ကပ်ပယ်အိတ်အတွင်း၌ ကျားဟော်မုန်းနှင့် သုက်ပိုးများကိုထုတ်ပေးသည့် ဝှေးစေ့ နှင့် အခြားမျိုးပွား အင်္ဂါအစိတ်အပိုင်းများ ရှိသည်။ ကပ်ပယ်အိတ်အရွယ် ပုံမှန်ထက်ကြီးခြင်း အကြောင်းရင်းများတွင် ထိခိုက်မိခြင်း၊ အရည်အိတ်တည်ခြင်းမှသည် ဝှေးစေ့ကင်ဆာအထိ ဖြစ်နိုင်သောကြောင့် ကပ်ပယ်အိတ်ကြီးနေသည်ဟု သတိပြုမိလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကပ်ပယ်အိတ်အတွင်း အရည်စုခြင်း၊ မူမမှန် အကျိတ်တည်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းတို့ကြောင့် ကပ်ပယ်အိတ်ကြီးနိုင်သည်။ ကပ်ပယ်အိတ်ရှိ ဝှေးစေ့နှင့် သုက်စုဆောင်းပြွန်များတွင် ဖြစ်ပွားသော အောက်ပါရောဂါအခြေအနေများကြောင့် ကပ်ပယ်အိတ်ကြီးနေနိုင်သည်။
- ဝှေးစေ့ကင်ဆာ (Testicular tumour)
- ဝှေးစေ့တွင် သာမန်အကျိတ်တည်ခြင်း
- ဝှေးစေ့နှင့် သုက်စုဆောင်းပြွန် ရောင်ရမ်းခြင်း (ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများကြောင့်)
- တီဘီရောဂါကြောင့် ဝှေးစေ့နှင့် သုက်စုဆောင်းပြွန် ရောင်ရမ်းခြင်း
- ကပ်ပယ်အိတ်အရေပြား ပိုးဝင်ရောင်ရမ်း၍ ပုပ်ခြင်း
- ထိခိုက်မိခြင်းကြောင့် ကပ်ပယ်အိတ်အတွင်း သွေးခြေဥခြင်း၊ သွေးရည်စုခြင်းနှင့် ဝှေးစေ့တွင်း သွေးခဲတည်ခြင်း
- သုက်စုဆောင်းပြွန် အရည်အိတ်တည်ခြင်း
- ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း
- ပေါင်ခြံမှ အူကျခြင်း
- ရေမုတ်ရောဂါဖြစ်ခြင်း (hydrocoele)
- သုက်ပို့ပြွန် လိမ်ခေါက်ခြင်း
- နှလုံးရောဂါ၊ အသည်းရောဂါစသည့် အခြားရောဂါများကြောင့် ကပ်ပယ်အိတ်ဖောရောင်ခြင်း စသည်တို့ဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ကပ်ပယ်အိတ်ကြီးလာခြင်းနှင့်အတူ တွဲ၍ဖြစ်တတ်သော လက္ခဏာများမှာ
- ကပ်ပယ်အိတ်အတွင်း အကျိတ်စမ်းမိခြင်း
- ရုတ်တရက် နာကျင်ခြင်း
- ပေါင်ခြံတစ်ဝိုက်နှင့် ကျောအောက်ပိုင်း နာကျင်ခြင်း
- ကပ်ပယ်အိတ်တွင် လေးလံသော တစ်စုံတစ်ခု ဆွဲထားသကဲ့သို့ ခံစားရခြင်း
- ကပ်ပယ်အိတ်အရေပြား အရောင်ပြောင်းခြင်း
- ဝှေးစေ့ပိုးဝင်ရောင်ရမ်းပါက ဝှေးစေ့နာကျင်ပြီး မာခဲနေခြင်း
- ဝှေးစေ့သည် နာကျင်ခြင်းမရှိဘဲ ပိုမိုမာလာပြီး တစ်ဖြည်းဖြည်းကြီးလာခြင်း (ဝှေးစေ့ကင်ဆာ၏ လက္ခဏာတစ်ခုဖြစ်သည်။ အကျိတ်အတွင်း သွေးစိမ့်ကာ ရုတ်တရက် နာကျင်တတ်သည်)
- ကပ်ပယ်အိတ်ပိုးဝင်ပါက ဖျားခြင်း၊ ဆီး မကြာခဏသွားခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ပြည်ပါခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထိခိုက်မိခြင်းမရှိဘဲ ပြင်းထန်စွာနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ကပ်ပယ်အိတ်ကြီး၍ ဖျားခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊ သုက်ရည်ထဲ သွေးပါခြင်း စသည်တို့ ဖြစ်ပွားပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။
