ဝမ်းချုပ်ခြင်းသည် ကလေးများတွင် တွေ့ရလေ့ရှိသော ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် အိမ်သာတက် လေ့ကျင့်သည့်အချိန်နှင့် အစာအမာများ စတင်ကျွေးချိန်များတွင် တွေ့ရလေ့ရှိသည်။ ပုံမှန်ကလေးများတွင် ဝမ်းသွားသည့် အကြိမ်အရေအတွက်နှင့် ဝမ်းအမာအပျော့သည် တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိသည်။ သို့သော် ကလေး၏ဝမ်းသည် အလွန်မာကျစ်နေလျှင် သို့မဟုတ် အလွန်ညှစ်ရလျှင် သို့မဟုတ် ဝမ်းသွားချိန်၌ နာကျင်လျှင် သို့မဟုတ် ဝမ်းသွားကြိမ်အလွန်နည်းလျှင် (များသောအားဖြင့် တစ်ပတ် သုံးကြိမ်ထက် နည်းလျှင်) ဝမ်းချုပ်သည်ဟု ပြောနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဝမ်းချုပ်ခြင်းသည် ကလေးများတွင် အဖြစ်များသော်လည်း ပြင်းထန်သော အခြေအနေဖြစ်နိုင်ခြေ နည်းပါးသည်။ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အူလမ်းကြောင်း၏ မွေးရာပါသဘာဝ (natural tendency)
အချို့ကလေးများတွင် အူလှုပ်ရှားမှု နှေးကွေးသောကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေသည်။ - ဝမ်းသွားသည့် အလေ့အကျင့်များ
ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုခြင်း – ကလေးအများစုသည် ဆော့ကစားနေချိန်တွင် အိမ်သာသွားရန် အောင့်ထားတတ်ကြသဖြင့် ဝမ်းသည်ပို၍မာလာပြီး ဝမ်းသွားရန် ပို၍ခက်ခဲလာတတ်သည်။ - ဝမ်းသွားချင်စိတ်ကို အောင့်ထားခြင်း
စအိုကွဲခြင်းကဲ့သို့ အခြေအနေများရှိသောအခါ ဝမ်းသွားလျှင် နာကျင်မှုကို ခံစားရသောကြောင့် ကလေးများသည် ဝမ်းသွားရန် ကြောက်ခြင်း၊ အောင့်ထားခြင်းများ ဖြစ်လာသည်။ ထိုအခါ ဝမ်းပိုမာလာပြီး နောက်တစ်ကြိမ် ဝမ်းသွားလျှင် ပို၍နာကျင်စေသည်။ - ပတ်ဝန်းကျင် (သို့မဟုတ်) အိမ်သာ အပြောင်းအလဲဖြစ်ခြင်း
ဥပမာ_ ခရီးထွက်ခြင်း၊ ကျောင်းစတက်ခြင်း၊ ကျောင်းအိမ်သာများအသုံးပြုရန် အဆင်မပြေခြင်း - အစားအသောက် အနေအထိုင်ပုံစံ
ပြုပြင်ထားသော အစားအစာများကို စားသုံးမှုများပြီး လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းလျှင်၊ အရည်ကို လုံလောက်စွာ မသောက်လျှင် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။ အချို့သောကလေးများတွင် နွားနို့ အမြောက်အမြားသောက်ခြင်းနှင့် သက်ဆိုင်သည်ကို တွေ့ရသည်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလျှင်လည်း ဝမ်းချုပ်နိုင်သည်။ - နောက်ခံရောဂါအခြေအနေ
