Vomiting (အန်ခြင်း)

Vomiting (အန်ခြင်း)

အန်ခြင်းသည် လူတိုင်းနီးပါး ကြုံတွေ့ရဖူးသော ရောဂါလက္ခဏာဖြစ်သည်။ မျိုးစုံသော အကြောင်းရင်းများကြောင့် အန်နိုင်သည်။ ကားမူးသည်မှစ၍ ရင်ပြည့်ရင်ကယ်၊ အထက်လှန်အောက်လျှော၊ ကိုယ်ဝန်ဆောင်ခြင်း အစရှိသည်တို့တွင် အန်လေ့ရှိကြသည်။ ယုတ်စွအဆုံး ဆိုးဝါးသည့်အနံ့၊ မနှစ်သက်ဖွယ် မြင်ကွင်းတို့ကို ရွံ၍အန်သည်ပင် ရှိသေးသည်။ အန်ခြင်းသည် ခန္ဓာကိုယ်အတွင်း၌ တစ်ခုခုမှားယွင်းနေကြောင်း အသိပေးခြင်းပင်ဖြစ်သည်။ အများအားဖြင့် အန်ခြင်းသည် အသက်အန္တရာယ် မစိုးရိမ်ရတတ်ပေ။ သို့ရာတွင် မပေါ့ဆသင့်သော လက္ခဏာတစ်ခုလည်းဖြစ်သည်။

အန်ခြင်းအများစုသည် ပျို့ခြင်း (တနည်းအားဖြင့် အန်ချင်စိတ်)ဖြင့် တွဲဖြစ်ကြသည်။ မပျို့ဘဲအန်ခြင်းကို ဝေါခနဲထိုးအန်ခြင်း (projectile vomiting) ဟုခေါ်သည်။ ဝေါခနဲထိုးအန်ခြင်းသည် ပုံမှန်အန်ခြင်းထက် အားပိုပြင်းသည်။ အကွာအဝေးအားဖြင့် (၄)ပေအကွာထိ အန်ဖတ်များရောက်သည်ဟု မှတ်တမ်းတင်ထားကြသည်။ ခေါင်းကိုက်သူတစ်ယောက်တွင် ဝေါခနဲထိုးအန်ခြင်းပါ တွဲဖြစ်လာလျှင် ဦးနှောက်တွင်း ဖိအားများသည့်လက္ခဏာဖြစ်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

အန်ခြင်းကို ဖြစ်စေသောအကြောင်းရင်း အများအပြားရှိသည်။ အတွေ့ရများသော အကြောင်းရင်းများမှာ

  1. အထက်လှန်အောက်လျှော ဖြစ်ခြင်း
  2. အစာအဆိပ်သင့်ခြင်း
  3. ကားမူးခြင်း၊ ရထားမူးခြင်း၊ လှေမူးခြင်း၊ လေယာဉ်မူးခြင်း
  4. ကိုယ်ဝန်ရှိနေခြင်း (ကိုယ်ဝန်ဆောင်များတွင်လည်း ပထမ (၁၂)ပတ်တွင် ပို၍အန်ကြသည်။)
  5. ခေါင်းတစ်ခြမ်းကိုက်ရောဂါ
  6. ကင်ဆာကုသသည့်ဆေးများ တို့ဖြစ်သည်။

အသက်အန္တရာယ်ရှိစေသော အကြောင်းရင်းများမှာ

  1. ခေါင်းကို ထိခိုက်မိသဖြင့် ခဏသတိလစ်သွားခြင်း
  2. ဦးနှောက်ရောင်ခြင်း
  3. ဦးနှောက်အမြှေးရောင်ခြင်း
  4. အူပိတ်ခြင်း
  5. အူအတက်ရောင်ခြင်း
  6. ဦးနှောက်အကျိတ်ရှိခြင်း

နောက်ဆက်တွဲပြဿနာများ

  1. ရေဓာတ်ဆုံးရှုံးခြင်း
    • ကလေးများ အထူးသဖြင့် အသက်အရွယ်ငယ်လွန်းလျှင် ကိုယ်တိုင်လည်းမသိရှိ၊ လူကြီးများကိုလည်း အသိမပေးတတ်ပေ။ မျက်တွင်းချိုင့်ခြင်း၊ ရေငတ်ခြင်း၊ နို့ကို အငမ်းမရစို့ခြင်း၊ နှုတ်ခမ်း၊ အာခေါင်များခြောက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စသည့် ရေဓာတ်ဆုံးရှုံးခြင်း၏ လက္ခဏာများ ရှိမရှိကို ကလေးများအား ပြုစုစောင့်ရှောက်ရာတွင် အလေးဂရုပြု စောင့်ကြည့်သင့်သည်။
    • လူကြီးများတွင် အဖြစ်နည်းသည်။ ရေဆာခြင်း၊ နှုတ်ခမ်း အာခေါင်များခြောက်ခြင်းတို့ ဖြစ်လာလျှင် လူကြီးများသည် ရေသောက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်းများ ပြုလုပ်ကြသည်။
    • (၁)နှစ်နှင့် (၁)နှစ်အောက်ကလေးငယ်များတွင် ဆီးသွားနည်းခြင်းနှင့် ငယ်ထိပ်ချိုင့်ခြင်းတို့ကို ဂရုပြုစောင့်ကြည့်ရန် လိုသည်။
  2. အလွန်အမင်းအန်ခြင်းကြောင့် အစာရေမျိုပြွန်ကွဲ၍ သွေးပါခြင်း
  3. ရက်ရှည်အန်သည့်အခါ အာဟာရချို့တဲ့ခြင်း

