ညအိပ်ချိန် အိပ်ရာထဲတွင် ဆီးပေါက်ချတတ်သော ကလေးများကို အတွေ့ရများသည်။ အချို့သည် အထက်တန်းကျောင်းသားအရွယ်အထိ အိပ်ရာထဲ ဆီးသွားနေဆဲ ကလေးများပင် ရှိသည်။ ယောကျာ်းလေးများတွင် ပိုမိုတွေ့ရတတ်ပြီး မိဘများအနေနှင့်လည်း ရောဂါအခံတစ်ခုခုရှိနေမည်ကို စိုးရိမ်လေ့ရှိကြသည်။
ပုံမှန်အားဖြင့် အသက် (၅) နှစ်အောက်ကလေးများတွင် ညဘက် အိပ်ရာထဲ ဆီးထိန်းနိုင်မှု အားနည်းတတ်သည်။ (၅)နှစ်နှင့် (၆)နှစ်ကြားရောက်လျှင် ပုံမှန်အားဖြင့် တစ်လတွင် နှစ်ကြိမ်ခန့်သာ ညဘက် ဆီးပေါက်ချတတ်သည်။ (၆)နှစ်ကျော်လျှင် တစ်လတွင် တစ်ကြိမ်လောက်သာ ဖြစ်သည်အထိ လျော့နည်းသွားတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အသက် (၆)နှစ်အထက်တွင် ပုံမှန်ထက်ပို၍ ရက်ပေါင်းများစွာ (သို့မဟုတ်) နေ့စဥ်နီးပါး ဆီးပေါက်ချနေလျှင် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ ညဘက် အိပ်ရာထဲတွင် ဆီးပေါက်ချသော ကလေးများကို အုပ်စုနှစ်ခု ခွဲခြားနိုင်သည်။
- မွေးစကတည်းကပင် တောက်လျှောက် ဆီးပေါက်ချတတ်သောအုပ်စု (primary enuresis)
- ပုံမှန် အနည်းဆုံးခြောက်လခန့် ညဘက်ဆီးပေါက်မချဘဲ ဆီးထိန်းနိုင်ပြီးနောက်ပိုင်းမှ ပြန်လည်၍ လက္ခဏာများ ပေါ်လာသောအုပ်စု (secondary enuresis)ဟူ၍ ဖြစ်သည်။
ညဘက်အိပ်ချိန်တွင် ဆီးပေါက်ချနိုင်သော အကြောင်းရင်းများစွာရှိသည်။ သို့သော် တိကျသည့် အကြောင်းရင်းကိုရှာရန် ခက်ခဲသည်။ ညဘက်ဆီးပေါက်သော ဒုတိယအုပ်စုတွင် အကြောင်းရင်းများကို ပို၍တွေ့ရသည်။
- အချို့ကလေးများတွင် မျိုးရိုးလိုက်တတ်သည်။ မိခင်၊ ဖခင်နှင့် အခြားမောင်နှမများတွင် ဖြစ်ဖူးသည့် ရာဇဝင်ရှိခဲ့လျှင် ဖြစ်နိုင်ခြေ ပိုများသည်။
- အချို့ကလေးများတွင် ADH ဟု ခေါ်သော ဟော်မုန်းနှင့် ဆက်နွယ်မှုရှိသည်။ ပုံမှန်အားဖြင့် ADH ဟော်မုန်းသည် လူကို ဆီးသွားနည်းစေသော အာနိသင်ရှိသည်။ ADH ဟော်မုန်း အာနိသင်နည်းသော ကလေးများတွင် ဆီးပိုသွားတတ်သည်။
- ဆီးအိမ်အနေအထား အပါအ၀င် ဆီးအိမ်ကြွက်သား၏ သဘာဝနှင့်လည်း သက်ဆိုင်သည်။
- အဝလွန်ခြင်းကြောင့် ညဘက် အသက်ရှူခေတ္တရပ်တတ်သော ကလေးများနှင့် မကြာခဏ ဝမ်းချုပ်တတ်သော ကလေးများတွင်လည်း ညဘက်ဆီးပေါက်ချခြင်းမျိုး တွေ့ရတတ်သည်။
- ကဖိန်း (caffeine)ဓာတ်များသော အစားအသောက်များကြောင့် လည်းကောင်း၊ စိုးရိမ်သောကနှင့် ပူပန်မှုများ (Stress) များကြောင့် လည်းကောင်း ညဘက်ဆီးပေါက်ချတတ်သော ကလေးများလည်းရှိသည်။
ထို့ပြင် ဆီးပိုသွားစေသော အခြားအကြောင်းရင်းများမှာ –
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ကျောရိုး အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း
- ဆီးချိုရောဂါ ရှိခြင်း စသည့် ရောဂါများကြောင့် ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ညဘက် ဆီးပေါက်ချခြင်းသည် အထက်ပါရောဂါများကြောင့် ဖြစ်ပါက ထိုရောဂါများ၏ လက္ခဏာများလည်း တွေ့ရှိနိုင်သည်။
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း – နေ့ညမရွေး ဆီးမကြာခဏသွားပြီး နာကျင်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ကျောရိုး အာရုံကြောမကြီး ထိခိုက်ခြင်း – ခြေထောက် ထုံကျဉ်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်သော လက္ခဏာများ ရှိခြင်း
