ကိုယ်အလေးချိန်ကျခြင်း ဆိုသည်မှာ ပိန်ချင်သည့်ဆန္ဒဖြင့် ကိုယ်အလေးချိန်ချရန် ကြိုးစားနေခြင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျသွားခြင်းဖြစ်သည်။ အချိန် ခြောက်လ မှ တစ်နှစ်အတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်နှင့်အထက် လျော့ကျခြင်း သို့မဟုတ် မိမိ ပုံမှန်ကိုယ်အလေးချိန်၏ (၅) ရာခိုင်နှုန်းနှင့်အထက် လျော့ကျခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့ ကိုယ်အလေးချိန်ကျခြင်းမှာ ပြင်းထန်သောအခြေခံရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ ဖြစ်ပေါ်စေသောအကြောင်းရင်းကို ရှာဖွေကုသရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်ရသောအကြောင်းရင်းများတွင် သာမန်အခြေအနေမှသည် အလွန်ပြင်းထန်သောအခြေအနေထိ ပါဝင်နိုင်သည်။
- ကင်ဆာရောဂါများ
- ဟော်မုန်းဆိုင်ရာရောဂါများ – သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အပေါ်ပိုင်းရှိ ဂလင်းမှ ဟော်မုန်း အထုတ်နည်းသော အက်ဒီဆင်ရောဂါ
- ဦးနှောက်အာရုံကြောရောဂါများ – လေဖြတ်ထားသူများ၊ အာရုံကြောရောဂါရှိသူများ၊ ပါကင်ဆန်ရောဂါ
- စိတ်ပိုင်းဆိုင်ရာရောဂါများ – စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ မှတ်ဥာဏ်မေ့လျော့ရောဂါ (dementia)
- အချို့သောဆေးများ (အချို့သော ဆီးချိုဆေးများ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုဆေးများ၊ ကင်ဆာဆေးများ)
- သွားနှင့် ခံတွင်း ပြဿနာများ
- အစာအိမ် အူလမ်းကြောင်းရောဂါများ – အစာမျိုရခက်ခဲခြင်း၊ အစာအိမ်နာ၊ ပန်ကရိယရောင်ခြင်း၊ အူရောင်ရောဂါများ
- နာတာရှည်ရောဂါ အခံရှိခြင်း (နှလုံးလုပ်ငန်း ပျက်စီးခြင်း၊ နာတာရှည် အဆုတ်ပွပန်းနာရောဂါ)
- ပိုးဝင်ခြင်းများ – အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီရောဂါ
- အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းအစရှိသည့် အခြေအနေများတွင် ကိုယ်အလေးချိန် သိသိသာသာလျော့ကျနိုင်သည်။
ဆေးရုံ ၊ ဆေးခန်း ပြသရန်
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ကို ရှာဖွေပြီး အချိန်မီကုသမှု ခံယူရန် လွန်စွာအရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ကိုယ်အလေးချိန်ကျခြင်း အကြောင်းရင်းကို ရှာဖွေရန် ခံစားနေရသော ရောဂါလက္ခဏာများနှင့် ရောဂါအခံများ၊ လက်ရှိသောက်နေသောဆေးများအပါအဝင် ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အထွေထွေ စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ထိုသို့ စမ်းသပ်ရာတွင် ခံတွင်းနှင့် သွားများကို ကြည့်ရှုစစ်ဆေးခြင်း၊ သိုင်းရွိုက်ဂလင်းကို စစ်ဆေးခြင်း၊ လည်ပင်း၊ ဂျိုင်းကြားနှင့် ပေါင်ခြံတို့တွင် အကျိတ်များရှာဖွေခြင်းတို့အပြင် အကြောင်းရင်းရှာမတွေ့သေးပါက ရင်သားနှစ်ဘက်လုံး စမ်းသပ်ခြင်း၊ စအိုကို လက်ချောင်းဖြင့်စမ်းသပ်ခြင်း စသည်တို့လိုအပ်သည်။
ထို့အပြင် လူနာ၏ရောဂါလက္ခဏာများနှင့် ဆရာဝန်၏ စမ်းသပ်တွေ့ရှိချက်များပေါ် မူတည်၍ လိုအပ်သော သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ဆက်လက်ပြုလုပ်ရသည် (ဥပမာ_သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်း၊ ကျောက်ကပ်နှင့် အသည်းလုပ်ငန်းများ စစ်ဆေးခြင်း၊ သကြားဓာတ် စစ်ဆေးခြင်း၊ ရောင်ရမ်းစေသော ဓာတ်များစစ်ဆေးခြင်း၊ ကယ်လ်ဆီယမ်ဓာတ် စစ်ဆေးခြင်း၊ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးနှင့် အိပ်ချ်အိုင်ဗွီ ပိုးစစ်ဆေးခြင်း၊ ကင်ဆာရောဂါပြ ဓာတ်ပစ္စည်းများ တိုင်းတာခြင်း (tumour markers)၊ ဆီး စစ်ဆေးခြင်း၊ ဝမ်းထဲ သွေးပါဝင်မှု ရှိမရှိ စစ်ဆေးခြင်းနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ပါဝင်နိုင်သည်။
အချို့သောလူနာများတွင် လိုအပ်လျှင် ရင်သားအကျိတ် ရှာဖွေရန် ရင်သားဓါတ်မှန် (မမ်မိုဂရမ် – mammogram)ရိုက်ခြင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ရှာဖွေရန် စစ်ဆေးခြင်း(Pap smear examination)၊ အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များရိုက်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ရောဂါရှာဖွေမတွေ့မချင်း သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများကို လိုအပ်သလို ဆက်၍စစ်ဆေးရသည်။
ကုသခြင်း
ရောဂါကုသရာတွင် ကိုယ်အလေးချိန်ကျခြင်းကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသရမည် ဖြစ်သည်။ ဖြစ်ပေါ်စေသော အကြောင်းအရင်းကို ရှာမတွေ့ပါက သေချာစွာစောင့်ကြည့်ပြီး ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့် စားသောက်နေထိုင်ရမည်။ လိုအပ်လျှင် အာဟာရဆရာဝန်များနှင့် တိုင်ပင်ကုသမှု ခံယူရမည်။
ကာကွယ်ခြင်း
ကိုယ်အလေးချိန်ကျခြင်းကို အတိအကျ ကာကွယ်ရန် နည်းလမ်းများ မရှိသေးပါ။ ပုံမှန်အတိုင်း ကျန်းမာစေရန် နေထိုင်စားသောက်ပြုလုပ်နေလျက်နှင့် အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ စစ်ဆေးကုသမှု ခံယူရန်သည်သာ အရေးကြီးဆုံးဖြစ်သည်။
References:
- Professional, C. C. M. (2024). Unexplained Weight Loss. Cleveland Clinic. Retrieved June 21,2024, from https://my.clevelandclinic.org/health/diseases/17770-unexplained-weight-loss
- Unexplained weight loss. (2022). Mayo Clinic. Retrieved June 21,2024, from https://www.mayoclinic.org/symptoms/unexplained-weight-loss/basics/causes/sym-20050700
- Chapter 15. Weight Loss. (n.d.). McGraw Hill Medical. Retrieved June 21,2024, from https://accessmedicine.mhmedical.com/content.aspx?aid=56851793
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.