ကလေးများတွင် ကပ်ပယ်အိတ်အတွင်း မူမမှန်အလုံးအကျိတ်စမ်းမိပါက သို့မဟုတ် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့မရှိပါက ကလေးအထူးကုဆရာဝန်နှင့် မဖြစ်မနေ ပြသတိုင်ပင်ရမည်။
ရောဂါရှာဖွေခြင်း
စမ်းသပ်စစ်ဆေးမှု – လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် ကပ်ပယ်အိတ်၊ ပေါင်ခြံ စသည့်နေရာများကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်သည်။
သွေးနှင့်ဆီးစစ်ဆေးမှု – ဆီးပိုးဝင်ခြင်း လက္ခဏာများနှင့် ဆီးအတွင်း သွေး (သို့မဟုတ်) ပြည်ပါခြင်း လက္ခဏာများကို စစ်ဆေးနိုင်သည်။ သွေးစစ်ဆေးခြင်းဖြင့် ပိုးဝင်ခြင်းလက္ခဏာများနှင့် ဝှေးစေ့ကင်ဆာတွင် တွေ့ရှိရသော ဓာတ်များကို စစ်ဆေးသိရှိနိုင်သည်။
အာထရာဆောင်းရိုက်စစ်ဆေးမှု – ကပ်ပယ်အိတ်အာထရာဆောင်းရိုက်ခြင်းဖြင့် အရည်အိတ်၊ သာမန်အကျိတ်၊ ကင်ဆာအကျိတ် (သို့မဟုတ်) ပိုးဝင်ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းတို့ကို သိရှိနိုင်သည်။ ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် ရေမုတ် (သို့မဟုတ်) ကပ်ပယ်အိတ်ရောင်စေသည့် ရေဖျဥ်းစွဲခြင်းနှင့် ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းဖြစ်စေတတ်သည့် ကျောက်ကပ်အကျိတ် စသည်တို့ကို သိရှိနိုင်သည်။
ကွန်ပြူတာဓာတ်မှန် ရိုက်ခြင်း – ဝှေးစေ့ကင်ဆာ ဖြစ်ပါက ကင်ဆာအဆင့် သိရှိနိုင်ရန် အသုံးပြုသည်။
ကုသခြင်း
ကပ်ပယ်အိတ်ကြီးခြင်းကို ကုသရာတွင် ဖြစ်ပွားသည့်အကြောင်းရင်းကို ရှာဖွေကုသခြင်း ဖြစ်သည်။
ဘက်တီးရီးယားပိုး ကူးစက်ရောင်ရမ်းခြင်းကြောင့်ဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသပြီး ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်ပါက အနာပျောက်ဆေး သောက်ခြင်း၊ ရေခဲကပ်ခြင်းဖြင့် စောင့်ကြည့်ကုသသည်။
သာမန်အလုံးအကျိတ်များကို နာကျင်သည့်အခါ သို့မဟုတ် ပိုးဝင်သည့်အခါ သို့မဟုတ် ကလေးမရနိုင်ခြင်းအန္တရာယ် ဖြစ်နိုင်သည့်အခါတွင် ခွဲစိတ်ကုသမှု ပြုလုပ်သည်။
ဝှေးစေ့ကင်ဆာတွင် ကင်ဆာအဆင့်ပေါ် မူတည်၍ ခွဲစိတ်ဆရာဝန်၊ ကင်ဆာအထူးကုဆရာဝန်ဖြင့် တိုင်ပင်ကုသရန် လိုအပ်သည်။ အကျိတ်တည်နေသော ဝှေးစေ့ကို ခွဲစိတ်ဖြတ်ထုတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပြခြင်းတို့ဖြင့် ကုသသည်။
