Fatigue (အားအင်နုံးချည့်ခြင်း)

Fatigue (အားအင်နုံးချည့်ခြင်း)

လူတိုင်းနီးပါး နုံးချည့်ခြင်းကို ခံစားရဖူးသည်။ သာမန် နုံးချည့်ခြင်းသည် အိပ်စက်ခြင်း၊ အနားယူခြင်းတို့ ကြောင့် ပြန်လည် လန်းဆန်းလာသည်။ ထိုကဲ့သို့ မသက်သာသည့်အခါ ဆေးခန်းသို့ သွားရောက် ဆွေးနွေးပြသရသည်။ နုံးချည့်ခြင်းသည် ဆေးခန်းများသို့ လာ‌ရောက်ပြသမှုအများဆုံးသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အားမရှိနုံးချည့်ခြင်းဖြစ်ရသည့် အကြောင်းများစွာရှိသည်။ အဖြစ်များ‌သော အကြောင်းများမှာ –

  1. လူနေမှုပုံစံနှင့် အမူအကျင့်လွဲမှားခြင်း
    • အစားအသောက် အာဟာရ မလုံလောက်၊ ချို့တဲ့ခြင်း
    • ရေသောက်နည်းခြင်း
    • ကော်ဖီ အလွန်အကျွံသောက်ခြင်း
    • အရက် အလွန်အကျွံသောက်ခြင်း
    • မူးယစ်ဆေးဝါးများ သုံးစွဲထားခြင်း
    • စိတ်ဖိစီးမှုများခြင်း
    • ပင်ပန်းလွန်ခြင်း (burnout)
    • ခရီးရှည် လေယာဉ်စီးထားခြင်း
    • အိပ်ရေးပျက်ခြင်း၊ အိပ်ချိန်မမှန်ခြင်း
    • နေ့ဆိုင်း၊ ညဆိုင်း အလှည့်ဆင်းရသည့်အလုပ်များ (ဥပမာ – ရဲ၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ)
    • တကိုယ်တည်းနေထိုင်ရခြင်း
  2. ဆေးများ
    • အိပ်ဆေး
    • စိတ်ငြိမ်ဆေး
    • အတက်ကျဆေး
    • ပဋိဇီဝပိုးသတ်ဆေး
    • နှလုံးငြိမ်ဆေး (ဘီတာပိတ်ဆေး – beta blockers)
    • နှာစေးချောင်းဆိုးပျောက်ဆေး
    • ကင်ဆာရောဂါကုဆေးများ
  3. ရောဂါအခံများ
    • ဖျားနာရောဂါများ (တိုက်ဖွိုက်၊ ငှက်ဖျား၊ အမီးဘားပိုးဝင်ခြင်း)
    • နာတာရှည်ကူးစက်ရောဂါများ (ဥပမာ – တီဘီ၊ အိပ်ချ်အိုင်ဗီ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ကိုဗစ်-၁၉)
    • နှလုံးရောဂါများ (နှလုံးအဆို့ရှင် မကောင်းခြင်း၊ နှလုံးညှစ်အား နည်းခြင်း၊ နှလုံးခုန် မမှန်ခြင်း)
    • အဆုတ်ရောဂါများ (ရင်ကျပ်ပန်းနာရောဂါ၊ အဆုတ်ပွ ပန်းနာရောဂါ)
    • ဟော်မုန်းရောဂါများ (ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ)
    • ကျောက်ကပ်ရောဂါများ (ကျောက်ကပ်အားနည်းခြင်း၊ ကျောက်ကပ်ရောင်ခြင်း)
    • အစာအိမ်၊ အူလမ်းကြောင်းရောဂါများ (အစာနှင့်မတည့်ခြင်း၊ ဂျုံမတည့်သည့် စီးလီးယပ်ရောဂါ၊ နာတာရှည်အူရောင်ရောဂါ)
    • ကင်ဆာရောဂါများ
    • သွေးနီဥအားနည်းခြင်း (သံဓာတ်အားနည်းခြင်း၊ ဗီတာမင် B12 အားနည်းခြင်း)
    • ဗီတာမင် ဒီ ချို့တဲ့ခြင်း
    • ဓာတ်ဆား မမျှတခြင်း (ဆိုဒီယမ်နည်းခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း၊ ကယ်လဆီယမ်နည်းခြင်း)
    • ကိုယ်ခံအားမူမမှန်မှုကြောင့် ဖြစ်လာသောရောဂါများ [အရေပြားလေးဘက်နာ (SLE)၊ ရူးမတွိုက်လေးဘက်နာ (rheumatoid arthritis)၊ အာရုံကြောရောင်ရောဂါ (multiple sclerosis)၊ ကြွက်သားအားနည်းရောဂါ (myasthenia gravis)]
    • အိပ်ပျော်စဉ် အသက်ရှုရပ်တတ်သောရောဂါ (Sleep apnea)
    • အဝလွန်ခြင်း
    • အဆစ်အမြစ်များ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
    • နာတာရှည် အားကုန်နုံးချည့်ခြင်း ရောဂါစု (Chronic fatigue syndrome)
    • ကြွက်သားနာကျင်ရောဂါ (Fibromyalgia)
  4. စိတ်ပိုင်းဆိုင်ရာ ရောဂါများ
    • စိတ်ကျရောဂါ
    • စိုးရိမ်သောကလွန်ကဲခြင်းရောဂါ
    • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD)
    • ကိုယ်အလေးချိန် ထိန်းချုပ်ချင်စိတ်လွန်ကဲရောဂါ (eating disorder)
    • တစ်ခုခု ဆုံးရှုံးခြင်းကြောင့် ဝမ်းနည်းနေခြင်း (Grief reaction)