မွေးရာပါအူလမ်းကြောင်း အာရုံကြောရောဂါရှိသော ကလေးများ၊ ကျောရိုးအာရုံကြောမကြီးတွင် ချို့ယွင်းချက်ရှိသော ကလေးများ၊ သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ကလေးများနှင့် အခြားသောရောဂါများကြောင့်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေသည်။ - အချို့သောဆေးဝါးများ (ဥပမာ – သံဓာတ်အားဖြည့်ဆေးများ၊ အချို့သောစိတ်ရောဂါဆေးများသည်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေသည်)
ယှဥ်တွဲလာတတ်သော လက္ခဏာများ
ဝမ်းချုပ်တတ်သော ကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရနိုင်သည်။
- တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း
- ဝမ်းသွားရန် ခက်ခဲခြင်း၊ ဝမ်းသည်မာ၍ ကျစ်နေခြင်း (စမြင်းခံခြင်း)
- ဝမ်းသွားလျှင် နာကျင်မှုကို ခံစားရခြင်း
- ဗိုက်အောင့်ခြင်း (ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်ခြင်း)
- ပုံမှန်ထက် အစားနည်းသွားခြင်း
- စိတ်အလိုမကျသော အပြုအမူများဖြစ်ခြင်း
- ပုံမှန်ထက် ဗိုက်ဖောင်းနေခြင်း
- ဗိုက်ကိုဖိကြည့်လျှင် စမြင်းတုံးများ စမ်းမိခြင်း
- ဝမ်းတွင် သွေးပါခြင်း တို့ဖြစ်နိုင်သည်။
ထို့ပြင် ဝမ်းချုပ်စေသည့် အခံရောဂါအခြေအနေများ၏ လက္ခဏာများကိုလည်း တွေ့နိုင်သည်။ ဝမ်းချုပ်သော ကလေးများတွင် အောက်ပါအချက်များ (red flags) ရှိပါက အရေးကြီးသော ရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သည်။
- ဝမ်းချုပ်ခြင်းသည် မွေးစကပင် စတင်ခြင်း သို့မဟုတ် မွေးပြီးအစောပိုင်းလများမှ စတင်ခြင်း
- မွေးပြီး (၂၄)နာရီကျော်မှ ငယ်ချေး (meconium) စသွားခြင်း
- ဝမ်းချုပ်ခြင်းနှင့်တွဲ၍ အန်ခြင်း၊ ဗိုက်ဖောင်းခြင်း
- မိသားစုတွင် မွေးရာပါ အူလမ်းကြောင်းအာရုံကြောရောဂါ ရာဇဝင်ရှိခြင်း (Hirschsprung’s disease)
- ခြေထောက်အပါအဝင် ခန္ဓာကိုယ်အောက်ပိုင်း အားနည်းခြင်း သို့မဟုတ် ခြေ၊ လက် လှုပ်ရှားခြင်းဆိုင်ရာ ဖွံဖြိုးမှုနှေးခြင်း
- မွေးရာပါ စအိုအနေအထား မမှန်ခြင်း
- ကျောရိုးနှင့် အာရုံကြောမကြီးတွင် မွေးရာပါ ချို့ယွင်းချက်ရှိခြင်း
- ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျခြင်း
နောက်ဆက်တွဲပြဿနာများ
ကလေးများဝမ်းချုပ်လျှင် မသက်မသာဖြစ်စေသော်လည်း အများအားဖြင့် ပြင်းထန်မှုမရှိပါ။ သို့သော် ကာလကြာရှည်လာလျှင် အောက်ပါပြဿနာများ ဖြစ်လာနိုင်သည်။
- စအိုကွဲခြင်းကြောင့် ဝမ်းသွားလျှင် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ဝမ်းအောင့်ထားခြင်း
- အူအစိတ်အပိုင်းတစ်ခုဖြစ်သော အစာဟောင်းအိမ် (rectum) စအိုဝမှကျွံကျခြင်း
- ဝမ်းမထိန်းနိုင်ခြင်း
- အစာဟောင်းအိမ်သည် မစင်အညစ်အကြေးများဖြင့် အမြဲတမ်းပြည့်နေသောကြောင့် ဝမ်းသွားချင်သည့် စိတ်ခံစားမှု မသိရှိတော့ခြင်း
