ပြာနှမ်းခြင်းဆိုသည်မှာ သွေးထဲတွင် အောက်ဆီဂျင်မရရှိသောကြောင့် အရေပြား၊ နှုတ်ခမ်း၊ လျှာ၊ လက်သည်းခွံများတွင် အပြာရောင်သမ်းလာခြင်းကို ဆိုလိုသည်။ ထိုအခြေအနေကို ဖြစ်ပေါ်စေသော ရောဂါ အကြောင်းရင်း များစွာရှိသည်။ ပြာနှမ်းခြင်းသည် အရေးကြီးသော ကျန်းမာရေးပြဿနာ ဖြစ်သောကြောင့် ဖြစ်ပေါ် လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်သည်။ ရှေးဦးစွာ အောက်ဆီဂျင်ပေးခြင်းနှင့် ဖြစ်ပေါ်စေသောအကြောင်းရင်းကို ကုသခြင်းတို့ လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးထဲရှိ သွေးနီဥများသည် အောက်ဆီဂျင် ပြည့်ဝနေသောအခါတွင် အနီရောင်သမ်းသည်။ ထိုကြောင့် ခန္ဓာကိုယ်တွင် ပုံမှန်သွေးလည်ပတ်နေလျှင်၊ အဆုတ်တွင်း အောက်စီဂျင်ဖလှယ်မှု ကောင်းနေလျှင် အရေပြားသည် နီမြန်းသောအဆင်းဖြစ်နေသည်။
အောက်ပါအခြေအနေများကြောင့် ပြာနှမ်းခြင်း ဖြစ်ပေါ်နိုင်သည်။
- လုံလောက်သော အောက်စီဂျင်မရရှိနိုင်သော အခြေအနေများ
- ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောနေရာသို့ ရောက်ရှိနေခြင်း
- လေပြွန်တွင် အရာတစ်ခုခုကြောင့် လေအဝင်အထွက် ပိတ်ဆို့ခြင်း
- လေပြွန်တဝိုက်တွင် ရောင်ရမ်းခြင်း
- အဆုတ်နှင့် လေပြွန်ငယ်များတလျှောက် ရောဂါပိုးဝင်ခြင်း
- အဆုတ်ထဲ သွေးခဲပိတ်ဆို့ခြင်း
- ပန်းနာရင်ကျပ်ရောဂါ ဆိုးဝါးစွာ ခံစားနေရခြင်း
- နာတာရှည် လေပြွန်ကျဉ်း၍ အဆုတ်ပွသောရောဂါ ဖြစ်ခြင်း
- အဆုတ်သွေးကြောအတွင်း သွေးဖိအားတက်ခြင်း
- အောက်ဆီဂျင် လုံလောက်သော်လည်း နှလုံးကောင်းစွာ မညှစ်နိုင်ခြင်းနှင့် သွေးလည်ပတ်မှု မကောင်းခြင်း အခြေအနေများ
- မွေးရာပါ နှလုံးရောဂါများ
- နှလုံးညှစ်အား နည်းခြင်းရောဂါ
- ရုတ်တရက် နှလုံးရပ်ခြင်း
- အခြားသော ပြာနှမ်းစေတတ်သည့် အခြေအနေများ
- ခြေလက်တို့ကို တင်းကြပ်စွာစည်းနှောင်ထားခြင်းကြောင့် သွေးလည်ပတ်မှုနည်းခြင်း
- အလွန်အေးသော အပူချိန်နှင့် ထိတွေ့ခြင်း
- တက်ခြင်း
- မူးယစ်ဆေး အလွန်အကျွံ သောက်သုံးခြင်း
- အဆိပ်သင့်ခြင်း
- သွေးကြောကျဉ်းစေသော ရောဂါများရှိခြင်း တို့ကြောင့် ပြာနှမ်းခြင်း ဖြစ်ပွားရသည်။
ပြာနှမ်းခြင်းအမျိုးအစားများ
- ပါးစပ် အနားတစ်ဝိုက် ပတ်လည် ပြာနှမ်းခြင်း (Perioral cyanosis)
ပါးစပ်နှင့် နှုတ်ခမ်းသားသည် အလွန်အေးသော ပတ်ဝန်းကျင်အပူချိန်နှင့် ထိတွေ့သောအခါ အတွင်းရှိသွေးကြောများ ကျုံ့ကာ သွေးနှင့် အောက်ဆီဂျင်များ မရောက်ရှိနိုင်သောကြောင့် ပြာနှမ်းခြင်းကို ဖြစ်စေသည်။ ပုံမှန်ကျန်းမာသောသူများတွင်လည်း ဖြစ်ပေါ်နိုင်သည်။ - ခြေဖျား၊ လက်ဖျားများ ပြာနှမ်းခြင်း (Peripheral cyanosis)