- ဆီးချိုရောဂါ ဖြစ်ခြင်း – ဆီးသွားများခြင်း၊ ရေအလွန်အမင်းသောက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း စသည့် လက္ခဏာများ တွဲ၍ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
အများအားဖြင့် နောက်ဆက်တွဲပြဿနာများ မရှိပါ။ ညဘက်အိပ်ရာထဲ ဆီးပေါက်သော ကလေးအများစုသည် အချိန်တစ်ခုရောက်လျှင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ညဘက် အိပ်ရာထဲဆီးသွားခြင်းအပြင် အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက ကလေးကို မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ကလေးအများစုတွင် မည်သည့်ရောဂါအခံမျှ မရှိကြောင်း အများဆုံးတွေ့ရတတ်ပြီး အသက်ကြီးလာချိန်တွင် လက္ခဏာများ တဖြည်းဖြည်း လျော့နည်း သက်သာသွားတတ်သည်။ သို့သော် ညဘက်ဆီးပေါက်ချခြင်းနှင့် ယှဥ်တွဲ၍ ရောဂါလက္ခဏာများရှိပါက ဆီးစစ်ခြင်း၊ တခြားလိုအပ်သော သွေးစစ်ဆေးမှုများနှင့် ဟော်မုန်းပမာဏများ စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိသားစုဆရာဝန်များမှ လိုအပ်သလို စစ်ဆေးနိုင်သည်။ အထူးသဖြင့် secondary enuresisရှိသော အုပ်စုတွင် အကြောင်းရင်းများကို အများဆုံး ရှာဖွေတွေ့ရှိရသည်။
ကုသခြင်း
အကယ်၍ ညဘက်ဆီးပေါက်ချခြင်းကို ဖြစ်စေသော အကြောင်းရင်း သို့မဟုတ် ရောဂါတစ်ခုခု တွေ့ရှိခဲ့လျှင် သက်ဆိုင်ရာဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူနိုင်သည် (ဥပမာ_ ဆီးပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများနှင့် ဆီးချိုရောဂါအတွက် ဆီးချိုထိန်းဆေးများဖြစ်သည်)။ ဖြစ်စေသော အကြောင်းရင်း ရှာမတွေ့သော ကလေးများအုပ်စုတွင် အမူအကျင့်ဆိုင်ရာ၊ အစားအသောက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့် ကုသနိုင်ပြီး တစ်ခါတစ်ရံ ဆေး၀ါးဖြင့် ကုသမှုများကိုပါ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ညဘက် အိပ်ရာထဲဆီးပေါက်ချခြင်းကို ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိသော်လည်း အောက်ပါ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာခြင်းဖြင့် အထိုက်အလျောက် ကာကွယ်နိုင်သည်။
- ကလေးများ ညအိပ်ရာမဝင်ခင် ဆီးပိုသွားစေသော အစားအသောက်များစားခြင်းကို လျှော့ချပေးပါ။ (ဥပမာ – ရေများများ သောက်ခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်များ သောက်ခြင်းကို ရှောင်ပါ။ ညနေစာစားချိန်တွင် အငန်ဓာတ်ကို လျှော့ကျွေးပါ။)
- ကလေးကို နေ့ခင်းဘက်တွင် ပုံမှန် နှစ်နာရီ (သို့မဟုတ်) သုံးနာရီ တစ်ကြိမ် ဆီးသွားစေပြီး၊ ညအိပ်ရာမဝင်ခင်တွင် ဆီးတစ်ကြိမ်ထပ်သွားစေရန် လေ့ကျင့်ပေးပါ။
- လိုအပ်လျှင် ညလယ်လောက်တွင် တစ်ကြိမ်နှိုးပြီး ဆီးသွားခိုင်းပါ။ ထိုသို့ပြုလုပ်ပေးခြင်းသည် ကလေးအတွက် အကျိုးရှိမှသာ (နောက်နေ့မနက်တွင် ကလေး အိပ်ငိုက်ခြင်းများ မရှိမှသာ) နောက်ရက်များတွင် ဆက်တိုက်လုပ်ဆောင်ပေးပါ။ ကလေးကို ညလယ်တွင် တစ်ကြိမ်ထက် ပို၍မနှိုးသင့်ပါ။