ယှဉ်တွဲလာတတ်သောလက္ခဏာများ

နုံးချည့်ခြင်းကို “အားကုန်သည်”၊ “အားမရှိ”၊ “ခြေကုန်လက်ပမ်းကျသည်”၊ “ခြေလက်များ မသယ်နိုင်”၊ “လေးလံနေသည်”၊ “မလန်းဆန်း” စသဖြင့် စကားလုံးအမျိုးမျိုးသုံးပြီး ဖော်ပြကြသည်။ ကြွက်သားများ ညောင်းခြင်း၊ အိပ်ရေးမဝခြင်း၊ မောခြင်းတို့နှင့် ရောထွေးဖော်ပြတတ်သည်။

အားမရှိနုံးချည့်ကြသည့် လူနာများတွင် အောက်ဖော်ပြပါလက္ခဏာများပါ တွဲ၍ခံစားရလေ့ရှိသည်။

  • သာမန်လုပ်နေကြအလုပ်ကို မလုပ်မကိုင်နိုင်ဖြစ်ခြင်း
  • တကိုယ်လုံးညောင်းနေခြင်း
  • ခေါင်းအုံ ခေါင်းလေးခြင်း၊ ခေါင်းမကြည်ခြင်း
  • အာရုံမစူးစိုက်နိုင်ခြင်း၊ အတွေးအမြင်အသစ်များ မရခြင်း
  • လေးပင်နေခြင်း၊ ပျင်းရိနေခြင်း
  • စိတ်ထဲလေးလံခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း

သတိထားသင့်သော လက္ခဏာများ

အားမရှိနုံးချည့်သည့် လူနာသည် အောက်ပါလက္ခဏာများ တွဲတွေ့ရလျှင် အရေးကြီးသည်။

  • ရေအလွန်ငတ်ခြင်း၊ ဆီးသွားများခြင်း၊ ကိုယ်အလေးချိန်ကျခြင်း – ဆီးချိုသွေးချိုဖြစ်ခြင်းကို ရည်ညွှန်းသည်။
  • ဖြူဖျော့ဖျော့ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်း၊ ရင်တုန်ခြင်း၊ ဆံပင်နှင့် လက်သည်းများ ခြောက်သွေ့ခြင်း _ သံဓာတ်နည်းသည့် သွေးအားနည်းရောဂါကို ရည်ညွှန်းသည်။
  • ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း – ကင်ဆာ (သို့မဟုတ်) နာတာရှည် ကူးစက်ရောဂါကို ရည်ညွှန်းသည်။
  • ကိုယ်အလေးချိန်ကျခြင်း၊ ခံတွင်းကောင်းပြီး အစာစားများခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ရင်တုန်ခြင်း – သိုင်းရွိုက်ဟော်မုန်းများခြင်းကို ရည်ညွှန်းသည်။
  • ညဘက်အိပ်လျှင် ဟောက်ခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ နေ့လည်နေ့ခင်း အိပ်ငိုက်ခြင်း – အိပ်လျှင် အသက်ရှူရပ်သည့်ရောဂါကို ရည်ညွှန်းသည်။
  • စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိခြင်း၊ အရာရာအဆိုးမြင်ခြင်း – စိတ်ကျရောဂါကို ရည်ညွှန်းသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအချက်များဖြစ်လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူသင့်သည်။

