ကလေးလည်ပင်းကြွက်သားများ တိုခြင်း (သို့မဟုတ်) တောင့်တင်းခြင်းတို့ကြောင့် ဦးခေါင်း တစ်ဖက်ဖက်သို့ စောင်းနေခြင်းကို Torticollis ဟုခေါ်သည်။ အများအားဖြင့် ရုတ်တရက် ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်းကို အုန်းလွဲသည်ဟုလည်း ခေါ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်းသည် လည်ပင်းတလျှောက်တွင်ရှိသော sternomastoidကြွက်သား တောင့်တင်းခြင်း သို့မဟုတ် တိုခြင်းကြောင့် ဖြစ်ပွားသည်။ မွေးရာပါချို့ယွင်းမှုကြောင့် အဖြစ်များသော်လည်း မွေးဖွားပြီးနောက်ပိုင်း ရောဂါအခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။
- မွေးရာပါခေါင်းစောင်းခြင်း
အတွေ့ရများသော အကြောင်းရင်းများမှာ _- မွေးဖွားချိန်တွင် အထူးသဖြင့် တင်ပါးဆုံပိုင်းနှင့် မွေးဖွားသောကလေးများတွင် လည်ပင်းထွက်ချိန်ကြာ၍ လည်ပင်းကြွက်သားကို ထိခိုက်မိခြင်း
- လည်ပင်းကြွက်သားအတွင်း သွေးထွက်သွေးခဲခြင်း
- ညှပ်ဆွဲမွေးခြင်း၊ လေစုပ်မွေးခြင်းများ စသည်တို့ဖြစ်သည်။
အခြားအကြောင်းရင်းများမှာ- - သားအိမ်အတွင်း၌ရှိစဉ် ကလေးလည်ပင်း အနေအထား ပုံစံမမှန်ခြင်း
- လည်ပင်း ကြွက်သားတစ်ရှူးများ ထူ၍ အနာရွတ်တက်နေခြင်း
- လည်ပင်းကြွက်သား ပုံမှန်မဖွံ့ဖြိုးခြင်း
- လည်ပင်းကျောရိုးဆစ်များ ပုံမှန်မဖွံ့ဖြိုးခြင်း စသည်တို့ဖြစ်သည်။
- မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်းများ
မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်းများတွင် အတွေ့ရအများဆုံးမှာ လည်ပင်းထိခိုက်ဒဏ်ရာရခြင်း၊ ပုံစံအနေအထားမမှန်ခြင်း စသည်တို့ကြောင့် ဖြစ်သော sternomastoidကြွက်သား ရုတ်တရက်တောင့်တင်းခြင်း (အုန်းလွဲခြင်း)ဖြစ်သည်။ ထိုထိခိုက်ဒဏ်ရာရခြင်းသည် မပြင်းထန်သောကြောင့် အများစုတွင် သတိမပြုမိတတ်ပါ။
မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်း၏ အခြားအကြောင်းရင်းများမှာ –- sternomastoidကြွက်သားတောင့်တင်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရောင်ခြင်း၊ အကျိတ်ရှိခြင်း
- အချို့သော ဆေးဝါးများ (ဥပမာ-အအန်ပျောက်ဆေး၊ စိတ်ငြိမ်ဆေးများ)၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် ကြွက်သားများတောင့်တင်းခြင်း
- လည်ပင်းကျောရိုးဆစ်များ ထိခိုက်ဒဏ်ရာရခြင်း၊ အဆစ်လွဲခြင်း၊ ရောင်ခြင်း၊ အကျိတ်ဖြစ်ခြင်း
- ပြင်းထန်သော လည်ချောင်းနာ၊ အာသီးရောင်ခြင်း၊ ပြည်တည်ခြင်းများ
- အမြင်အာရုံ ပြဿနာရှိခြင်း၊ မျက်စိစွေခြင်း
- ကျောရိုးအာရုံကြောမကြီးရောဂါများ
- ဦးနှောက်အောက်ခြေနှင့် ဦးနှောက်အနောက်ပိုင်းရောဂါများ (ဥပမာ ဦးနှောက်အကျိတ်)
မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်းအကြောင်းရင်းများတွင် ခေါင်းစောင်းလိုက် ပျောက်လိုက်ဖြစ်တတ်သည့် ရောဂါအခြေအနေများ (ဥပမာ – benign paroxysmal Torticollis of infancy, spasmus nutans, etc.)ကိုလည်း ရှားရှားပါးပါး တွေ့ရသည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
မွေးရာပါခေါင်းစောင်းခြင်းသည် မွေးမွေးချင်း လက္ခဏာ ပြလေ့မရှိဘဲ ကလေးခေါင်းနှင့် လည်ပင်း လှုပ်ရှားမှုများ သိသာလာသည့် အသက် (၁)လခွဲ၊ (၂)လ အရွယ်ခန့်မှ စတင်သိသာသည်။ အများအားဖြင့် နာကျင်မှုမရှိပါ။ ခေါင်းစောင်းသော ကလေးငယ်များ၏ (၇၅) ရာခိုင်နှုန်းခန့်တွင် ညာဘက်အခြမ်းကို ပို၍ထိခိုက်တတ်သည်။
