Fever (ဖျားခြင်း)

Fever (ဖျားခြင်း)

ကိုယ်အပူချိန် ပုံမှန်ရှိသင့်သည့် အတိုင်းအတာထက် မြင့်တက်နေခြင်းကို အဖျားရှိသည်ဟု ခေါ်သည်။ လူတစ်ယောက်နှင့် တစ်ယောက် ပုံမှန်ကိုယ်အပူချိန် အနည်းငယ်စီ ကွဲပြားကြသည်။ ယေဘုယျအားဖြင့် (၉၇) ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) (၃၆.၁) ဆဲလ်စီးယပ် မှ (၉၉) ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) (၃၇.၂) ဆဲလ်စီးယပ်အတွင်း ရှိသည်။ မနက်ခင်းအချိန်တွင် ကိုယ်အပူချိန် နည်းနေတတ်ပြီး ညနေခင်းအချိန်တွင် ပို၍များတတ်သည်။

အဖျားကို ပါးစပ်၊ နား၊ နဖူး၊ ချိုင်းနှင့် စအို စသည့် ခန္ဓာကိုယ်၏ နေရာမျိုးစုံတွင် တိုင်းနိုင်သည်။ သို့ရာတွင် လူနာများကို စအိုမှ တိုင်းတာလေ့မရှိပါ။ ပါးစပ်မှ တိုင်း၍ရသောအပူချိန်သည် ပို၍တိကျလေ့ရှိသည်။ အတိအကျ သတ်မှတ်မထားသော်လည်း အများစုလက်ခံထားသော အဖျားဟု သတ်မှတ်နိုင်သည့် ကိုယ်အပူချိန်မှာ (၁၀၀.၄) ဒီဂရီဖာရင်ဟိုက် (ပါးစပ်မှတိုင်းတာသောအပူချိန်) ဖြစ်သည်။ နားအတွင်းမှ တိုင်းတာ၍ရသော ကိုယ်အပူချိန်သည် ပါးစပ်မှတိုင်းတာ၍ရသော ကိုယ်အပူချိန်ထက် (၁) ဒီဂရီ ဖာရင်ဟိုက် (သို့မဟုတ်) (၀.၆) ဆဲလ်စီးယပ် လျော့နည်းသည်။ ထို့ကြောင့် ဆရာဝန်အား မိမိ တိုင်းတာ၍ရသော ကိုယ်အပူချိန်ပြောလျှင် တိုင်းတာသည့်နေရာကိုပါ ထည့်ပြောသင့်သည်။

အဖျားတိုင်းတာနည်းများ

မာကျူရီ (သို့မဟုတ်) ဒစ်ဂျစ်တယ် သာမိုမီတာ

  • လက်ကို ဆပ်ပြာဖြင့် ဆေးပါ။
  • သာမိုမီတာသည် အသုံးပြုပြီးသားဖြစ်ပါက ထိပ်ကို အရက်ပြန်ဖြင့်ပွတ်၍ ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။
  • များသောအားဖြင့် ပါးစပ်နှင့် ချိုင်းထဲတွင် တိုင်းလေ့ရှိသည်။
  • ပါးစပ်တွင်တိုင်းရန် – သာမိုမီတာ၏ထိပ်ကို လျှာအောက်တွင်ထား၍ ပါးစပ်ကိုပိတ်ထားခိုင်းပါ။ အဖျားမတိုင်းမီ (၅)မိနစ်အတွင်း အစာစားခြင်းမှ ရှောင်ကြဉ်ပါ။ မာကျူရီသာမိုမီတာအတွက် (၃) မိနစ်ခန့် ထားရန်လိုပြီး ဒစ်ဂျစ်တယ်သာမိုမီတာတွင် အဖျားတိုင်းတာမှုပြီးပါက အချက်ပေးအသံ မြည်ပါလိမ့်မည်။
  • ချိုင်းတွင် တိုင်းမည်ဆိုပါက ရှေးဦးစွာ သာမိုမီတာ ခြောက်သွေ့မှု ရှိမရှိ စစ်ဆေးပြီး လိုအပ်ပါက အဝတ်သန့်ဖြင့် ခြောက်အောင်သုတ်ပါ။ ထို့နောက် သာမိုမီတာထိပ်ကို ချိုင်းအလယ်တည့်တည့်တွင် ထည့်၍ ညှပ်ထားခိုင်းပါ။ မာကျူရီသာမိုမီတာအတွက် (၃) မိနစ်ခန့် ထားရန်လိုပြီး ဒစ်ဂျစ်တယ် သာမိုမီတာတွင် အဖျားတိုင်းတာမှု ပြီးစီးပါက အချက်ပေးအသံ မြည်လိမ့်မည်။

နားစည်မှတိုင်းသည့် သာမိုမီတာ (Tympanic thermometer)

