White stool (ဝမ်းအရောင်ဖြူဖျော့ခြင်း)

White stool (ဝမ်းအရောင်ဖြူဖျော့ခြင်း)

ဝမ်းအရောင်ဖြူဖျော့ခြင်းဆိုသည်မှာ မိမိ၏ အစာခြေဖျက်သည့်စနစ်တွင် ပါဝင်သည့် သည်းခြေရည် (bile)ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်ရသော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ သည်းခြေရည်ကို အသည်းမှထုတ်လုပ်ပြီး သည်းခြေအိတ်ထဲတွင် သိုလှောင်ထားရှိသည်။ သည်းခြေရည်၏ အရောင်ကြောင့် ဝမ်း၏အရောင်ကို အဝါရောင်ဖြစ်စေသည်။ အဆိုပါအဝါရောင်ဓါတ် ပါဝင်ခြင်းမရှိသောဝမ်းသည် ဖြူနေသည်။ ထို့ကြောင့် အသည်း (သို့မဟုတ်) သည်းခြေအိတ်တွင် ရောဂါတစ်ခုခုဖြစ်ပါက ဝမ်းအရောင်ဖြူဖျော့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် အစားအသောက်နှင့် ရောဂါပိုးမွှားတချို့ကြောင့်လည်း ဝမ်းအရောင် ဖြူဖျော့ခြင်းကို ဖြစ်ပေါ် စေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝမ်းအရောင်ဖြူဖျော့ခြင်းသည် သည်းခြေရည်ထုတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်ခြင်း လုပ်ငန်းများ ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ –

  1. အဆီများသော အစားအစာများ စားသုံးခြင်း
  2. Giardiasis – ဝမ်းလျှောကပ်ပါးပိုးရောဂါဖြစ်ခြင်း
  3. သည်းခြေအိတ်ရောဂါဖြစ်ခြင်း
    • သည်းခြေကျောက်တည်ခြင်း (Gall stone)
    • သည်းခြေပြွန်ကင်ဆာဖြစ်ခြင်း (Bile duct cancer)
    • သည်းခြေပြွန်ရောင်ခြင်း (Bile duct inflammation)
  4. အသည်းရောဂါဖြစ်ခြင်း (အသည်းအတွင်းရှိ ပြွန်ငယ်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်နိုင်သည်။)
    • အသည်းရောင် အသားဝါရောဂါဖြစ်ခြင်း (အသည်းရောင် အသားဝါ အေ၊ ဘီ၊ စီ ရောဂါ)
    • အသည်းကင်ဆာဖြစ်ခြင်း
    • မျိုးရိုးလိုက်သည့် အသည်းရောဂါဖြစ်ခြင်း (alpha-1 antitrypsin deficiency, haemochromatosis)
    • ခုခံအားစနစ်ချို့ယွင်းခြင်းကြောင့် အသည်းထိခိုက်ခြင်း (autoimmune hepatitis, primary biliary cirrhosis, primary sclerosing cholangitis)
    • အရက်ကြောင့် အသည်းပျက်စီးခြင်း
  5. ပန်ကရိယ (pancreas)ရောဂါဖြစ်ခြင်း
    • ပန်ကရိယရောင်ခြင်း (pancreatitis)
    • ပန်ကရိယကင်ဆာဖြစ်ခြင်း (pancreas cancer)
  6. ဆေးဝါးများသောက်သုံးခြင်း
    • အသည်းထိခိုက်ပျက်စီးသည့် ဆေးဝါးများကို ပမာဏများစွာ သောက်သုံးခြင်း (Paracetamol, Ibuprofen)
    • Aluminum hydroxide ပါဝင်သည့် အစာကြေဆေးများကို ပမာဏများစွာ သောက်သုံးခြင်း
    • ရောဂါရှာဖွေရာတွင် အသုံးပြုသည် ဘေရီယမ် (Barium)ကို သောက်သုံးခြင်းတို့ဖြစ်သည်။

မွေးကင်းစကလေးငယ်များတွင် မွေးရာပါ သည်းခြေလမ်းကြောင်းပိတ်သော ပြဿနာများကြောင့်လည်း ဝမ်းအရောင်ဖြူဖျော့နိုင်သည်။ ထိုကလေးငယ်များသည် အလွန်အမင်း အသားဝါနေတတ်ပြီး စောစီးစွာ မကုသပါက နာတာရှည်အသည်းရောဂါဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ယှဉ်တွဲလာတတ်သော လက္ခဏာများ

ဖြစ်ပေါ်ရသောအကြောင်းရင်းပေါ် မူတည်၍ ဝမ်းအရောင်ဖြူဖျော့ခြင်းအပြင် တခြားသောရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  1. သည်းခြေလမ်းကြောင်းပိတ်ခြင်း (Bile duct obstruction)
    • အသားဝါခြင်း
    • ဗိုက်အောင့်ခြင်း
    • ပျို့အန်ခြင်း
    • ကိုယ်ပူခြင်း
    • ဆီးအရောင်ရင့်ခြင်း
  2. အသည်းရောဂါဖြစ်ခြင်း (Liver disease)
    • အသားဝါခြင်း
    • ဗိုက်အောင့်ခြင်း၊ ဗိုက်ပူခြင်း
    • ပျို့အန်ခြင်း
    • အားအင်ကုန်ခန်းခြင်း
    • ခြေထောက်များဖောခြင်း
    • ဆီးအရောင်ရင့်ခြင်း
    • အရေပြားယာယံခြင်း
    • အစာစားချင်စိတ်မရှိခြင်း
  3. ပန်ကရိယ ရောဂါဖြစ်ခြင်း
    • ဗိုက်အောင့်ခြင်း
    • အသားဝါခြင်း
    • ဝမ်းတွင် အဆီများပါခြင်း (Fatty stool)
    • ဆီးရောင်ရင့်ခြင်း
    • ပျို့အန်ခြင်း စသည့် ဆက်စပ်ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း

ဝမ်းအရောင်ဖြူဖျော့ခြင်းသည် ပုံမှန်မဟုတ်သောကြောင့် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းများ ဦးစွာပြုလုပ်လိမ့်မည်။ ထိုနောက် လူနာကို သွေးစစ်ခြင်း (Liver function test)၊ အာထရာဆောင်း ရိုက်ခြင်း (Ultrasound)၊ ကွန်ပြူတာဓာတ်မှန် ရိုက်ခြင်း (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)၊ အသည်း၊ သည်း​ခြေအိတ်၊ သည်း​ခြေပြွန်နှင့် ပန်ကရိယတို့အား မှန်​ပြောင်းဖြင့် ရောဂါရှာ​ဖွေခြင်း(ERCP)တို့ကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ဝမ်းအရောင်ဖြူဖျော့ခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော ရောဂါအကြောင်းရင်းပေါ် မူတည်၍ ဆေးဝါးများဖြင့် ကုသခြင်း (သို့မဟုတ်) ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရနိုင်သည်။

References:

  1. What are the causes of pale stool, and what does it mean? (2023). Retrieved June 17, 2024, from https://www.medicalnewstoday.com/articles/324582#causes
  2. White stool: Should I be concerned? (2023). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/white-stool/expert-answers/faq-20058216#:~:text=A%20lack%20of%20bile%20causes,intestine%20during%20the%20digestive%20process

Published: 30 August 2024

Share

Category

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.