မွေးရာပါခေါင်းစောင်းခြင်း၌ တွေ့ရသော လက္ခဏာများမှာ –
- ဦးခေါင်းသည် ညာ (သို့မဟုတ်) ဘယ် တစ်ဖက်ဖက်သို့ စောင်းနေပြီး လည်ပင်းလိမ်နေခြင်း
- မေးစေ့သည် ခေါင်းစောင်းသည့်ဘက်နှင့် ဆန့်ကျင်ဘက်သို့ စောင်းနေခြင်း
- ဦးခေါင်းသည် ဘယ်ညာ ဘေးတိုက် (သို့မဟုတ်) အပေါ်အောက် အလွယ်တကူ လှုပ်ရှား၍မရခြင်း
- လည်ပင်းကြွက်သား တင်းမာခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း
- လည်ပင်းကြွက်သားတွင် အလုံးအကျိတ် စမ်းမိတတ်ခြင်း
- ကလေးနို့စို့ရာတွင် တစ်ဖက်တည်းကိုသာ အားသန်ခြင်း
- တစ်ဖက်တည်းသို့သာ စောင်း၍ လှဲသောကြောင့် ဦးခေါင်းအနေအထား ပုံမမှန်ဘဲ တစ်ခြမ်းပြားလာတတ်ခြင်း (positional plagiocephaly)
- ပုံမှန်ဖြစ်သောဖက်မှ ပခုံးပိုမြင့်နေခြင်း
မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်းတွင် အထက်ပါ လက္ခဏာများအပြင် လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်းများ တွဲ၍တွေ့ရသည်။ ထို့အပြင် ခေါင်းစောင်းခြင်းကိုဖြစ်စေသော အခံရောဂါ၏ လက္ခဏာများလည်း တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်းကို စောစီးစွာမကုသပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဆက်လက် ဖြစ်ပေါ်လာနိုင်သည်။
- ဦးခေါင်းနှင့် လည်ပင်း ပုံမှန်အနေအထားသို့ လုံးဝပြန်မရောက်တော့ခြင်း
- ဦးခေါင်းနှင့် မျက်နှာပုံစံ မညီမညာ ဖြစ်ခြင်း
- ကလေး၏ လှုပ်ရှားမှုပိုင်းဆိုင်ရာ အထွေထွေဖွံ့ဖြိုးမှု နောက်ကျခြင်း
- အမြင်အာရုံဆိုင်ရာ ပြဿနာများ ပေါ်လာခြင်း စသည်တို့ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ခေါင်းစောင်း၊ လည်ပင်းစောင်းသော ကလေးများကို မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး လိုအပ်လျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မွေးရာပါမဟုတ်သော ရုတ်တရက်ခေါင်းစောင်းခြင်း (အုန်းလွဲခြင်း)များတွင် တစ်ပတ်အတွင်း ပြန်မကောင်းပါက ဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။ အထူးသဖြင့် ကျောရိုးအာရုံကြောမကြီးရောဂါများ၊ ဦးနှောက်အောက်ခြေနှင့် ဦးနှောက်အနောက်ပိုင်းရောဂါများ၊ ဦးနှောက်အကျိတ်စသည်တို့သည် အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်းနှင့်အတူ ဦးနှောက်အာရုံကြောလက္ခဏာများ တွဲဖက်လာပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှု ခံယူရန်လိုသည်။
ကုသခြင်း
မွေးရာပါမဟုတ်သော ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်းတွင် အကြောင်းရင်းကို ကုသရန် လိုအပ်သည်။ ထို့ပြင် ကြွက်သားပျော့ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ လေ့ကျင့်ခန်းများ လိုအပ်နိုင်သည်။
မွေးရာပါ ခေါင်းစောင်း၊ လည်ပင်းစောင်းကလေးများအတွက် အောက်ပါလေ့ကျင့်ခန်းများကို အိမ်တွင် လေ့ကျင့်ပေးနိုင်သည်။
- နို့စို့ချိန်၊ အစာကျွေးချိန်၊ အိပ်ချိန်၊ ကစားချိန်များတွင် ဘယ်ညာ နှစ်ဖက်စလုံးကို မျှမျှတတ သို့မဟုတ် ခေါင်းမစောင်းသောဘက်ကို ပိုကြည့်စေရန် သတိပြု လေ့ကျင့်ပေးပါ။