- ကလေး၏ အောက်ခံဘောင်းဘီတွင် ဝမ်းအရည်များကပ်ခြင်း၊ အနံ့ထွက်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဝမ်းချုပ်နေသော ကလေးတစ်ဦးသည် အစားအသောက်၊ အနေအထိုင်ပုံစံ ပြောင်းခြင်းဖြင့် အဆင်မပြေလျှင် သို့မဟုတ် အထက်ပါ အရေးကြီးသောလက္ခဏာများရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ လိုအပ်ပါက အာထွာဆောင်း၊ ဗိုက်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်လာလျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ လိုအပ်ပါက သွေးစစ်ခြင်း၊ ဆေးဓာတ်မှန်ရိုက်ခြင်း၊ အသားစယူခြင်း၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတို့ကိုပါ ပြုလုပ်နိုင်သည်။
ကုသခြင်း
ကလေး၏ အသက်အရွယ်၊ ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည် ဖြစ်သည်။ ကုသမှုရာတွင် အချို့ကလေးများတွင် အလွယ်တကူ သက်သာနိုင်သော်လည်း အချို့တွင်မူ ကာလကြာရှည်စွာ ဖြစ်ခြင်း၊ ပြန်၍ ဖြစ်တတ်ခြင်းများ ရှိနိုင်သည်။ ကာကွယ်မှု၊ ကုသမှုများကို ရေရှည်ဆောင်ရွက်ရန် လိုအပ်နိုင်သည်။
အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် လိုအပ်လျှင် ဆေးဝါးများ အသုံးပြု ခြင်း စသည့် လုပ်ငန်းစဥ်များကို တစ်ပြိုင်တည်းပြုလုပ်ရမည်။
ကျန်းမာသော ဝမ်းအလေ့အကျင့်လုပ်ပေးခြင်း
- ဝမ်းသွားချင်စိတ်မဖြစ်လျှင်လည်း တစ်နေ့တစ်ကြိမ် ပုံမှန်၊ ကလေးကို အဝတ်ဝတ်လျက်နှင့်ပင် အိမ်သာထိုင်ပါစေ၊ ထိုသို့ထိုင်သည့်အတွက်လည်း ချီးကျူးပေးပါ။
- ဝမ်းသွားချင်စိတ်ဖြစ်လာလျှင်လည်း ချက်ချင်းသွားရန်အတွက် တိုက်တွန်းပါ။
- အသက်ငါးနှစ်အောက် ကလေးများအတွက် အိမ်သာကုလားထိုင်သုံးနိုင်သည်။ ကလေး၏ ခြေထောက်ကို ကြမ်းပြင် (သို့မဟုတ်) ခြေတင်ခုံပေါ်တွင် ထားပါ။
- ထိုအိမ်သာကုလားထိုင်နှင့် ကလေးကိုရင်းနှီးအောင်ပြုပေးပါ။
- ထိုအိမ်သာကုလားထိုင်ကို ကလေးအတွက် သင့်လျော်သောနေရာတွင် ထားပါ။
- ကလေးက ထိုအိမ်သာကုလားထိုင်ကို ကြောက်ရွံ့နေလျှင်၊ ထိုကုလားထိုင်ကို အသုံးပြုရန် အတင်းတွန်းအား မပေးပါနှင့်။
- ကလေး၏ အညစ်အကြေးခံအဝတ်မှ မစင်ကိုယူ၍၊ ကလေး၏ အိမ်သာကုလားထိုင်တွင်းသို့ ထည့်ပြပါ။ သို့မှသာ ကလေးက မစင်ဘယ်နေရာသို့ သွားသည်ကို သိလာမည်။
အစားအသောက်ပုံစံ ပြောင်းလဲခြင်း
- အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများကို ကျွေးပါ။
- ရေများများတိုက်ပါ
- နွားနို့သောက်သုံးမှုကို လျှော့ချပါ
- ဖော်မြူလာနို့တိုက်သော ကလေးများတွင် ဝမ်းချူပ်ပါက ဖော်မြူလာပြောင်း၍ တိုက်ကြည့်ပါ
ဆေးဝါးများ
