မွေးကင်းစမှ အသက်တစ်နှစ်အောက် ကလေးငယ်များ၏ ဝမ်းသည် ပုံမှန်လူကြီးများ၏ဝမ်းကဲ့သို့ မဟုတ်ဘဲ အရောင်အဆင်း၊ အပျော့၊ အမာ၊ အကြိမ် အရေအတွက် စသည်ဖြင့် ကွာခြားမှုများ ရှိတတ်သည်။ အများစုသည် ပုံမှန်ဝမ်းများသာဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်ဝမ်းအရောင်များ
- အမည်းရောင်နှင့် ကပ်စေးစေးဝမ်း
- ဤဝမ်းမျိုးသည် မွေးကင်းစမှ အသက် (၂) ရက်သားခန့်အတွင်း သွားလေ့ရှိသည်။ ငယ်ချေး (Meconium)ဖြစ်ပြီး မွေးပြီးသုံးရက်ကျော်သည်အထိ အရောင်မပြောင်းဘဲ ဆက်သွားနေလျှင် ဆရာဝန်နှင့် ပြသရန် လိုသည်။
- အဝါရောင်ဝမ်း
- မိခင်နို့ တစ်မျိုးတည်းသာတိုက်သော ကလေးများ၏ ဝမ်းအရောင်မှာ အဝါရောင်ဖျော့ဖျော့ ဖြစ်ပြီး ခပ်ပျော့ပျော့ပုံစံ သွားလေ့ရှိသည်။ တစ်ခါတစ်ရံ အရည် အနည်းငယ်ပါတတ်သည်။ တစ်နေ့လျှင် (၈)ကြိမ် မှ (၁၀)ကြိမ် အထိ သွားနိုင်သည်။
- မိခင်နို့ နှင့် နို့မှုန့် ပေါင်း၍တိုက်သော ကလေးများ သို့မဟုတ် နို့မှုန့်တစ်မျိုးတည်း တိုက်သောကလေးများ၏ ဝမ်းအရောင်မှာ လိမ္မော်ရောင်ဘက်သန်းပြီး မိခင်နို့တစ်မျိုးတည်းသာ တိုက်သော ကလေးများနှင့်ယှဉ်လျှင် ဝမ်းသွားသော အကြိမ်ပိုနည်းပြီး ပိုပျစ်တတ်သည်။
- အစိမ်းရောင်၊ အညိုရောင်ရှိသော ဝမ်း
- သံဓာတ်ပါဝင်မှုများသော နို့မှုန့်တိုက်သည့် ကလေးများ၏ဝမ်းသည် အစိမ်းရောင်ရင့်ရင့် သွားနိုင်သကဲ့သို့ တစ်ခါတစ်ရံ အညိုရောင် (သို့မဟုတ်) အမည်းရောင်ဘက် ပိုသန်းလေ့ရှိသည်။
- မိခင်နို့ တစ်ဖက်စီကို ခဏသာတိုက်ပြီး၊ နောက်တစ်ဖက်ကို ချက်ချင်း ပြောင်းတိုက်တတ်သော မိခင်များ၏ ကလေးများတွင်မူ အစောပိုင်းထွက်သော နို့ဦးရည်သာ စို့ရတတ်သည်။ ထိုနို့ဦးရည်သည် အရည်ကျဲသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှု ပိုမြန်ပြီး အစိမ်းရောင် အရည်ကျဲကျဲ ဝမ်းမျိုးသွားတတ်သည်။ ထို့ကြောင့် မိခင်နို့တိုက်လျှင် တစ်ဖက်ကို အနည်းဆုံး မိနစ်နှစ်ဆယ်ခန့်ကြာအောင် တိုက်သင့်သည်။
- ဖြည့်စွက်စာ စတင်ကျွေးသော ကလေးများတွင်လည်း အစိမ်းရောင်ဝမ်းမျိုး သွားတတ်သည်။ ကလေးကို ကျွေးသော အစားအသောက်၊ အသီးအနှံတို့၏ အရောင်ပေါ် မူတည်ပြီး အစိမ်းရောင်အပြင် အနီရောင်အဖျော့ (သို့မဟုတ်) လိမ္မော်ရောင် ဝမ်းမျိုးလည်း သွားနိုင်သည်။
- အမျှင်များပါသောဝမ်း
- ဖြည့်စွက်စာ စတင်ကျွေးသည့် ကလေးများ၏ဝမ်းတွင် အမည်းရောင်ရှိသော သန်ကောင်ကဲ့သို့ အမျှင်လေးများပါတတ်သည်။ အထူးသဖြင့် ငှက်ပျောသီးကဲ့သို့ အသီးအနှံကျွေးသော ကလေးများတွင် တွေ့ရတတ်သည်။ ဤသည်မှာ အသီးအနှံအမျှင်တို့၏ အကြွင်းအကျန်ဖြစ်သောကြောင့် စိုးရိမ်ရန်မလိုပေ။
