Hoarseness of voice (အသံဝင်ခြင်း)

Hoarseness of voice (အသံဝင်ခြင်း)

အသံဝင်ခြင်းသည် အသံအိုးနှင့် အသံကြိုးများတွင် ပြဿနာတစ်စုံတစ်ရာ ရှိခြင်းကြောင့် လူတစ်ဦး၏ ပင်ကိုယ်စကားပြောသံ ပြောင်းလဲသွားခြင်းကို ဆိုလိုသည်။ အသံကို အလွန်အကျွံအသုံးချခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အသံအိုးတွင် အလုံးအကျိတ်များရှိခြင်းများကြောင့် ဖြစ်နိုင်သည်။ ‌‌အချိန်ကြာမြင့်စွာ စကားပြောရသော ကျောင်းဆရာများ၊ အဆိုတော်များ၊ အရောင်းကိုယ်စားလှယ်ဝန်ထမ်းများနှင့် အကြိမ်များစွာ ဖုန်းလက်ခံဖြေကြားရသည့် ဖုန်းစင်တာဝန်ထမ်းများတွင် ပိုမိုဖြစ်နိုင်ခြေများသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လည်ပင်းရှိ အသံအိုးနှင့် အသံကြိုးများသည် စကားပြောသံထုတ်လုပ်ပေးသော အဓိကနေရာများဖြစ်သည်။ အသံအိုးသည် လေပြွန်၏ အပေါ်ဘက်တွင် တည်ရှိသည်။ အသံကြိုးများသည် အသံအိုး အဖွင့်အပိတ်ကို ထိန်းချုပ်ပေးသော တစ်ရှူးများဖြစ်သည်။ စကားပြောသောအခါ အဆုတ်မှလေများသည် အသံအိုးကို ဖြတ်သန်းပြီး အသံကြိုးများကို တုန်ခါစေခြင်းဖြင့် စကားသံကို ဖန်တီးပေးသည်။

အောက်ပါ ရောဂါအခြေအနေများကြောင့် လေပြွန်၊ အသံအိုးနှင့် အသံကြိုးများကို ထိခိုက်မိလျှင် အသံပြာခြင်း၊ အသံဝင်ခြင်းများ ဖြစ်စေနိုင်သည်။

  1. အသက်အရွယ် – အသက်ကြီးလာသည်နှင့်အမျှ အသံကြိုးများ ပါးလာခြင်းကြောင့် အသံပြောင်းနိုင်သည်။
  2. အသံကို ပုံမှန်ထက်ပို၍ အသုံးပြုမိခြင်း – နာရီပေါင်းများစွာ စကားပြောခြင်း၊ စာသင်ခြင်း၊ မိန့်ခွန်းပြောခြင်း၊ ပြိုင်ပွဲများတွင် အသံကုန် အော်ဟစ်အားပေးခြင်း၊ စကားများရန်ဖြစ်ခြင်း စသည်တို့ကြောင့်လည်း အသံဝင်သွားနိုင်သည်။
  3. လေပြွန်ရောင်ရမ်းခြင်း – အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများဝင်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့် လေပြွန်သာမက အသံအိုး၊ အသံကြိုးများကိုပါ ရောင်ရမ်းစေပြီး အသံပြောင်းစေနိုင်သည်။
  4. အသံကြိုးတွင် ကင်ဆာမဟုတ်သော အလုံးအကျိတ်များ၊ အသားပိုများနှင့် အသံကြိုးမှ သွေးကြောပေါက်ရာမှ ထွက်လာသော သွေးခဲများကြောင့်လည်း အသံဝင်စေနိုင်သည်။
  5. အသံအိုးကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာရောဂါများတွင်လည်း အသံပြောင်းခြင်းကို လက္ခဏာတစ်ခုအဖြစ် တွေ့ရတတ်သည်။
  6. လေပြွန်၊ အသံအိုးနှင့် အသံကြိုးများကို ထိန်းချုပ်ထားသော ဦးနှောက်အစိတ်အပိုင်းများနှင့် အာရုံကြောများတွင် ထိခိုက်မိခြင်း (ဥပမာ – လေဖြတ်ခြင်း၊ ပါကင်ဆန်ရောဂါ)တို့ကြောင့်လည်း အသံပြောင်းနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အသံဝင်ခြင်းသည် ကင်ဆာနှင့် ဦးနှောက်အာရုံကြောရောဂါများကြောင့် ဖြစ်ခဲ့လျှင် ထိုရောဂါများ၏ နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အသံဝင်ခြင်းနှင့်ယှဉ်တွဲ၍