ယှဉ်တွဲလာတတ်သော လက္ခဏာများ

  • ဦးခေါင်း ထိခိုက်ဒဏ်ရာရထားဖူးလျှင် – ဦးခေါင်းတွင်း သွေးယိုခြင်း ဖြစ်နိုင်သည်။
  • ရင်ဘတ်အောင့်လျှင် – နှလုံး (သို့မဟုတ်) အစာရေမျိုပြွန် ပြဿနာ ဖြစ်နိုင်သည်။
  • သွေးအန်လျှင်၊ သွေးဝမ်းသွားလျှင် – အစာအိမ်အူလမ်းကြောင်းတွင် ပြဿနာ ရှိနိုင်သည်။
  • ဆိုးဆိုးရွားရွား ဗိုက်အောင့်လျှင် – ဝမ်းဗိုက်အတွင်း ကိုယ်တွင်းအင်္ဂါတစ်ခုခု ရောင်ရမ်းနေခြင်း၊ အူပိတ်ခြင်း စသည်တို့ ဖြစ်နိုင်သည်။
  • အဖျားကြီးပြီး ဇက်တောင့်တင်းနေလျှင် – ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ခြင်းတို့ ဖြစ်နိုင်သည်။
  • အန်ဖတ်တွင် မစင်များပါလျှင် သို့မဟုတ် မစင်နံ့ရလျှင် – အူပိတ်ခြင်းဖြစ်နိုင်သည်။
  • ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများ ဖြစ်လာလျှင် – အရေးကြီးသည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အန်ခြင်း အကြောင်းရင်းကိုရှာဖွေရန် ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းနှင့် ဝမ်းစစ်ခြင်း၊ သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်လိမ့်မည်။

ကုသခြင်း

အန်သည့်အကြောင်းရင်းရှာ၍ ကုသရန် အရေးကြီးသည်။ အခြားစိုးရိမ်ရသော လက္ခဏာများ မရှိပါက အန်ခြင်းမှ သက်သာစေရန် မိမိကိုယ်တိုင် အောက်ပါအတိုင်း ပြုမူဆောင်ရွက်နိုင်သည်။

  • လေကောင်းလေသန့်ရသောနေရာသို့ သွားပါ။
  • လုံလုံလောက်လောက် အနားယူပါ။
  • သံပရာရည် (သို့မဟုတ်) ရေအေးအနည်းငယ်စီ ခဏခဏသောက်ပါ။
  • အနံ့ပြင်းသော အစားအစာများကို ရှောင်ပါ။
  • အစားအသောက်ကို နည်းနည်းနှင့် ခဏခဏ စားသောက်ပါ
  • အအန်ပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အရသာ သောက်သင့်သည်။
ကာကွယ်ခြင်း
  • အန်သည့် အကြောင်းရင်းရှာ၍ ကုသရန် အရေးကြီးသည်။
  • အစာကြေလွယ်သော အစားအစာများကိုသာ စားသုံးပါ။
  • ဖြည်းဖြည်းချင်း စားပါ။
  • ပြည့်အင့်အောင်မစားဘဲ နည်းနည်းစီစားပါ။
  • ကားမူးတတ်ပါက ခရီးမသွားမီ ကားမူးပျောက်ဆေးဟု အလွယ်ခေါ်ကြသည့်ဆေးများ (dimenhydrinate or meclizine)ကို ကြိုတင်သောက်သုံးပါ။ ဘီစစ် (Vitamin B- 6)သည် ဗီတာမင်ဖြစ်ပြီး အမူးပြေဆေး မဟုတ်ပါ။

References:

  1. Nausea and vomiting. (2023). Mayo Clinic. Retrieved June 16, 2024, from https://www.mayoclinic.org/symptoms/nausea/basics/definition/sym-20050736
  2. Professional, C. C. M. (2024). Nausea & Vomiting. Cleveland Clinic. Retrieved June 16, 2024, from https://my.clevelandclinic.org/health/symptoms/8106-nausea–vomiting

Published: 30 August 2024

Share

Category

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.