ကျန်းမာသော လူတစ်ယောက်၏ တစ်နေ့တာ သွားထားသောဆီးတွင် အသားဓာတ်ပါဝင်မှုသည် (၁၅၀)မီလီဂရမ်အောက်တွင်သာ ရှိသည်။ အကယ်၍ အခြေအနေတစ်ခုခု၊ ရောဂါတစ်ခုခုကြောင့် ဆီးထဲတွင် အသားဓာတ် (albumin)ပါဝင်မှု များလာလျှင် သွားသောဆီးထဲတွင် အမြှုပ်ပါဝင်မှု များလာသည်။ ရံဖန်ရံခါ ဆီးထဲအမြှုပ်ပါခြင်းသည် ကြောက်လန့်စရာမလိုပါ။ နေ့စဉ်ရက်ဆက် ဆီးအမြှုပ်ပါလာခြင်း၊ ပါဝင်မှုပို၍များလာခြင်းဖြစ်မှသာ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျောက်ကပ်သည် ပုံမှန်အားဖြင့် အသားဓာတ်များကို ဆီးထဲသို့မပါစေရန် ထိန်းသိမ်းပေးသည်။ ကျောက်ကပ်ရောဂါများ ဖြစ်ပွါးလာလျှင် အဆိုပါအသားဓာတ်ထိန်းသိမ်းမှု လျော့နည်းလာပြီး ဆီးတွင်းအသားဓာတ်များလာသည်။
တစ်ခါတစ်ရံ ရေဓာတ်ခမ်းခြောက်နေသည့်အခါတွင်လည်း ဆီးပျစ်လာပြီး အမြှုပ်များပါလာနိုင်သည်။ ဆီးထဲတွင် အသားဓာတ် ပုံမှန်ထက်များနိုင်သော ရောဂါအခြေအနေများမှာ –
- ကျောက်ကပ်ရောင်ခြင်း၊
- နာတာရှည်ကျောက်ကပ်ရောဂါ
- ဆီးပိုးဝင်ခြင်း
- သုက်လွှတ်ချိန်တွင် သုက်ရည်များ ဆီးအိမ်ထဲ ဆန်တက်ခြင်း (retrograde ejaculation)
- ကိုယ်ဝန်ဆိပ်တက်ခြင်း
- ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ခြင်း စသည်တို့ ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ဆီးထဲအမြှုပ်ပါလျှင် အကြောင်းရင်းပေါ်မူတည်၍ ရောဂါလက္ခဏာအမျိုးမျိုး ယှဥ်တွဲ၍ တွေ့ရနိုင်သည်။
ဥပမာ –
- ဆီးပိုးဝင်ခြင်း – ဆီးပူ၊ ဆီးကျဉ်၊ ဆီးခဏခဏသွားခြင်း
- ဆီးချိုရောဂါ – ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ နုံးခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါ – ပျို့ခြင်း၊ ယားယံခြင်း၊ မောခြင်း၊ နုံးခြင်း၊ ဖောရောင်ခြင်း
- ကျောက်ကပ်ရောင်ခြင်း – ဆီးနည်းခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ဆီးအရောင် ပြောင်းခြင်း၊ သွေးတိုးခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဖောရောင်ခြင်း
- အမျိုးသားများတွင် သုက်ရည်မထွက်ခြင်း၊ ကလေးရရန် ခက်ခဲခြင်း။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
ဆီးထဲတွင် နေ့စဉ်ဆက်တိုက် အမြှုပ်ပါခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထို့အပြင် အောက်ပါရောဂါအခံ (သို့မဟုတ်) အခြေအနေရှိသူများအနေနှင့် ဆီးထဲအမြှုပ်ပါလာပါက မိသားစုဆရာဝန်နှင့် ဆောလျင်စွာ တိုင်ပင်သင့်သည်။
- ဆီးချိုရောဂါ
- သွေးတိုးရောဂါ
- မိသားစုတွင် ကျောက်ကပ်ရောဂါ ဖြစ်ဖူးခြင်း
- မိမိတွင် ယခင်က ကျောက်ကပ်ရောဂါ ဖြစ်ဖူးခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါလက္ခဏာများကို အသေးစိတ် မေးမြန်းစမ်းသပ်ပြီး လိုအပ်ပါက သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဆီးချိုစစ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်မည်။
ကုသခြင်း
ရောဂါအကြောင်းရင်းပေါ် မူတည်၍ ဆရာဝန်မှ လိုအပ်သော ကုသမှုများ ပေးလိမ့်မည် (ဥပမာ – ဆီးပိုးဝင်လျှင် ပိုးသတ်ဆေးပေးခြင်း)။
ကာကွယ်ခြင်း
ဆီးအမြှုပ်ထခြင်းကို သီးသန့် မကာကွယ်နိုင်ပါ။ သို့သော် ဆီးထဲ အသားဓာတ်ပါခြင်း၊ ဆီးအမြှုပ်ထခြင်းကို ဖြစ်စေသော အထက်ပါ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက စောစီးစွာ ပြသကုသမှု ခံယူရန် အရေးကြီးသည်။ ကျန်းမာရေး စစ်ဆေးမှုများကို မှန်မှန်ပြုလုပ်သင့်သည်။
References:
- Foamy urine: What does it mean? (2023). Mayo Clinic. Retrieved June 14, 2024, from https://www.mayoclinic.org/foamy-urine/expert-answers/faq-20057871#:~:text=This%20can%20be%20a%20sign,have%20a%20serious%20kidney%20problem.
- Dandona, L., & Dandona, R. (2019). Health and economic burden of high blood pressure: A global perspective. Retrieved June 14, 2024, from https://www.ncbi.nlm.nih.gov/pmc/articles/PMC6832055/
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.