ကလေးကြီးများတွင်လည်း ခရမ်းချဉ်သီး၊ ဟင်းနုနယ်ရွက်၊ ချယ်ရီသီးနှင့် စပျစ်သီးဖျော်ရည်အပါအဝင် အချို့သောအစားအစာများကြောင့် ဝမ်းထဲတွင် အနီရောင် (သို့မဟုတ်) အနက်ရောင် အစအနများ ပါလာနိုင်သည်။
- ဖြည့်စွက်စာ စတင်ကျွေးသည့် ကလေးများ၏ဝမ်းတွင် အမည်းရောင်ရှိသော သန်ကောင်ကဲ့သို့ အမျှင်လေးများပါတတ်သည်။ အထူးသဖြင့် ငှက်ပျောသီးကဲ့သို့ အသီးအနှံကျွေးသော ကလေးများတွင် တွေ့ရတတ်သည်။ ဤသည်မှာ အသီးအနှံအမျှင်တို့၏ အကြွင်းအကျန်ဖြစ်သောကြောင့် စိုးရိမ်ရန်မလိုပေ။
ပုံမှန်မဟုတ်သော ဝမ်းအရောင်များ
အောက်ပါ ဝမ်းအမျိုးအစားများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
- သွေးစ၊ သွေးခဲလေးများပါသော ဝမ်း
- ကလေး၏ ဝမ်းထဲတွင် သွေးအနီရဲရဲ အစအနများ (သို့မဟုတ်) သွေးအခဲလေးများ ပါလာပါက သတိထားသင့်သည်။ အူမကြီး (သို့မဟုတ်) စအို အနီးတဝိုက်တွင် သွေးထွက်ပါက ဝမ်းတွင် သွေးအနီရောင်ရဲရဲ ပါတတ်သည်။
- သို့ရာတွင် မွေးကင်းစ ကလေးငယ်များတွင်မူ မွေးဖွားနေစဥ်အချိန်အတွင်း မွေးလမ်းကြောင်းရှိ မိခင်၏သွေးအချို့ကို မျိုချမိခြင်းကြောင့်ဖြစ်စေ သို့မဟုတ် မိခင်နို့တိုက်နေချိန်အတွင်း နို့သီးခေါင်းကွဲ၍ သွေးထွက်ရာမှ မျိုချမိသည့်အခါတွင်ဖြစ်စေ ဝမ်းတွင် သွေးစများ ပါနိုင်သည်။
- ဖော်မြူလာနို့မှုန့် (သို့မဟုတ်) နွားနို့တွင်ပါသော ပရိုတင်းဓာတ်ကို ဓာတ်မတည့်ခြင်းကြောင့်လည်း ဝမ်းထဲ သွေးပါနိုင်ခြေရှိသည်။ ထိုအချိန်မျိုးတွင် ၎င်းနို့မှုန့်အမျိုးအစားကို တိုက်ခြင်း ရပ်လိုက်ပါက ပြန်လည်သက်သာသွားတတ်သည်။
- ထို့ပြင် ဝမ်းချုပ်၍ ဝမ်းမာမာသွားတတ်သော ကလေးများတွင် စအိုကွဲ၍ သွေးစလေးများပါနိုင်သကဲ့သို့ လိပ်ခေါင်းရောဂါ ရှိနေပါကလည်း ဝမ်းတွင် သွေးပါနိုင်သည်။
- အရေးကြီးသည့်အချက်မှာ ဝမ်းအရည် (သို့မဟုတ်) ချွဲများနှင့် ရောပြီး သွေးပါလျှင် ဝမ်းကိုက်ခြင်း ဖြစ်နိုင်သည့်အပြင် အူခေါက်၊ အူစွပ်သည့်အခြေအနေမျိုးလည်း ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
- ကတ္တရာစေးကဲ့သို့ စေးကပ်၍မည်းသော ဝမ်း
- ကလေးသည် ကတ္တရာစေးရောင်၊ စေးကပ်သော ဝမ်းမည်းမည်းပျစ်ပျစ်များ သွားပါက အစာအိမ် (သို့မဟုတ်) အူလမ်းကြောင်းအပေါ်ပိုင်းတွင် သွေးယိုစီးသည့် အခြေအနေမျိုး ဖြစ်နိုင်သောကြောင့် အရေးကြီးသည်။
- မွေးဖွားပြီး ပထမ တစ်ရက်၊ နှစ်ရက် အတွင်းသွားတတ်သော ငယ်ချေးနှင့် အရောင်ဆင်တူတတ်ပြီး ရေလောင်းချကြည့်ပါက သွေးရောင်မျိုး တွေ့ရတတ်သည်။
- သံဓာတ်ပါသော ဖြည့်စွက်စာများ၊ အားဆေးများနှင့် အချို့တိုင်းရင်းဆေးများကြောင့်လည်း ဝမ်းအမည်းရောင်သွားနိုင်သည်။ သို့သော် စေးကပ်ခြင်းမရှိဘဲ ရေလောင်းချလျှင် သွေးရောင်မတွေ့ရတတ်ပေ။