နားကို အပေါ်ဘက်နှင့် အနောက်ဘက်သို့ အသာဆွဲ၍ သာမိုမီတာထိပ်ကို နားအတွင်း၊ အပေါက်ထဲသို့ ဦးတည်ထားပြီး လက်မဝက်ခန့်ထည့်ပါ။ ခလုတ်နှိပ်ပြီး အချက်ပေးသံမြည်သည်အထိ စောင့်ပါ။ ထို့နောက် နားအတွင်းမှထုတ်၍ ဖတ်ရှုနိုင်သည်။

အနီအောက်ရောင်ခြည်သုံး သာမိုမီတာ (Infrared thermometer)

ဤသာမိုမီတာအမျိုးအစားသည် လူ၏အရေပြားနှင့် တိုက်ရိုက်ထိတွေ့ရန်မလိုဘဲ သင့်လျော်သော အကွာအဝေးမှ တိုင်းနိုင်သည်။ အများအားဖြင့် နဖူး (သို့မဟုတ်) နားနောက်တွင် ချိန်၍ တိုင်းနိုင်သည်။ ချွေးထွက်နေသည့်အချိန်၊ နေပူမှ အရိပ်ထဲဝင်လာသည့်အချိန်တွင် တိုင်းတာပါက မှားတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖျားခြင်းသည် –

  1. ရောဂါပိုးများကူးစက်ခြင်း – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ အချို့မှိုပိုးများ
  2. အချို့ဆေးဝါးများ
  3. ကာကွယ်ဆေးများ
  4. ကင်ဆာရောဂါ
  5. မိမိကိုယ်ခံအားစနစ်က မှားယွင်း၍ မိမိခန္ဓာကိုယ်ကို တိုက်ခိုက်သည့်ရောဂါ (Autoimmune diseases) (ဥပမာ – လေးဘက်နာရောဂါ) တို့ကြောင့် ဖြစ်တတ်သည်။ ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်ပြီး အဖျားရက်တိုခြင်း၊ ရက်ရှည်ခြင်း ကွာခြားနိုင်သည်။

တစ်ပတ်အောက် ရက်တိုဖျားနိုင်သော ရောဂါများမှာ

  • အအေးမိခြင်း
  • တုပ်ကွေး
  • ငှက်ဖျား
  • ဆီးပိုးဝင်ခြင်း
  • အဆုတ်ရောင်ခြင်း
  • ဦးနှောက်အမြှေးရောင်ခြင်း စသည်တို့ဖြစ်သည်။

တစ်ပတ်အထက် ရက်ရှည်ဖျားနိုင်သောရောဂါများမှာ

  • တီဘီရောဂါ
  • အူရောင်ငန်းဖျားရောဂါ
  • ခုခံအားကျဆင်းမှုရောဂါ
  • အရေပြားလေးဘက်နာ
  • သွေးကင်ဆာ
  • အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ
  • နှလုံးတွင်း ပိုးဝင်ရောင်ရမ်းခြင်း
  • ပြန်ရည်ကျိတ်ကင်ဆာ
  • မိမိကိုယ်ခံအားစနစ်က မှားယွင်း၍ မိမိခန္ဓာကိုယ်ကို တိုက်ခိုက်သည့်ရောဂါများ စသည်တို့ဖြစ်သည်။

ယှဉ်တွဲလာတတ်သော ရောဂါလက္ခဏာများ

အကြောင်းရင်းပေါ်မူတည်၍ ဖျားခြင်းနှင့်အတူ ရောဂါလက္ခဏာအမျိုးမျိုး ပြနိုင်သည်။ ဥပမာ –

  1. အအေးမိခြင်း – နှာစေး၊ ချောင်းဆိုးခြင်း
  2. တုပ်ကွေး – ကိုက်ခဲခြင်း
  3. ဆီးပိုးဝင်ခြင်း – ချမ်းတုန်ဖျားခြင်း၊ ဆီးပူ၊ ဆီးအောင့်ခြင်း
  4. ဦးနှောက်အမြှေးရောင်ခြင်း – တက်ခြင်း၊ သတိလစ်ခြင်း
  5. အူရောင်ငန်းဖျားရောဂါ – ဗိုက်နာ၊ ဝမ်းပျက်ခြင်း
  6. မိမိကိုယ်ခံအားစနစ်က မှားယွင်း၍ မိမိခန္ဓာကိုယ်ကို တိုက်ခိုက်သည့်ရောဂါများ (autoimmune diseases) – အဆစ်များရောင်ခြင်း၊ နာခြင်း၊ အနီကွက်များ ထွက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

မွေးကင်းစကလေးများနှင့် လမ်းလျှောက်တတ်ခါစ အရွယ်များတွင် အဖျားရှိလျှင် အထူးသတိထားရန် လိုအပ်သည်။ မိသားစုဆရာဝန်နှင့် အမြန်ပြသရမည့် အခြေအနေများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

