သာမန်ချွေးထွက်ခြင်းသည် လူ့ခန္ဓာကိုယ်၏ အပူချိန်ကို ထိန်းညှိခြင်းဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာသောအခါ အာရုံကြောစနစ်မှ ချွေးဂလင်းများ (ချွေးထုတ်ပေးသောအကျိတ်များ)ကို လှုံ့ဆော်ပေးကာ ချွေးထွက်စေသည်။ အဆိုပါချွေးများ အငွေ့ပြန်ခြင်းဖြင့် ခန္ဓာကိုယ်မှအပူဓာတ် လျော့ကျကာ အေးမြစေသည်။ နို့စို့အရွယ်ကလေးငယ်မှစ၍ အသက်အရွယ်မရွေး ချွေးထွက်နိုင်သည်။ ကိုယ်ခန္ဓာမှ အပူဓာတ်ကို ထိန်းညှိရန် လိုအပ်သောပမာဏထက် ပို၍ချွေးထွက်ခြင်း၊ လှုပ်ရှားမှု၊ ပတ်ဝန်းကျင် အပူချိန်များနှင့် ကိုက်ညီခြင်းမရှိသော ချွေးထွက်ခြင်းကို ချွေးထွက်လွန်ခြင်း (profuse sweating)ဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ချွေးထွက်သောနေရာအပေါ်မူတည်၍
- နေရာကွက်ကြား ချွေးထွက်လွန်ခြင်း (localised hyperhidrosis)
- တကိုယ်လုံး ချွေးထွက်လွန်ခြင်း (generalised hyperhidrosis) ဟူ၍ခွဲခြားနိုင်သည်။
နောက်ခံအကြောင်းရင်းအပေါ် မူတည်၍ - အလိုအလျောက် ချွေးထွက်လွန်ခြင်း (primary hyperhidrosis)
- ရောဂါအခြေအနေကြောင့် ချွေးထွက်လွန်ခြင်း (secondary hyperhidrosis) ဟုခွဲခြားနိုင်သည်။
အလိုအလျောက်ချွေးထွက်လွန်ခြင်း (primary hyperhidrosis)
အလိုအလျောက်ချွေးထွက်လွန်ခြင်းသည် နောက်ခံကျန်းမာရေးပြဿနာ တစ်စုံတစ်ရာမရှိသော အခြေအနေတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမပါဝင်ဘဲ ခြေဖဝါး၊ လက်ဖဝါး၊ ချိုင်းကြားတွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ ကိုယ်ခန္ဓာ၏ ဘယ်၊ ညာနှစ်ဖက်လုံး တူညီစွာဖြစ်ပေါ်တတ်သည်။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ဖြစ်ပေါ်တတ်သည်။ အလိုအလျောက် ချွေးထွက်လွန်တတ်သူများတွင် အလားတူလက္ခဏာရှိသူ ဆွေမျိုးမိသားစုဝင်များ ရှိတတ်သည်။ ထို့ကြောင့် မျိုးဗီဇနှင့် ဆက်နွယ်နိုင်သည်ဟု ယူဆသည်။
ရောဂါအခြေအနေကြောင့် ချွေးထွက်လွန်ခြင်း(secondary hyperhidrosis)
နောက်ခံရောဂါအခြေအနေတစ်ခု၏ လက္ခဏာတစ်ရပ်အနေဖြင့် ဖြစ်ပွားတတ်သည်။ ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲစိုသည်အထိ အလွန်အမင်း ချွေးထွက်လေ့ရှိသည်။ ညအိပ်သည့်အချိန်များတွင်ပါ ချွေးထွက်တတ်ပြီး ခေါင်းအုံး၊ အိပ်ရာခင်း၊ အဝတ်အထည်များ စိုရွှဲသည်အထိ ဖြစ်နိုင်သည်။ ခန္ဓာကိုယ်တွင်း ရောဂါပိုးဝင်ခြင်း၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းဓါတ်များခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မွေးရာပါ နှလုံးရောဂါများ၊ ပြန်ရည်ကျိတ်ကင်ဆာများ၊ အချို့သောဆေးဝါးများကြောင့် ချွေးထွက်လွန်ခြင်း ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ထိုရောဂါများ၏ လက္ခဏာများပါ ပူးတွဲတွေ့ရလေ့ရှိသည်။
ချွေးထွက်လွန်ခြင်းသည် ကလေးအများစုတွင် အဝတ်အထည်များ အလွန်ထူထပ်စွာ ဝတ်ဆင်ပေးခြင်းကြောင့်လည်း အဖြစ်များသည်။ ခန္ဓာကိုယ်လှုပ်ရှားမှု များခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်းများကြောင့်လည်း ချွေးထွက်လွန်နိုင်သည်။