- ရွှံ့စေးဖျော့ရောင် (သို့မဟုတ်) အဖြူရောင်ရှိသော ဝမ်း
- ရွှံ့စေးဖျော့ရောင် (သို့မဟုတ်) အဖြူရောင်ဝမ်းမျိုးသွားပါက သည်းခြေရည် မထုတ်လုပ်နိုင်သောအခြေအနေ (သို့မဟုတ်) သည်းခြေလမ်းကြောင်း ပိတ်ဆို့သော အခြေအနေ ဖြစ်နိုင်သည်။
- အထူးသဖြင့် မွေးကင်းစကလေးများ အသားဝါသည့်အချိန်တွင် ဤဝမ်းအရောင်မျိုးသွားပါက အန္တရာယ်ရှိနိုင်သောကြောင့် ဆရာဝန်နှင့် ချက်ချင်း ပြသသင့်သည်။
- ကလေးကြီးများတွင် bismuthဆေးနှင့် အခြားသော ဝမ်းပျက်ဝမ်းလျှောရောဂါ တိုက်ဖျက်ဆေးများကြောင့်လည်း ဤသို့အဖြူရောင်ဝမ်းမျိုး ရံဖန်ရံခါ သွားတတ်သည်။
- အဆီဝေ့နေသောဝမ်းများ
- ကလေး၏ဝမ်းသည် အဝါရောင်အရည်တွင် အဆီများပြီး အနံ့ဆိုးထွက်သောဝမ်းမျိုး ဖြစ်ပါက အရေးကြီးသည့်လက္ခဏာ ဖြစ်နိုင်သည်။
- အစာအိမ်အူလမ်းကြောင်းတလျှောက် အစာအာဟာရများ စုပ်ယူနိုင်ခြင်းမရှိသော ရောဂါမျိုး (ဥပမာ – Giardia ပိုးကြောင့်ဖြစ်သော ဝမ်းရောဂါမျိုး၊ အူရောင်ရောဂါများ)ကြောင့် ဖြစ်နိုင်သည်။ သို့သော် တစ်ခါတစ်ရံ ပေါင်မုန့်နှင့် စီရီရယ်များတွင် ပါဝင်သော glutenပရိုတင်းဓာတ်ကြောင့်လည်း ဤဝမ်းမျိုး သွားတတ်သည်။
- ဝမ်းလျှောခြင်း
- ကလေးသည် တစ်ရက် ပုံမှန်ဝမ်းသွားနေကျ အကြိမ်အရေအတွက်နှင့် ပမာဏထက်ပို၍ ဝမ်းအရည်များသွားပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်သည်။ ဝမ်းအရည်သွားချိန်တွင် အဝါရောင်အပြင် အစိမ်းရောင်များလည်း ပါတတ်သည်။
- အကြောင်းမှာ ဝမ်းလျှောခြင်းကြောင့် အူလှုပ်ရှားမှုများ မြန်ဆန်ပြီး အစာများသည် အူမကြီးတလျှောက် လျင်မြန်စွာ ရွေ့လျားသွားနေရတတ်သည်။
- ထို့ကြောင့် အာဟာရဓာတ်များနှင့် ရေများကို အူနံရံမှ စုပ်ယူနိူင်ခြင်းမရှိသည့်အပြင် သည်းခြေရည်သည်လည်း ဓာတ်ပြိုကွဲရန် အချိန်မလုံလောက်သောကြောင့် အစိမ်းရောင် ဝမ်းအရည်များအနေဖြင့် မြင်ရခြင်း ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ပုံမှန်မဟုတ်သော ဝမ်းအမျိုးအစားများသွားသည်ကို တွေ့ရှိလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ ကလေးငယ်များ၌ ပုံမမှန်သော ဝမ်းအရောင်များ သွားခြင်းအပြင် နို့ကောင်းကောင်း မစို့နိုင်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း (သို့မဟုတ်) တဖြည်းဖြည်း ကျဆင်းလာခြင်း၊ မကြာခဏ ဝမ်းလျှောတတ်ခြင်း စသည့် လက္ခဏာများတွဲ၍ တွေ့ရလျှင် ရောဂါအခံတစ်ခုခု ရှိနေနိုင်သဖြင့် စောစီးစွာ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ ထို့ပြင် ကလေးများ၌ အထက်ပါ ပုံမမှန် ဝမ်းအရောင်များအပြင်
- ဆက်တိုက် အန်နေခြင်း