  • အသက် (၃)လအောက် ကလေးငယ်များ ဖျားခြင်း
  • အသက် (၃)လနှင့် (၂)နှစ်ကြား ကလေးများတွင် အဖျားရှိသည့်အပြင် မှိန်းခြင်း၊ အဆက်မပြတ်ငိုခြင်း၊ အနီစက်များ ထွက်လာခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ သွားရည် အများအပြား ကျခြင်း၊ အစားအသောက် သိသိသာသာ လျော့ကျခြင်း၊ တက်ခြင်း
  • (၂) နှစ်အထက် ကလေးများတွင် မကြာခဏအန်ခြင်း၊ (၃)ရက်အထက်ဖျားခြင်း၊ တက်ခြင်း၊ မှိန်းခြင်း၊ အစားအသောက် သိသိသာသာလျော့ခြင်း၊

လူကြီးများတွင်မူ အဖျားနှင့်တွဲဖက်ပြီး အောက်ပါလက္ခဏာများရှိလျှင် ဆေးရုံ၊ ဆေးခန်း ချက်ခြင်းပြသရန် လိုသည်။

  1. ခေါင်းအလွန်ကိုက်ခြင်း
  2. အနီစက်များထွက်ခြင်း
  3. ခေါင်းငုံ့လျှင် ဇက်တောင့်တင်းနေခြင်း
  4. အလင်းစူးစူး မကြည့်နိုင်ခြင်း
  5. သတိမကောင်းခြင်း
  6. အဆက်မပြတ် အန်ခြင်း
  7. အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
  8. ဗိုက်အောင့်ခြင်း
  9. ဆီးပူ၊ ဆီးအောင့်ခြင်း
  10. တက်ခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် လူနာကိုစမ်းသပ်ခြင်းတို့ကို ဦးစွာ ပြုလုပ်ပေးလိမ့်မည်။ ထို့နောက် ရောဂါလက္ခဏာအပေါ် မူတည်၍ လိုအပ်သောစစ်ဆေးမှုများ (ဥပမာ – သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့)ကို ပြုလုပ်လိမ့်မည်။

ကုသခြင်း
  • အဖျားသည် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ ပြင်ပရောဂါပိုးများကို တုံ့ပြန်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဖျားငွေ့ငွေ့လောက်သာရှိလျှင် အဖျားကျဆေးမသောက်ဘဲ အရည်များများသောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ချောင်ချိသောအဝတ်အစားများကို ဝတ်ဆင် ခြင်း စသည်တို့သာ လုပ်ဆောင်ပါ။
  • အဖျားသည် အတွေ့ရများသော လက္ခဏာတစ်ခု ဖြစ်ပြီး ရောဂါကို မရည်ညွှန်းပါ။ ထို့ကြောင့် ဖျားရသည့် အကြောင်းရင်းကို ဆရာဝန်မှ ရှာဖွေကုသပေးမည် ဖြစ်သည်။
  • အဖြစ်အများဆုံးသော ဖျားရသည့်အကြောင်းရင်းမှာ တုပ်ကွေးမိခြင်း၊ နှာစေးချောင်းဆိုး ဖြစ်ခြင်းတို့ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေး သောက်ရန် မလိုအပ်ပါ။
  • အကယ်၍ အဖျား (၁၀၂) ဒီဂရီဖာရင်ဟိုက်နှင့် အထက်ရှိလျှင် အဖျားကျဆေး သောက်သင့်သည်။ လူကြီးများတွင် ပါရာစီတမော (၅၀၀) မီလီဂရမ်ကို တစ်နေ့ (၃)ကြိမ်မှ လိုအပ်လျှင် (၄)ကြိမ်ထိ သောက်နိုင်သည်။ ကလေးငယ်များတွင် ပါရာစီတမောအရည်ကို ဆေးညွှန်းပါအတိုင်း တိုက်ပါ။ (Paracetamol)
  • ထို့အပြင် ရောဂါအကြောင်းရင်းပေါ် မူတည်၍ လိုအပ်သောဆေးဝါးများကိုလည်း ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။
ကာကွယ်ခြင်း
  1. အိပ်ရေးဝဝအိပ်ခြင်း၊ အစားအသောက် မျှမျှတတစားခြင်း၊ အားကစား မှန်မှန်လုပ်ခြင်းတို့ဖြင့် မိမိကိုယ်ခံအားကောင်းမွန်ရန် ပြုလုပ်ပါ။
  2. ကူးစက်ရောဂါကြောင့် ဖြစ်သည့် ဖျားနာခြင်းများမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးရှိသော ရောဂါများအတွက် ကာကွယ်ဆေးများထိုးပါ။
  3. လက်မကြာခဏဆေးပါ။ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
  4. လူစုလူဝေးထဲ သွားသည့်အခါ နှာခေါင်းစည်း (mask) တပ်ပါ။

References:

  1. Fever – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759
  2. Fever – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/diseases-conditions/fever/diagnosis-treatment/drc-20352764
  3. Professional, C. C. M. (2024). Fever. Cleveland Clinic. Retrieved June 14, 2024, from https://my.clevelandclinic.org/health/symptoms/10880-fever

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.