ဝမ်းပျော့ဆေးများ အသုံးပြုရာတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ တိုက်ကျွေးရမည်ဖြစ်သည်။ ဝမ်းပျော့ဆေးများကို မိမိသဘောနှင့် နှစ်ရှည်လများ စွဲမသောက်သင့်ပါ။ နှစ်ရှည်လများ စွဲသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဆားဓာတ်များ မျှတမှုမရှိခြင်း၊ အူလမ်းကြောင်းလှုပ်ရှားမှု နှေးကွေးသွားခြင်း၊ ဝမ်းပျေ့ာဆေး ဖြတ်လိုက်ပါက ဝမ်းချုပ်ခြင်းတို့ ပြန်ဖြစ်လာနိုင်သည်။ သို့သော် ပုံမှန်ဝမ်းအလေ့အကျင့် ပြန်ရပြီးနောက်ပိုင်း လအနည်းငယ်အထိ ဆေးဆက်လက်တိုက်ပေးရန် လိုအပ်သည်။ မိမိသဘောဖြင့် ရုတ်တရက် ဆေးရပ်ခြင်း မပြုလုပ်သင့်ပါ။ တစ်ခါတစ်ရံတွင် ဝမ်းပျော့ဆေး တစ်မျိုးထက်ပို၍ လိုအပ်သည်များလည်း ရှိနိုင်သည်။ ဆေးသောက်ရန် ခက်ခဲသည့်ကလေးများတွင် စအိုထဲသို့ ဆေးတောင့်ထည့်ခြင်း၊ ဝမ်းချူဘောလုံးဖြင့် ဝမ်းချူပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံတက်၍ ဝမ်းချူရခြင်းများလည်း ရှိနိုင်သည်။
ခွဲစိတ်ကုသခြင်း
ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းသည် ခွဲစိတ်ကုသရန် မလိုအပ်ပါ။ သို့သော် မွေးရာပါအူလမ်းကြောင်း အာရုံကြောရောဂါရှိခြင်း၊ အူလမ်းကြောင်းပိတ်ခြင်း၊ အူလမ်းကြောင်းကျဉ်းခြင်း၊ မွေးရာပါ စအိုအနေအထား ပုံမမှန်ခြင်း စသည်တို့ဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ကလေးများဝမ်းချုပ်ခြင်းကို ကာကွယ်ရန်
- အမျှင်ဓာတ်ပါသော အစားအစာများကျွေးခြင်း- အရည်ကို လုံလောက်စွာ သောက်စေခြင်း
- ကိုယ်လက်လှုပ်ရှားမှုများ လုပ်စေခြင်း၊ အိမ်သာပုံမှန်တက်စေခြင်း
- ကလေးသောက်နေသော ဆေးဝါးများတွင် ဝမ်းချုပ်စေသော ဆေးများ ပါနေလျှင် ဆရာဝန်နှင့် ဆွေးနွေးခြင်းတို့ ပြုလုပ်နိုင်သည်။
References:
- Website, N. (2024). Constipation in children. nhs.uk. Retrieved July 1, 2024, from https://www.nhs.uk/conditions/baby/health/constipation-in-children/
- Constipation in children – Symptoms & causes – Mayo Clinic. (2021). Mayo Clinic. Retrieved July 1, 2024, from https://www.mayoclinic.org/diseases-conditions/constipation-in-children/symptoms-causes/syc-20354242
- Kids Health Info : Constipation. (n.d.). Retrieved July 1, 2024, from https://www.rch.org.au/kidsinfo/fact_sheets/constipation/
- NICE. (2010). Recommendations | Constipation in children and young people: diagnosis and management | Guidance | NICE. Retrieved July 1, 2024, from https://www.nice.org.uk/guidance/cg99/chapter/Recommendations#clinical-management
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.