ခွဲစိတ်ကုထုံးသည် ဝှေးစေ့ကင်ဆာ၏ အဓိကကုထုံးဖြစ်ပြီး အကျိတ်တည်နေသော ဝှေးစေ့နှင့် သုက်ပို့ပြွန်ကို ပေါင်ခြံတွင် ခွဲကြောင်းရာပေး၍ ခွဲစိတ်ထုတ်ခြင်းဖြစ်သည်။ အကယ်၍ ကင်ဆာအကျိတ်သည် ဝမ်းဗိုက်အတွင်းသို့ ပျံ့နှံ့နေလျှင် ထိုအကျိတ်များကိုပါ ခွဲစိတ်ဖယ်ရှားသည်။ ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာအကျိတ် ပြန်မတည်နိုင်စေရန် ရည်ရွယ်သည်။ ပေါင်ခြံ ပြန်ရည်ကြောအကျိတ်များသို့ ကင်ဆာဆဲလ် များ ပျံ့နှံ့ရောက်ရှိပါက ထိုပြန်ရည်ကြောအကျိတ်များကို ဓာတ်ရောင်ခြည်ပြကုသရန် လိုအပ်သည်။
ဝှေးစေ့ကင်ဆာများသည် စောစောသိ၊ စောစောကုသပါက လုံးဝပျောက်ကင်းနိုင်ပြီး အခြားနေရာများသို့ ကင်ဆာပျံ့နှံ့နေလျှင်ပင် ပျောက်ကင်းနိုင်ခြေရှိသည်။ ကုသမှုပြီးသည့်အခါ အကျိတ်ပြန်တည်ပါက သိရှိနိုင်ရန် ရက်ချိန်း ပုံမှန်ပြသစစ်ဆေးရန် အရေးကြီးသည်။
ဝှေးစေ့ကို မိမိဘာသာ ပုံမှန် စမ်းသပ်ခြင်း
မိမိဝှေးစေ့တွင် ပြောင်းလဲမှု၊ အကျိတ်တည်ခြင်းများ ဖြစ်ခဲ့လျှင် စောစီးစွာ သိရှိနိုင်ရန် ပုံမှန် စမ်းသပ်သင့်သည်။ ပြုလုပ်ရမည့် အဆင့်များမှာ –
- တစ်လလျှင် တစ်ကြိမ် ပုံမှန် စမ်းသပ်ပါ။ မိသားစုထဲတွင် ဝှေးစေ့ကင်ဆာ ဖြစ်သူရှိပါက ပိုမို ဂရုပြုသင့်သည်။
- ရေနွေးသည် ကပ်ပယ်အိတ်အရေပြားများ ပျော့ပျောင်းစေသောကြောင့် ရေနွေးဖြင့် ရေချိုးပြီး စမ်းသပ်လျှင် ပိုမိုသင့်တော်သည်။
- ကြည့်မှန်ရှေ့တွင် မတ်တပ်ရပ်ပြီး ကပ်ပယ်အိတ်အရေပြားတွင် အလုံးအကျိတ်များ ရှိမရှိ ကြည့်ပါ။
- လက်ဖဝါးခွက်ဖြင့် ကပ်ပယ်အိတ် တစ်ဖက်ကို စမ်းပါ။ ကျန်တစ်ဖက်နှင့် ကွာခြားမှု ရှိမရှိ စမ်းသပ်ပါ။
- ထို့နောက် လက်ညိုးနှင့် လက်ခလယ်ကို ဝှေးစေ့အောက်ဘက်၊ လက်မကို ဝှေးစေ့အပေါ်ဘက်တွင် ထားကာ ဝှေးစေ့တစ်လုံးချင်းစီကို လက် (၂) ဖက်ဖြင့် အလုံးအကျိတ် ရှိမရှိ စမ်းသပ်ပါ။ ပုံမှန်အခြေအနေတွင် ဝှေးစေ့တစ်လုံးသည် အခြားတစ်လုံးထက် အနည်းငယ် ကြီးနေနိုင်သည်။
- ထို့နောက် ဝှေးစေ့အနောက်ဘက်တွင် ကွေးလျက် တည်ရှိသော သုက်ပို့ပြွန်ကို စမ်းသပ်ပါ။
- မသင်္ကာဖွယ် အလုံးအကျိတ်နှင့် ပြောင်းလဲမှုများ စမ်းမိပါက ဆရာဝန်နှင့် စောစီးစွာ ပြသပါ။
References:
- Professional, C. C. M. (2024). Swollen Testicles (Scrotal Swelling). Cleveland Clinic. Retrieved June 11, 2024, from https://my.clevelandclinic.org/health/symptoms/22518-swollen-testicles-scrotal-swelling
- Hydrocele – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 11, 2024, from https://www.mayoclinic.org/diseases-conditions/hydrocele/symptoms-causes/syc-20363969#:~:text=Overview,Hydroceles%20are%20common%20in%20newborns.
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.