  • စကားပြောလျှင်၊ အစာမျိုလျှင် နာကျင်ခြင်း
  • အသက်ရှူခက်ခဲခြင်း၊ မျိုရခက်ခဲခြင်း
  • ချောင်းဆိုးလျှင် သွေးပါခြင်း
  • လည်ပင်းအကျိတ် ရှိခြင်း
  • အသံလုံးဝမထွက်တော့ခြင်းများရှိလျှင် ဆေးရုံ၊ ဆေးခန်းသို့ မဖြစ်မနေ ပြသရန်လိုသည်။
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် နားနှာခေါင်းလည်ချောင်းတဝိုက် စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါသိရှိနိုင်သည်။ လိုအပ်ပါက လည်ချောင်းတလျှောက် မှန်ပြောင်းကြည့်ခြင်း၊ အလုံးအကျိတ်မှ အသားစယူ၍ စစ်ဆေးခြင်း၊ ကွန်ပြူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန်များ ရိုက်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

အသံဝင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်၍ ကုသမှုများ ကွဲပြားသည်။ အသံအိုးနှင့် အသံကြိုးများ ‌ပိုးဝင်၍ ရောင်ရမ်းခြင်းအတွက် ပိုးသတ်ဆေးများပေးခြင်း၊ အလုံးအကျိတ်နှင့် သွေးခဲများကို ခွဲစိတ်ဖယ်ရှားခြင်း၊ ဦးနှောက်နှင့် အာရုံကြောပြဿနာများအတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းနှင့် စကားပြောလေ့ကျင့်ခန်းများ သင်ကြားပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း

အသံဝင်ခြင်းကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း အောက်ပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် အတန်အသင့် ကာကွယ်ပေးနိုင်သည်။

  • အချိန်ကြာမြင့်စွာ၊ ကျယ်လောင်စွာ စကားပြောရမည့် အခြေအနေများတွင် မိုက်ခရိုဖုန်း အသုံးပြုခြင်း
  • ‌ရေ များများသောက်ပေးခြင်း
  • ရေ‌ငွေ့ထုတ်စက် (humidifier)အသုံးပြုပေးခြင်း
  • ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
  • အရက်နှင့် ကဖိန်းပါသော အရည်များ လျှော့သောက်ခြင်း
  • ပူလွန်း၊ စပ်လွန်းသော အစားအစာများ ရှောင်ကြဥ်ခြင်း
  • အသံကို ပုံမှန်ထက်ပို၍ အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဥ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်သည်။

References:

  1. Hoarseness. (2024). Cleveland Clinic. Retrieved June 21, 2024, from https://my.clevelandclinic.org/health/diseases/17105-hoarseness
  2. Why Am I Losing My Voice? (2024). WebMD. Retrieved June 21, 2024, from https://www.webmd.com/rheumatoid-arthritis/why-am-i-losing-my-voice
  3. Home. (n.d.). Retrieved June 21, 2024, from https://www.hopkinsmedicine.org/
  4. Allen, S. (2019). Everything You Need to Know About Hoarseness. Healthline. Retrieved June 21, 2024, from https://www.healthline.com/health/hoarseness#:~:text=Hoarseness%20is%20typically%20caused%20by,tobacco%20smoking

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.