- ညဘက်ဆီးပေါက်ချခြင်းသည် စိတ်နှင့်လည်း သက်ဆိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ကုသသော နည်းလမ်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ညဘက် ဆီးပေါက်မချသည့်အတွက် ကလေး၏ စိတ်ချမ်းသာပျော်ရွှင်မှုနှင့် မိမိကိုယ်မိမိ ယုံကြည်မှုတို့ရှိလာစေရန် လုပ်ဆောင်ပေးနိုင်သည် (ဥပမာ_ နေပူ၊ မိုးရွာပုံစံ စတစ်ကာလေးများကို ဆောင်ထားပြီး ညဘက်အိပ်ရာထဲ ဆီးပေါက်မချသည့်ရက်များတွင် မနက်ခင်း အိပ်ရာနိုးချိန်၌ နေပူစတစ်ကာ ကပ်စေပြီး၊ ဆီးပေါက်ချသည့်ရက်တွင်မူ မိုးရွာစတစ်ကာဟူ၍ သတ်မှတ်ကပ်စေခြင်း သို့မဟုတ် အရောင်ခြယ်စေခြင်းတို့ကို ပြုလုပ်နိုင်သည်။ နေပူစတစ်ကာများကို ပြန်ကြည့်ရင်း ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်လာပြီး ညဘက်ဆီးကို ပိုထိန်းလာနိုင်သည်။ စတစ်ကာပုံလေးများ အတိုင်းအတာတစ်ခုထိ ရလာလျှင် ကလေးကို ဆုချပေးပါ။
- နောက်တစ်နည်းအနေဖြင့် အစက်ကလေးများဆက်ပြီး ပုံဆွဲနည်းကို အသုံးပြုခြင်း ဖြစ်သည်။ ကလေး ညဘက်ဆီးပေါက်မချသော ရက်အတွက် အရုပ်ပုံတွင် အစက်နှစ်ခုကို ဆက်ခွင့်ပေးပါ။ တဖြည်းဖြည်း ဆီးပေါက်မချသောညများ တိုးလာသည်နှင့်အမျှ နောက်ဆုံး ရုပ်ပုံတစ်ခုလုံး ပုံပေါ်လာပြီဆိုလျှင် ကလေးကို ဆုချပေးပါ။
- ကလေး၏ အသက်အရွယ်ပေါ် မူတည်ပြီး တာဝန်ယူစေခြင်းနည်းဖြင့်လည်း ကုသနိုင်သည် (ဥပမာ_ အိပ်ရာခင်းများ ပြန်လည်သန့်ရှင်းရေး ပြုလုပ်စေခြင်း၊ အဝတ်များ ပြန်လျှော်စေခြင်း စသည်တို့ဖြစ်သည်)။
အထက်ပါ နည်းလမ်းများနှင့် အဆင်မပြေပါက အိပ်ရာထဲ ဆီးစသွားသည်နှင့်တစ်ပြိုင်နက် အချက်ပေးမြည်တတ်သော နှိုးစက် (enuresis alarms)များကိုလည်း ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ရံဖန်ရံခါ သုံးစွဲနိုင်သည်။ နှိုးစက်မြည်သံကြားသည်နှင့် ချက်ချင်း ကလေးသည် ဆီးသွားနေမှန်းသိ၍ နိုးလာပြီး အိမ်သာဆီသွား၍ ဆီးပေါက်နိုင်စေရန် ရည်ရွယ်သည် သို့မဟုတ် နှိုးစက်ဖြင့် ချက်ချင်း သတိပေးတတ်သော သဘောကြောင့် ကလေးသည်သတိထား၍ ဆီးထိန်းလာနိုင်မည်။ နှိုးစက်သံကြောင့် မိဘများနှင့် ကလေးများ အိပ်ရေးပျက်နိုင်ခြေ ရှိသော်လည်း ထိရောက်မှုရှိသော ကုသနည်းတစ်မျိုးဖြစ်သည်။
နည်းလမ်းမျိုးစုံနှင့် ကုသပြီးသော်လည်း ထိရောက်မှုမရှိလျှင် တစ်ခါတစ်ရံ ဆေးဝါးများသုံးပြီး ကုသရခြင်းများလည်း ရှိသည်။ သောက်ဆေးများသည် ကလေး တစ်ဦးနှင့်တစ်ဦး တိုက်ရသော ပမာဏနှင့် ကြာချိန် မတူညီသောကြောင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ရန် အရေးကြီးသည်။
References:
- Nocturnal Enuresis: The Management of Bedwetting in Children and Young People. (2010). Retrieved June 17, 2024, from PubMed. https://pubmed.ncbi.nlm.nih.gov/22031959/
- NICE. (n.d.). CKS is only available in the UK. Retrieved June 17, 2024, from https://cks.nice.org.uk/topics/bedwetting-enuresis/
- Clinical Practice Guidelines : Enuresis – Bed wetting and Monosymptomatic Enuresis. (n.d.). Retrieved June 17, 2024, from https://www.rch.org.au/clinicalguide/guideline_index/Enuresis_-_Bed_wetting_and_Monosymptomatic_Enuresis/
- Bedwetting. (2024). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/15075-bedwetting
- Bed-wetting – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/bed-wetting/symptoms-causes/syc-20366685
- Bed-wetting – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/bed-wetting/diagnosis-treatment/drc-20366711
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.