မိသားစုအနေဖြင့် အများဆုံးစိုးရိမ်တတ်သော ချွေးထွက်ခြင်းပုံစံတစ်ခုမှာ ညအိပ်စဉ် ချွေးထွက်ခြင်းဖြစ်သည်။ ဦးခေါင်း၊ နဖူးတွင် အများဆုံးထွက်လေ့ရှိသည်။ မွေးကင်းစအရွယ်မှ ကလေးကြီးများအထိ ဖြစ်နိုင်သည်။ ညဘက်ခေါင်းချွေးထွက်ခြင်းသည် အများအားဖြင့် အန္တရာယ်မရှိသော်လည်း တစ်ခါတစ်ရံ အချို့သောရောဂါများ (ဥပမာ-တီဘီရောဂါ)၏ လက္ခဏာတစ်ရပ်အနေဖြင့် ဖြစ်ပွားနိုင်သည်။ သို့သော် ထိုသို့ဖြစ်လျှင် သက်ဆိုင်ရာရောဂါ၏ အခြားသောလက္ခဏာများပါ တွေ့ရလေ့ရှိသည်။ ထို့ကြောင့် ညအိပ်စဉ် ခေါင်းချွေးထွက်ခြင်းသည် ကလေးများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သော်လည်း အခြားလက္ခဏာများ မရှိလျှင် စိုးရိမ်ရန် မလိုအပ်ပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ချွေးထွက်လွန်သည်ဟု စိုးရိမ်ခြင်းရှိလျှင်
- နောက်ခံ ရောဂါအခြေအနေတစ်ခုခု၏ လက္ခဏာများရှိသည်ဟု သံသယရှိလျှင်
- ချွေးထွက်လွန်ခြင်းသည် နေ့စဉ်ဘဝလှုပ်ရှားမှုနှင့် စိတ်ခံစားမှုတို့ကို ထိခိုက်မှုရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြင့်
- အခြားရောဂါလက္ခဏာများ ရှိမရှိ
- လူနာ၏ အထွေထွေ ကျန်းမာရေးအခြေအနေနှင့် ဖွံ့ဖြိုးမှု
- ချွေးထွက်လွန်ခြင်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများကို စိစစ်မည်။ လိုအပ်ပါက အခံရောဂါများအတွက် ဓါတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ရနိုင်သည်။
ကုသခြင်း
ချွေးထွက်လွန်စေသော ရောဂါများရှိပါက ကုသရန်လိုသည်။
ချွေးထွက်ခြင်းအမျိုးအစားနှင့် သက်ရောက်မှုအပေါ် မူတည်၍လည်း ကုသမှုအမျိုးမျိုး ပေးနိုင်သည်။
- ရေဓါတ်လုံလောက်အောင် ဖြည့်တင်း၍ စောင့်ကြည့်ခြင်း
- အရေပြားလိမ်းဆေးများ
- သောက်ဆေးများ
- Botox ထိုးဆေးများ
- လျှပ်စီးကြောင်းဖြင့် ချွေးဂလင်းများကို ကုသခြင်း (Iontophoresis)
- ချွေးထွက်သော ဂလင်းများကို ခွဲစိတ်ကုသခြင်းစသော ကုသမှုအမျိုးမျိုး ပြုလုပ်ရနိုင်သည်။
References:
- Morgan, K. K. (2024). What Causes Excessive Sweating (Hyperhidrosis)? WebMD. Retrieved July 3, 2024, from https://www.webmd.com/skin-problems-and-treatments/hyperhidrosis-causes-11
- Hyperhidrosis. (2024). Cleveland Clinic. Retrieved July 3, 2024, from https://my.clevelandclinic.org/health/diseases/17113-hyperhidrosis
- Key, A. P. (2024). Excessive Sweating (Hyperhidrosis). WebMD. Retrieved July 3, 2024, from https://www.webmd.com/skin-problems-and-treatments/hyperhidrosis2#:~:text=Hyperhidrosis%20causes%20excessive%20sweating%20in,procedures%20such%20as%20Botox%20injections.
- Sifris, J. M. &. D., MD. (2023). What Is Hyperhidrosis? Verywell Health. Retrieved July 3, 2024, from https://www.verywellhealth.com/hyperhidrosis-symptoms-overview-4177694#:~:text=The%20treatment%20of%20hyperhidrosis%20varies,termination%20of%20a%20problematic%20drug.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.