အစာမခြေနိုင်ခြင်း၊ ဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်ပြည့်အင့်ခြင်း၊ လေထခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်လာပါက အစာမကြေဖြစ်သည်ဟု ခေါ်နိုင်သည်။ အစာမကြေဖြစ်ခြင်းသည် ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်သည်။ အများအားဖြင့် အစာအိမ်ရောင်ခြင်း (gastritis)၊ စားချဉ်ပြန်ရောဂါ (GERD)တို့နှင့် ပုံမှန်မဟုတ်သည့် အစာမကြေရောဂါ (functional dyspepsia)တို့ကြောင့် အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစာမကြေခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
- လူနေမှုပုံစံ – ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ အိပ်ရေးမဝခြင်း
- အစားအသောက်အမျိုးအစားများ – အစာမကြေဖြစ်နိုင်သော၊ အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများ
- ကျန်းမာရေးအခြေအနေ – အစာအိမ်အူလမ်းကြောင်းရောဂါများ
- သောက်သုံးနေသော ဆေးဝါးအချို့ စသည်တို့ ဖြစ်သည်။
တစ်ခါတစ်ရံတွင် သိသာထင်ရှားသည့် အကြောင်းရင်းမရှိဘဲ ဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်နေတတ်သည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
အစာမကြေဖြစ်ခြင်းကို လူနာများက အောက်ပါစကားလုံးများဖြင့် ဖော်ပြလေ့ရှိသည်။
- ရင်ညွန့်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ ရင်ခံနေခြင်း
- အစာလွန်ခြင်း
- အစာစားပြီး မကြာမီတွင် (အမှန်တကယ် ဗိုက်မဝဘဲ) ဗိုက်ပြည့်သကဲ့သို့ ခံစားရပြီး အစာဆက်မစားနိုင်ခြင်း
- လေပြည့်ခြင်း၊ လေမကြာခဏတက်ခြင်း
- ပျို့အန်ခြင်း
အစာမကြေခြင်းသည် အောက်ပါရောဂါများနှင့် ဆက်စပ်နိုင်သောကြောင့် ထိုရောဂါများ၏ လက္ခဏာများနှင့်လည်း တွဲ၍တွေ့နိုင်သည်။
- စားချဉ်ပြန်ရောဂါ (GERD) – ရင်ပူခြင်း၊ အစာအိမ်အချဉ်ပြန်ခြင်း၊ ခံတွင်းချဉ်ခြင်း၊ တံတွေးထွက်ခြင်း၊ လေချဉ် မကြာခဏတက်ခြင်းတို့နှင့် တွဲတွေ့ရသည်။
- အစာအိမ်ရောင်ခြင်း (gastritis) – ရင်ညွန့်နေရာ အောင့်ခြင်း၊ ပူခြင်း၊ နာခြင်းတို့ အဓိကတွေ့ရသည်။
- အစာအိမ်အနာဖြစ်ခြင်း (peptic ulcer) – နှစ်လချီ၍ ကြာမြင့်သည်အထိ အဆိုပါ အစာမကြေလက္ခဏာများနှင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းများ တွဲတွေ့ရတတ်သည်။
- အစာအိမ်ကင်ဆာဖြစ်ခြင်း (stomach cancer) – အသက်ကြီးပိုင်း အထူးသဖြင့် အမျိုးသား အသက်(၄၀) ကျော်များတွင် ယခင်က တစ်ခါမှမဖြစ်ဖူးဘဲ ယခုမှစဖြစ်သော ရင်ပြည့်ရင်ကယ် အစာမကြေခြင်းမျိုးသည် အစာအိမ်ကင်ဆာ၏ လက္ခဏာဖြစ်နိုင်သည်။
- အစာအိမ်ရောဂါပိုး (Helicobacter pylori) ကူးစက်ခံရခြင်း – တချို့တွင် ပိုးရှိသော်လည်း အစာအိမ်ရောင်ရမ်းခြင်းမရှိဘဲ အစာမကြေသည့် လက္ခဏာများသာ ရှိနေတတ်သည်။
- ပူပင်သောကများခြင်း (Anxiety)
- စိတ်ဓာတ်ကျခြင်း (Depression)
- အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သည့် ရောဂါ (Irritable Bowel Syndrome – IBS) – အစာမကြေခြင်းနှင့် တွဲတွေ့ရတတ်သည်။
- လက်တို့စ်သကြား ဓာတ်မတည့်ရောဂါ (Lactose Intolerance) – နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်မိသည့်နောက်ပိုင်းတွင် ပိုဆိုးတတ်သည်။
- အကိုက်အခဲပျောက်ဆေးများသောက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အစာမကြေခြင်းအပြင် အောက်ပါရောဂါလက္ခဏာများ ခံစားနေရပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ။
- အစာမကြေသည့် လက္ခဏာများသည် အသက် (၅၅)နှစ်ကျော်မှ ပေါ်လာခြင်း
- အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- အစားပျက်ခြင်း
- သွေးအားနည်းခြင်း
- အစာမျိုရခက်ခြင်း
- ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် အလုံးများစမ်းမိခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ –
