မွေးကင်းစကလေးများ (မိန်းကလေး)များတွင် မွေးဖွားပြီး ရက်ပိုင်းအတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်းမျိုး ရံဖန်ရံခါ တွေ့ကြုံရတတ်သည်။ မွေးကင်းစကလေးများ၏ (၅)ရာခိုင်နှုန်းတွင် တွေ့ရှိရတတ်ပြီး များသောအားဖြင့် မစိုးရိမ်ရပေ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မိခင်၏ သားအိမ်အတွင်းရှိခဲ့စဥ်က မိခင်ထံမှ အမျိုးသမီးဟော်မုန်းများသည် အချင်းနှင့် ချက်ကြိုး မှတစ်ဆင့် သန္ဓေသားထံသို့ ရောက်ရှိပြီး ကာလရှည်ကြာစွာ ထိတွေ့မှုများရှိခဲ့သည်။ မွေးဖွားပြီးနောက်တွင် ထိုဟော်မုန်းများသည် မွေးကင်းစကလေးထံသို့ မရောက်ရှိတော့သောကြောင့် ကလေး၏ကိုယ်ခန္ဓာအတွင်း ဟော်မုန်းပမာဏ ရုတ်တရက် ကျဆင်းသွားတတ်သည်။
ထိုအခြေအနေမျိုးတွင် ကလေး၏ မိန်းမကိုယ်မှ ရာသီသွေးဆင်းသကဲ့သို့ အနီရောင် အရည်ကြည်များ ဆင်းလေ့ရှိသည်။ အသက် (၃)ရက် မှ (၁၀)ရက်အတွင်းတွင် မိန်းမကိုယ်မှ သွေးဆင်းခြင်း အများဆုံး ဖြစ်ပေါ်တတ်သည်။ သွေးရည်ကြည်ကဲ့သို့ အရောင်ဖျော့ဖျော့ မှ သွေးရောင်အနီရဲရဲအဆင့်ထိ ဆင်းတတ်သည်။ အနံ့ဆိုး မရှိတတ်သလို သွေးဆင်းသည့် ပမာဏလည်း များလေ့မရှိပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပုံမှန်အားဖြင့် အထက်ဖော်ပြပါ လက္ခဏာများ သေချာလျှင် ဆေးရုံ၊ ဆေးခန်း ပြသရန်မလိုပါ။
သို့သော် အောက်ပါလက္ခဏာများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
- သွေးဆင်းသည့်ပမာဏ အလွန်များလျှင်၊
- ကလေး အသက်ဆယ်ရက်ကျော်သည်အထိ ဆက်တိုက် သွေးဆင်းနေလျှင်
- အနံ့ဆိုး ထွက်လျှင်
- သွေးမဟုတ်ဘဲ ပြည်ကဲ့သို့ အဝါရောင်အရည်များ ဆင်းလျှင်
- ကလေး နို့ကောင်းစွာမစို့ဘဲ အီနေ၊ မှိန်းနေ၊ ဖြူဖျော့နေလျှင်
ကုသခြင်း
ပုံမှန်အားဖြင့် ကလေးအသက် (၇)ရက် မှ (၁၀)ရက်ခန့်တွင် သွေးဆင်းခြင်း အလိုအလျောက်ရပ်သွားတတ်သောကြောင့် စိုးရိမ်ရန်မလိုပါ။ သီးသန့်ကုသရန်မလိုပါ။
- သွေးဆင်းနေသော မိန်းမကိုယ်အင်္ဂါ အနီးတဝိုက်ကို သန့်ရှင်းခြောက်သွေ့စေရန် ဂရုပြုသင့်သည်။
- ပိုးသတ်ထားသော ဂွမ်းအသန့် (သို့မဟုတ်) တစ်ရှုးကို သုံး၍ ရေနွေးနွေးဖြင့် သန့်ရှင်းပေးနိုင်သည်။ ဆပ်ပြာသုံးရန် မလိုပါ။
- သန့်ရှင်းရေး လုပ်ပေးချိန်တွင်လည်း မိန်းမကိုယ် အရှေ့မှ အနောက်သို့သာ သုတ်ပေးရမည်။
ကာကွယ်ခြင်း
သီးသန့်ကာကွယ်နိုင်သော နည်းလမ်းမရှိပါ။
References:
- Parker, S. J., MD. (2023). Your Newborn Girl’s Genitals and Bleeding. WebMD. Retrieved June 12, 2024, from https://www.webmd.com/parenting/baby/your-newborn-girls-genitals-bleeding
- Dekker, J., Hooijer, I., Ket, J. C., Vejnović, A., Benagiano, G., Brosens, I., & Mijatovic, V. (2021). Neonatal Uterine Bleedings: An Ignored Sign but a Possible Cause of Early-Onset Endometriosis – A Systematic Review. Biomedicine Hub, 6(1), 6–16. Retrieved June 12, 2024, from https://doi.org/10.1159/000512663
- Puttemans, P., Benagiano, G., Gargett, C., Romero, R., Guo, S., & Brosens, I. (2016). Neonatal uterine bleeding as a biomarker for reproductive disorders during adolescence: a worldwide call for systematic registration by nurse midwives. The Journal of Maternal-Fetal & Neonatal Medicine, 30(12), 1434–1436. Retrieved June 12, 2024, from https://doi.org/10.1080/14767058.2016.1216540
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.