  • အားမရှိနုံးချည့်ခြင်း၏ အကြောင်းရင်းကို မိမိဘာသာစဉ်းစား၍ မရနိုင်သည့်အခါ
  • ကိုယ်အလေးချိန် ကျလာသည့်အခါ
  • ကိုယ်အပူချိန် တက်နေသည့်အခါ
  • အိပ်ရခက်သည့်အခါ
  • စိတ်ကျသည်ဟု ခံစားရသည့်အခါ

အောက်ပါအချက်များဖြစ်လာပါက ဆေးရုံဆေးခန်း အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရန် လိုသည်။

  • ဝမ်းသွားစဉ် သွေးပါခြင်း
  • သွေးအန်ခြင်း
  • ခေါင်းအလွန်အမင်းကိုက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မူးလဲသွားခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • အမောဖောက်နေခြင်း
  • ဗိုက်၊ ကျော၊ ဆီးစပ်နေရာတွင် အလွန်အမင်းကိုက်ခဲခြင်း
  • မိမိကိုယ်ကို ဖြစ်စေ၊ အခြားသူကို ဖြစ်စေ ထိခိုက်စေရန် ကြံစည်မိနေခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါလက္ခဏာများနှင့် လူနာ၏ လူနေမှုပုံစံ၊ အလေ့အကျင့်၊ အလုပ်အကိုင်၊ ဝါသနာ စသည်တို့ကို မေးမြန်းလိမ့်မည်။ လူနာတွင် မူလရောဂါအခံတစ်ခုခု ရှိမရှိ စမ်းသပ်လိမ့်မည်။ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်နှင့် အာထရာဆောင်းရိုက်ခြင်းတို့ကို လိုအပ်သလို ညွှန်ကြားမည်။

ကုသခြင်း

လတ်တလော အားမရှိနုံးချည့်ခြင်းသည် လူမှုနေထိုင်မှုပုံစံ ပြောင်းလဲမှုများကြောင့် အဖြစ်များသည်။ ဆရာဝန်မှ ဖြစ်စေနိုင်သည့်အကြောင်းရင်းကို ရှာဖွေပြီး ပြုပြင်နေထိုင်နိုင်ရန် အကြံပေးလိမ့်မည်။ အားမရှိ၍ အကြောအားဆေးသွင်းခြင်းသည် မှန်ကန်သောကုသမှု၊ အဖြေမဟုတ်ပါ။ အားမရှိခြင်းဖြစ်စေသည့် အကြောင်းရင်းကို ကုသခြင်း မဟုတ်ပါ။

ရက်ရှည်ကြာအောင် အားမရှိနုံးချည့်ခြင်းဖြစ်လာပါက ဆရာဝန်မှ ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေပြီး ကုသလိမ့်မည်။ အားဆေး သောက်ဆေး အများစုသည် ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်ပြီး အာဟာရမျှတစွာ စားသောက်ပါက အဆိုပါဆေးများကို သောက်ရန် မလိုအပ်ပါ။ အဆိုပါဆေးများသည်လည်း အားမရှိနုံးချည့်ခြင်းကို ကုသသည့်ဆေးများ မဟုတ်ပါ။

စိတ်ပိုင်းဆိုင်ရာကြောင့် အားမရှိနုံးချည့်ရသည်ကို ဆရာဝန်မှတွေ့ရှိပါက စိတ်ကျန်းမာရေး အထူးကုဆရာဝန် (သို့မဟုတ်) စိတ်ကျန်းမာရေးဆွေးနွေးပေးသည့် ကျွမ်းကျင်ပညာရှင်ထံ ညွှန်းပို့လိမ့်မည်။

ကာကွယ်ခြင်း

အားမရှိ နုံးချည့်ခြင်းကို မဖြစ်စေရန်အတွက် လုပ်ဆောင်သင့်သည်များမှာ –

  • အစာအာဟာရမျှတအောင်စားသုံးခြင်း
  • ရေများများသောက်ခြင်း
  • အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း
  • အလုပ်လုပ်ပြီးချိန်တွင် အနားယူခြင်း
  • လေ့ကျင့်ခန်းလုပ်ခြင်း
  • စိတ်ဖိစီးမှုများလျှော့ချခြင်း
  • ဖုန်း၊ အင်တာနက် အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ခြင်း
  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများရှောင်ကြဉ်ခြင်း တို့ဖြစ်သည်။

Share

Category

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.