ဤအခြေအနေတွင် နှလုံးမှထွက်လာသော သွေးများသည် ပုံမှန်ဖြစ်နေသော်လည်း ခြေလက်များ၏ ရောဂါအခြေအနေတစ်ခုခုကြောင့် ခြေဖျား၊ လက်ဖျားများ ပြာခြင်းဖြစ်သည်။ အအေးပိုင်းနိုင်ငံများတွင် ဖြစ်တတ်သော နှင်းကိုက်ခြင်း(Frostbite)၊ ခြေလက် သွေးကြောရောဂါများ စသည်တို့ကြောင့် ဖြစ်သည်။ အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်မရှိသော်လည်း သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပါက ခြေဖျား၊ လက်ဖျားများ ပုပ်သည်အထိ ဖြစ်သွားနိုင်သည်။ - ခန္ဓာကိုယ် အစိတ်အပိုင်းအများစု ပြာနှမ်းခြင်း (Central cyanosis)
ဤအခြေအနေတွင် သွေးများသည် နှလုံးမှထွက်လာကတည်းက အောက်ဆီဂျင် ကောင်းစွာမပါဘဲ ပြာနှမ်းနေသည်။ ပါးစပ်၊ နှုတ်ခမ်း၊ ခြေဖျား၊ လက်ဖျားတို့အပြင် ရင်ဘတ်၊ ပါး၊ သွားဖုံး၊ လျှာများပါ ပြာနှမ်းခြင်းဖြစ်သည်။ ၎င်းအခြေအနေသည် ပြင်းထန်သော နှလုံး၊ အဆုတ်၊ သွေးနီဥ၊ သွေးကြောရောဂါ ပြဿနာများကြောင့် ဖြစ်ရသည်။ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးသွားရောက်ရန် လိုအပ်သော အခြေအနေ ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
အဓိက ရောဂါလက္ခဏာမှာ အရေပြားတွင် ပြာနှမ်းခြင်း ဖြစ်သည်။ အသားအရောင်ညို၍ အမည်းရောင် ဘက်သမ်းသောသူများတွင်မူ ပြာနှမ်းသောအရောင်အနေနှင့် မတွေ့ရဘဲ ခဲရောင်(သို့မဟုတ်) အဖြူရောင်အနေဖြင့် တွေ့နိုင်သည်။ ပြာနှမ်းခြင်းနှင့် တွဲဖက်၍ အောက်ပါလက္ခဏာများကို တွေ့နိုင်သည်။
- ကိုယ်တွင်းအပူချိန် ကျဆင်းခြင်း
- လက်များ၊ ခြေထောက်များ ထုံကျင်ခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူရခက်ခဲခြင်း
- မူးဝေခြင်း
- မောပန်းလွယ်ခြင်း
- အားအင်ကုန်ခမ်းခြင်းများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ခန္ဓာကိုယ် အစိတ်အပိုင်းအများစု ပြာနှမ်းသောအုပ်စုတွင် အရေးကြီးအင်္ဂါများ အောက်ဆီဂျင်ကောင်းစွာမရသဖြင့် လုပ်ငန်းများကိုထိခိုက်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်။
ခြေဖျား၊ လက်ဖျားများ ပြာနှမ်းသောအုပ်စုတွင် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်မရှိသော်လည်း သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပါက ခြေဖျား၊ လက်ဖျားများ ပုပ်သည်အထိ ဖြစ်သွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပြာနှမ်းခြင်းသည် နှုတ်ခမ်းနှင့် မျက်နှာတွင် ရုတ်တရက်ဖြစ်ပေါ်လာပြီး လူနာသည် မောနေလျှင် အရေးပေါ်အခြေအနေဖြစ်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ရန်လိုသည်။ အကယ်၍ အောက်ဆီဂျင်အိုး (သို့မဟုတ်) အောက်ဆီဂျင်စက်ရှိလျှင် လူနာကို အောက်ဆီဂျင်ပေးထားရမည်။