- မောပန်းခြင်း၊ အသက်ရှူ မဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မေးရိုး၊ လည်ပင်း (သို့မဟုတ်) လက်မောင်းတို့တွင် နာကျင်ခြင်း
- သွေးအန်ခြင်း
- ကတ္တရာစေးကဲ့သို့ စေးကပ်သော ဝမ်းအမည်းများသွားခြင်း
- မရပ်မနားအန်ခြင်း စသည့် အခြေအနေများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
အစာမကြေခြင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားနေရပါက အခြားရောဂါများနှင့် မရောထွေးစေရန် ရောဂါကို သေချာရှာဖွေစစ်ဆေးမည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုး အခြေအနေများကို သိနိုင်ရန် သွေးစစ်ခြင်း၊ အစာအိမ် ပိုးစစ်ဆေးခြင်း၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းနှင့် အခြားလိုအပ်သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ကုသခြင်း
အစားအသောက်နှင့် ကျန်းမာသော လူနေမှုပုံစံများ ပြောင်းလဲသော်လည်း အစာမကြေဝေဒနာ မသက်သာပါက ဆေးဝါးကုသမှုကို ခံယူရမည်။ ဆေးဝါးဖြင့် ကုသရာတွင် –
- လေထိုး၊ လေအောင့်၊ လေထခြင်းကို သက်သာစေသော (simethicone) ပါဝင်သော ဆေးများ
- အစာအိမ် အစာခြေရည် (အက်ဆစ်)ထွက်မှု နည်းစေ၊ ရပ်စေသော ဆေးများ
- အစာအိမ်ရောဂါပိုး (Helicobacter pylori)အတွက် ပဋိဇီဝပိုးသတ်ဆေးများ
- စိတ်ကျရောဂါကုဆေး အပျော့စားဆေးများ
- ပျို့အန်ခြင်းကို သက်သာစေသောဆေးများ စသည့် ဆေးဝါးများကို ရောဂါအခြေအနေပေါ်လိုက်၍ အသုံးပြုကုသနိုင်သည်။
ကာကွယ်ခြင်း
အစားအသောက်နှင့် ကျန်းမာသော လူနေမှုပုံစံများ ပြောင်းလဲခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။
အစားအသောက်ပြောင်းလဲခြင်း
အစာမကြေ ဖြစ်နိုင်သည့် အစားအစာများကို ဂရုပြုရှောင်ကြဉ်ခြင်းသည် အကျိုးရှိနိုင်သည်။ လူတစ်ဦးနှင့် တစ်ဦး ရှောင်ကြဉ်ရသည့် အစားအသောက်များ မတူညီနိုင်ပါ။ မတူညီသော အစားအစာများကို ခန္ဓာကိုယ်က မည်သို့တုံ့ပြန်သည်ကို သိရှိရန် အစားအသောက်မှတ်တမ်း တစ်ခုထားရှိရန် လိုအပ်မည်။ မတူညီသော အစားအစာများကို စမ်းသပ်စားသုံးကြည့်ကာ မတည့်သည့်အစာများကို ဖယ်ထုတ်ထားရမည်။
အစာကို အလုတ်သေးသေးစားခြင်း၊ အစာကို ကြေညက်အောင် အချိန်ပေး၍ ဝါးစားခြင်းတို့သည်လည်း အကျိုးရှိစေသည်။ အစာကို တစ်ကြိမ်လျှင် ပမာဏ နည်းနည်းဖြင့် မကြာခဏ စားသောက်သင့်သည်။
အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများကို ရှောင်ပါ။ ကော်ဖီ၊ လက်ဖက်ရည်နှင့် ကဖိန်းဓာတ်ပါသော စားသောက်ဖွယ်ရာများကို ရှောင်ပါ။ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်များ ရှောင်ပါ။ ဂတ်စ်ပါသော၊ အရက်ပါသော ဖျော်ရည်များရှောင်ပါ။
လူနေမှုပုံစံ ပြောင်းလဲခြင်း
ကိုယ်အလေးချိန် လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း များများလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုဆိုင်ရာအချက်များ လျှော့ချခြင်းသည် နာတာရှည် အစာမကြေဝေဒနာကို ပိုမိုသက်သာကောင်းမွန်စေသည်ဟု တွေ့ရှိရသည်။
References:
- Functional dyspepsia – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 1, 2024, from https://www.mayoclinic.org/diseases-conditions/functional-dyspepsia/symptoms-causes/syc-20375709
- Functional dyspepsia – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 1, 2024, from https://www.mayoclinic.org/diseases-conditions/functional-dyspepsia/diagnosis-treatment/drc-20375715
- Functional Dyspepsia. (2024). Cleveland Clinic. Retrieved July 1, 2024, from https://my.clevelandclinic.org/health/diseases/22248-functional-dyspepsia
- Newman, T. (2024). What to know about indigestion or dyspepsia. Retrieved July 1, 2024, from https://www.medicalnewstoday.com/articles/163484#causes
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.