- ကလေး၏ အစာစားချင်စိတ်ကို လှုံ့ဆော်မှုအဖြစ် အသုံးပြု၍ ကလေးအား နို့တိုက်ခါနီးအချိန်တွင် မိခင်ကိုယ်တိုင်ဖြစ်စေ၊ နို့ဘူးကိုဖြစ်စေ၊ ကလေး ခေါင်းစောင်းသောအခြမ်းနှင့် ဆန့်ကျင်ရာဘက်တွင်နေ၍ ကလေး လှည့်ကြည့်လာစေရန် လှုံ့ဆော်ပေးပါ။
- အရုပ်များကို ကလေး၏ ဘယ်ညာနှစ်ဖက်လုံးတွင် ထားပေး၍ ခေါင်းကို နှစ်ဖက်လုံးသို့ လှည့်ကြည့်စေရန် လေ့ကျင့်ပေးပါ။ အသံထွက်သော၊ အရောင်တောက်သော အရုပ်များသည် ကလေး၏ အာရုံအတွက် ပိုမိုအကျိုးရှိစေသည်။ တောင့်တင်းနေသော လည်ပင်းကြွက်သားကို ပျော့ပျောင်းစေသည့်အပြင် အသုံးနည်းသည့်ဘက်မှ ပျော့နေသော လည်ပင်းကြွက်သားကိုလည်း ပြန်ပြီးသန်မာစေနိုင်သည်။
- ကလေးကို ဝမ်းလျားမှောက်လေ့ကျင့်ချိန်(tummy time) သီးသန့်ပြုလုပ် လေ့ကျင့်ပေးပါ။ မိဘများ၏ ရင်ဘတ်ပေါ်၊ ပေါင်ပေါ် သို့မဟုတ် ခေါင်းအုံးပေါ်တွင်ထား၍ တစ်ကြိမ်လျှင် (၁၅)မိနစ်စီဖြင့် လေးကြိမ် စုစုပေါင်း တစ်နေ့ တစ်နာရီခန့် လေ့ကျင့်နိုင်သည်။ (Tummy time)
အိမ်တွင် လေ့ကျင့်မှုများပြုလုပ်သော်လည်း မသက်သာပါက မိမိ၏ မိသားစုဆရာဝန်မှတဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များ၊ ကာယကုထုံးလေ့ကျင့်ပေးသော ပညာရှင်များနှင့် တိုင်ပင် ကုသမှု ခံယူသင့်သည်။ ကုသမှုများ မရရှိဘဲ အချိန်ကာလကြာမြင့်စွာ ခေါင်းစောင်းခြင်းရှိနေလျှင် သို့မဟုတ် ကာယကုထုံးများ၊ လေ့ကျင့်ခန်းများနှင့် တိုးတက်မှု မရှိလျှင် ခွဲစိတ်အထူးကုဆရာဝန်နှင့် တိုင်ပင်ပြသ၍ တောင့်တင်းနေသော sternomastoidကြွက်သားကို ဖြေလျှော့စေရန် ခွဲစိတ်မှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ကလေးများ၏ ခေါင်းစောင်းခြင်း ပြဿနာများကို ကာကွယ်ရန် နည်းလမ်း အတိအကျ မရှိပါ။သို့သော် ကိုယ်ဝန်အပ်ခြင်း၊ မွေးဖွားခြင်းစသည်များကို စနစ်တကျ ကြိုတင် တိုင်ပင်ပြင်ဆင်ခြင်းဖြင့် မွေးရာပါခေါင်းစောင်းခြင်း၏ တချို့သောအကြောင်းရင်းများကို ကာကွယ်နိုင်သည်။ ခေါင်းစောင်း၊ လည်ပင်းစောင်း လက္ခဏာများ သတိထားမိလျှင်လည်း ချက်ချင်းဆရာဝန်များနှင့် တိုင်ပင်ပြသသင့်သည်။
References:
- Torticollis. (2024). Cleveland Clinic. Retrieved June 21, 2024, from https://my.clevelandclinic.org/health/diseases/22430-torticollis#:~:text=It%20can%20be%20congenital%20or,muscle%20stretches%20and%20position%20changes.
- Marks, J. (2023). What Is Torticollis? WebMD. Retrieved June 21, 2024, from https://www.webmd.com/parenting/baby/what-is-torticollis
- Torticollis (Wryneck). (2024). Johns Hopkins Medicine. Retrieved June 21, 2024, from https://www.hopkinsmedicine.org/health/conditions-and-diseases/torticollis-wryneck#:~:text=Key%20points%20about%20torticollis,by%20history%20and%20physical%20exam.
- Torticollis in Infants (for Parents). (n.d.). Retrieved June 21, 2024, from https://kidshealth.org/en/parents/torticollis.html#:~:text=What%20Is%20Torticollis%20in%20Infants,stretching%20exercises%20done%20at%20home.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.