ခြေလက်အဖျားများတွင် ပြာနှမ်းခြင်းဖြစ်လျှင် သို့မဟုတ် နှုတ်ခမ်းနှင့် မျက်နှာတွင် ပြာနှမ်းခြင်းရှိသော်လည်း အလွန်မောနေခြင်းမရှိလျှင် မိမိ၏ မိသားစုဆရာဝန်ထံသို့ အမြန်ဆုံး ပြသရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ပြာနှမ်းခြင်းသည် အရေးကြီးသော ကျန်းမာရေးလက္ခဏာ ဖြစ်သောကြောင့် ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများကို လျင်မြန်စွာ ပြုလုပ်လိမ့်မည်။ ဖြစ်စေသောအကြောင်းရင်းကို သိရှိနိုင်ရန်အတွက် လက်ချောင်းထိပ် အောက်ဆီဂျင်တိုင်းစက် (pulse oximeter)ဖြင့် အောက်ဆီဂျင်တိုင်းတာခြင်း၊ သွေးဖောက်၍ အောက်ဆီဂျင်တိုင်းတာခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ အီးစီဂျီ (ECG) ဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့်စစ်ဆေးခြင်း(Echocardiogram) ရိုက်ခြင်း၊ အဆုတ်ကျန်းမာရေးအတွက် အဆုတ်၏လုပ်ငန်းဆောင်တာများကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
- အောက်ဆီဂျင်ပေးခြင်း
ပြာနှမ်းနေသည့် အရေးပေါ်လူနာကို အောက်ဆီဂျင် စောလျင်စွာ ပေးနိုင်ရန် အရေးကြီးသည်။ မည်မျှပေးရမည်ကို သိရှိရန်အတွက် ဆရာဝန် (သို့မဟုတ်) သူနာပြု၏ ညွှန်ကြားချက်ကို အစောဆုံး ရယူရန် လိုသည်။ - ဖြစ်ပေါ်စေသောအကြောင်းရင်း ကုသခြင်း
- လက်ဖျား၊ ခြေဖျား ပြာနှမ်းသူများအတွက် အလွန်အေးသောအပူချိန်ကြောင့် ပြာနှမ်းခြင်းဖြစ်ပါက ခြေလက်များကို နွေးထွေးအောင်ပြုလုပ်ပေးခြင်း
- အဆုတ်ထဲသို့ ရောဂါပိုးဝင်ခြင်းကြောင့် ပြာနှမ်းခြင်းဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
- ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ကျဉ်း၍ အဆုတ်ပွရောဂါများဖြစ်ပါက လေပြွန်ကျယ်စေသော ဂေါက်တံရှူဆေးများပေးခြင်း
- မွေးရာပါ နှလုံးအဆို့ရှင် မလုံခြင်းကြောင့် ဖြစ်ပါက ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။
ကာကွယ်ခြင်း
အချို့သော ပြာနှမ်းခြင်းကို ဖြစ်စေတတ်သော အကြောင်းရင်းများကိုသာ ကာကွယ်နိုင်ပြီး အားလုံးသောအကြောင်းရင်းများကို မကာကွယ်နိုင်ပါ။
- ခြေ၊ လက်အဖျားရှိ သွေးကြောကို ကျဉ်းစေတတ်သော ဆေးဝါးများကို သတိထားရှောင်ကြဉ်ခြင်း
- အလွန်အေးသောအပူချိန်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း
- ပြာနှမ်းခြင်းကို ဖြစ်စေတတ်သော နာတာရှည်ရောဂါများတွင် သောက်သုံးရမည့်ဆေးများကို မှန်မှန်သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။
References:
- Cyanosis. (2024). Cleveland Clinic. Retrieved June 26, 2024, from https://my.clevelandclinic.org/health/diseases/24297-cyanosis
- Martin, L., MD. (n.d.). Cyanosis: Cyanosis and the Clinical Assessment of Hypoxemia, Generation of Cyanosis, Causes of Cyanosis. Retrieved June 26, 2024, from https://emedicine.medscape.com/article/303533-overview?form=fpf
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.