုအတွင်း အကျိတ်များ ပြန်သေး၊ ပြန်ပျောက်သွားလေ့ရှိသည်။ လည်ပင်းအကျိတ်များသည် အချို့သောရောဂါ (သို့မဟုတ်) အခြေအနေတို့၏ ရှေ့ပြေးလက္ခဏာများအဖြစ်လည်း ရှိနိုင်သည်။ ဥပမာ –

  • တီဘီရောဂါ
  • ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ (ဥပမာ-နာတာရှည် အဆစ်အမြစ်ရောင်ရောဂါ)
  • HIVနှင့် AIDS ရောဂါ
  • သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာ ကဲ့သို့သော ကင်ဆာရောဂါများ စသည်တို့ ဖြစ်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

အထက်ပါ ‌ရောဂါအခြေအနေများရှိလျှင် အခြားလက္ခဏာများအနေဖြင့်

  • အဖျား ရက်ရှည် ဖျားနေခြင်း
  • ကိုယ်အလေးချိန် ကျခြင်း၊ အစားအသောက် ပျက်ခြင်း
  • ညဘက် ချွေးထွက်များခြင်း
  • ဖြူဖျော့နေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
  • အနီ အစက်၊ အကွက်များ ထွက်ခြင်း၊ သွေးခြည်ဥခြင်း
  • အစာမျိုချရခက်ခြင်း၊ အသံပြောင်းခြင်း
  • အခြားနေရာများတွင် အကျိတ်များ တစ်ပြိုင်နက်ပေါ်လာခြင်း စသည်တို့ တွေ့ရတတ်သည်။
NGIC IMG1

လည်ပင်းတွင် စမ်းမိသည့် အကျိတ်အလုံးတိုင်းသည် ပြန်ရည်ကျိတ်ဂလင်းများ မဟုတ်ပါ။ တစ်ခါတစ်ရံ အဆီကျိတ်များ၊ တံတွေးဂလင်းများ၊ သိုင်းရွိုက်ဂလင်းမှ အဖုအကျိတ်များ၊ မွေးရာပါ အရည်အိတ်များလည်း ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

လည်ပင်း ပြန်ရည်ကျိတ်ဂလင်းများ ကြီးလာခြင်းအပြင် အထက်ပါရောဂါလက္ခဏာများကို တွဲ၍သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

ထို့အပြင် အောက်ပါလည်ပင်းအကျိတ်မျိုးရှိလျှင်လည်း ပြသတိုင်ပင်သင့်သည်။

  • တစ်စင်တီမီတာပတ်လည်ထက် ပိုကြီးသော အကျိတ်များ
  • အကျိတ်များ ပြွတ်သိပ် ကြပ်ခဲ၍ ကြီးထွားနေခြင်း
  • အကျိတ်များ အလျင်အမြန် ကြီးထွားလာခြင်း၊
  • အပေါ်ယံအရေပြားသည် ရာဘာပြားကို စမ်းမိသကဲ့သို့ ပြောင်ချော မာကြောနေခြင်း
  • အပေါ်ယံအရေပြား အရောင်ပြောင်းခြင်း၊ နီရဲခြင်း၊ ပြည်ပေါက်ထွက်ခြင်း စသည်တို့ဖြစ်သည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

‌ရောဂါရှာဖွေခြင်း

လည်ပင်း ပြန်ရည်ကျိတ်ဂလင်းများ ကြီးခြင်းသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်လျှင် ပုံမှန်အားဖြင့် (၁)ပတ် မှ (၂) ပတ် အတွင်း ပျောက်ကင်းနိုင်သည့်အတွက် ဓါတ်ခွဲစစ်ဆေးရန်၊ ဓာတ်မှန်ရိုက်ရန် မလိုအပ်ပါ။ သို့သော် အကျိတ် အရေအတွက်၊ အရွယ်အစားနှင့် ပေါ်လာသည့် ကာလအပိုင်းအခြားပေါ် မူတည်၍ ဆက်လက် စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။ (၂) ပတ်ကျော်သည်အထိ တစ်စင်တီမီတာပတ်လည်ထက် ပိုကြီးသောအကျိတ်များ ဆက်ရှိနေလျှင်နှင့် အထူးသဖြင့် အထက်ဖေါ်ပြပါ ရောဂါလက္ခဏာများ၊ အကျိတ်အမျိုးအစားများရှိလျှင် –

  • သွေးစစ်ခြင်း
  • ဓါတ်မှန် (သို့မဟုတ်) အာထရာဆောင်း ရိုက်ခြင်း
  • အကျိတ်ကို အသားစယူခြင်း စသည်တို့ကို လိုအပ်နိုင်သည်။
ကုသခြင်း

အကျိတ်ကို သီးသန့်ကုသရန်မလိုပါ။ လည်ပင်းအကျိတ်များကို ဖြစ်စေသော ရောဂါများအတွက်သာ ကုသမှုပေးရန် လိုသည် (ဥပမာ – အကျိတ်ပြည်တည်ရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေးများ၊ တီဘီအကျိတ်များအတွက် တီဘီဆေးများပေးရသည်)။ ထိုရောဂါများပျောက်ပြီး အကျိတ်တချို့ ကျန်နေလျှင်လည်း စိုးရိမ်ရန်မလိုပါ။

ကာကွယ်ခြင်း

လည်ပင်းအကျိတ်အများစုကို မဖြစ်အောင် ကြိုတင်ကာကွယ်၍ မရပါ။ သို့သော် တီဘီအပါအဝင် အချို့ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းမှ လျော့နည်းစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

  • ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ချေရှိပြီးလျှင် လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ လက်ဆေးပါ။
  • တကိုယ်ရည်သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးပါ
  • ရောဂါပိုးတင်ငြိနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းပါ
  • ရောဂါရှိသော လူကြီးများဘက်မှ နှာချေ ချောင်းဆိုးလျှင်၊ အနီးကပ်စကားပြောလျှင် လက်ကိုင်ပုဝါနှင့် နှာခေါင်း ပါးစပ်တို့ကို အုပ်ထားသည့်အကျင့်ကို ပြုလုပ်ပေးပါ။
  • တီဘီရောဂါ ကာကွယ်ဆေးဖြစ်သော ဘီစီဂျီကာကွယ်ဆေးကို စောစီးစွာ ထိုးနှံပါ။
  • တီဘီရောဂါရှိသောလူကြီးများနှင့် အနီးကပ်နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။

References:

  1. Clinical Practice Guidelines : Cervical lymphadenopathy. (n.d.). Retrieved June 14, 2024, from https://www.rch.org.au/clinicalguide/guideline_index/cervical_lymphadenopathy/
  2. Professional, C. C. M. (2024). Swollen Lymph Nodes. Cleveland Clinic. Retrieved June 14, 2024, from https://my.clevelandclinic.org/health/symptoms/15219-swollen-lymph-nodes#:~:text=A%20note%20from%20Cleveland%20Clinic,time%2C%20see%20your%20healthcare%20provider.
  3. What Is Cervical Lymphadenopathy? (2023). WebMD. Retrieved June 14, 2024, from https://www.webmd.com/a-to-z-guides/what-is-cervical-lymphadenopathy
  4. Swollen lymph nodes – Symptoms & causes – Mayo Clinic. (2024). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/symptoms-causes/syc-20353902
  5. Swollen lymph nodes – Diagnosis & treatment – Mayo Clinic. (2024). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/diagnosis-treatment/drc-20353906

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.