- ဗိုက်အလွန်ဖောင်းနေခြင်း
- ဗိုက်ကို အထိမခံနိုင်အောင် နာကျင်ခြင်းစသည့် အရေးကြီးလက္ခဏာများရှိလာပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ပုံမှန်ဝမ်းအရောင်များအတွက် ဝမ်းစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ရန် မလိုအပ်ဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်။ ပုံမှန်မဟုတ်သော ဝမ်းအရောင်များသွားသည်ကို တွေ့ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ လိုအပ်ပါက ဝမ်းကိုဓာတ်ခွဲစစ်ဆေးခြင်း၊ သွေးစစ်ခြင်း၊ ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်သည်။
ကုသခြင်း
ပုံမှန်ဝမ်းအရောင်များအတွက် ကုသမှုများ ပေးရန်မလိုပါ။ မိခင်နို့ (သို့မဟုတ်) နို့မှုန့်များကိုလည်း ရပ်ရန်၊ ပြောင်းလဲတိုက်ရန် မလိုအပ်ဘဲ ပုံမှန်အတိုင်း ဆက်လက်တိုက်ကျွေးနိုင်သည်။ အစားအသောက်မှ အမျှင်များနှင့် သောက်လက်စ အားဆေးများ၏ အရောင်များကြောင့်ဟု သံသယရှိပါက အခြားအစားအစာတစ်မျိုးနှင့် ပြောင်းလဲ၍ ကျွေးကြည့်နိုင်သကဲ့သို့ အားဆေးများကိုလည်း ခဏရပ်၍ စောင့်ကြည့်နိုင်သည်။
ဝမ်းအလွန်ချုပ်သောကြောင့် စအိုကွဲ၍ သွေးထွက်လေ့ရှိသော ကလေးများကိုလည်း နေ့စဥ် ပုံမှန်အိမ်သာတက်တတ်စေရန် လေ့ကျင့်ပေးခြင်း၊ လိုအပ်ပါက ဝမ်းမှန်စေရန် ဝမ်းပျော့ဆေးများ ခေတ္တယာယီတိုက်ပေးခြင်း စသည်တို့ဖြင့် ကုသနိုင်သည်။ အထက်ဖော်ပြပါ အရေးကြီးလက္ခဏာများရှိလာပါက အူပိတ်ခြင်း၊ အူခေါက်ခြင်း စသည့် ခွဲစိတ်ရနိုင်သည့်ရောဂါများ ဖြစ်နိုင်ခြေရှိသောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ ချက်ချင်းသွားရောက်၍ ကုသမှု ခံယူသင့်သည်။
ကာကွယ်ခြင်း
ဝမ်းအရောင်ပြောင်းခြင်းများကို ကြိုတင်ကာကွယ်၍ မရပါ။
References:
- Stool color: When to worry. (n.d.). Retrieved July 3, 2024, from https://www.amerikanhastanesi.org/mayo-clinic-care-network/mayo-clinic-health-information-library/faqs/stool-color-when-to-worry
- Stool Color Guide. (2024). Johns Hopkins Medicine. Retrieved July 3, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/stool-color-guide#:~:text=Normal%20stool%20color&text=Babies%20on%20formula%20and%20those,light%20beige%20to%20dark%20green.
- Rekstis, E. (2024). Types of Poop, Color Chart, and More. Healthline. Retrieved July 3, 2024, from https://www.healthline.com/health/digestive-health/types-of-poop
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.